Healthy Life Ad
Life Style

ခေါင်းအစ ခြေအဆုံး လှပကျစ်လျစ်စေမည့် အိမ်တွင်းနည်းများ

၊ငွေကြယ်စင်ယံ ၊

ကမ္ဘာတစ်ဝန်းလုံးကလူတွေဟာ ကော်ဖီအရသာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် မနက်တိုင်း ကော်ဖီမှုန့်ကိုနှပ်ပြီး ကော်ဖီသောက်လေ့ရှိပါတယ်။ အဲဒီအခါ ကြွင်းကျန်ခဲ့တဲ့ ကော်ဖီမှုန့်အနှစ်သားတွေပဲဖြစ်ဖြစ်၊ ပုံမှန်ကော်ဖီမှုန့်ပဲဖြစ်ဖြစ် အသုံးပြုတတ်ရင် သင့်ကို ခေါင်းအစ ခြေအဆုံးလှပပြီး သွယ်လျအောင် ကူညီပေးနိုင်ပါတယ်။


ဆဲလူးလိုက်အဆီ

ကော်ဖီမှုန့်ကို ဆားနဲ့ရောပြီး သံလွင်ဆီအစက် အနည်းငယ်ထည့်ပေးပါ။ ပြီးရင် အဆီပိုရှိတဲ့ နေရာပေါ်လိမ်းပြီး စက်ဝိုင်းပုံစံအတိုင်း အပေါ်ဘက်ပင့်တင်ကာ ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ တစ်ပတ်မှာ တစ်ကြိမ်-နှစ်ကြိမ်လောက် ထပ်ခါထပ်ခါလုပ်ပေးရင် အဆီပိုတွေလျော့ကျစေပါတယ်။


ဆံပင်ကျွတ်ခြင်း

ကော်ဖီမှုန့်ထမင်းစားဇွန်းနှစ်ဇွန်းကို သံလွင်ဆီနဲ့ရောမွှေလိုက်ပြီး ရေဆွတ်ထားတဲ့ ဆံပင်သားမှာ သုတ်လိမ်းပေးပါ။ ဆံပင်အရှည်အတိုင်းဖြန့်ပြီး သုတ်လိမ်းပေးကာ မိနစ် ၃၀ အကြာမှာ ရှမ်ပူနဲ့ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်မှာ တစ်ကြိမ်-နှစ်ကြိမ်လောက်လုပ်ပေးရင် ၁၂ ကြိမ်လုပ်ပြီးသွားတဲ့အခါ ဆံပင်ကျွတ်နှုန်းလျော့ကျပြီး ဆံပင်သန်စွမ်းတောက်ပြောင်နေပါလိမ့်မယ်။


မျက်လုံးအိတ်ဖောင်းခြင်း

ကော်ဖီမှုန့် ထမင်းစားဇွန်းတစ်ဝက်ကို အုန်းဆီ၊ ရေအနည်းငယ်နဲ့ရောမွှေထားပါ။ မျက်လုံးအောက်ဘက်ပါမကျန် သုတ်လိမ်းပေးပါ။ ခြောက်သွေ့သွားမှသာ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။


နှုတ်ခမ်းကွဲခြင်း၊ နှုတ်ခမ်းသား ခြောက်သွေ့ခြင်း

ကော်ဖီမှုန့် ထမင်းစားဇွန်းတစ်ဝက်နဲ့ ပျားရည်ထမင်းစားဇွန်းတစ်ဝက်ကိုရောမွှေပြီး နှုတ်ခမ်းသားပေါ်လိမ်းကာ နှိပ်ပေးပါ။ စက္ကန့် ၃၀ အကြာမှ စိုနေတဲ့ဂွမ်းစလေးနဲ့သုတ်ပြီး ဖယ်ရှားလိုက်ပါ။


မျက်နှာပေါ် အမည်းစက်ထင်ခြင်း

ကော်ဖီမှုန့် ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ ဒိန်ခဲကိုဆတူရောပြီး မျက်နှာအသားအရေပေါ် သုတ်လိမ်းကာ အချိန်နှစ်မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးရင် အချိန် ၁၀ မိနစ်လောက်ထားကာ ကြက်သီးနွေးရေနဲ့ ဆေးကြောလိုက်ပါ။ တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။


အဆီပြန်သော အသားအရေရှိခြင်း

ကော်ဖီမှုန့်နဲ့ ဒိန်ချဉ်ထမင်းစားဇွန်းတစ်ဇွန်းရောမွှေပြီး မျက်နှာပေါ်သုတ်လိမ်းပါ။ ပြီးရင် အချိန် ၁-၂ မိနစ်ခန့် နှိပ်နယ်ပေးပါ။ ရေအေးနဲ့ ဆေးချလိုက်ရမှာ ဖြစ်ပါတယ်။


မျက်နှာအသားအရေ နွမ်းနယ်ခြင်း

ကော်ဖီမှုန့် ထမင်းစားဇွန်းတစ်ဇွန်း၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ကြက်ဥအစိမ်းတစ်လုံးတို့ကိုရောမွှေပြီး မျက်နှာပေါ်သုတ်လိမ်းပါ။ အချိန် ၁၅ မိနစ်ကြာမှ ရေအေးနဲ့ဆေးလိုက်ပါ။ တစ်ပတ်မှာ တစ်ကြိမ်-နှစ်ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top