Healthy Life Ad
Child

ကလေးတို့ပါးစပ်ထဲက အဖြူဖတ်တွေက မှက္ခရုလား၊ နို့ပွေးလား

ဒေါက်တာသီရိ (MBBS, MPH, DCH)

နို့ပွေး

နို့ပွေးဆိုတာ ပါးစပ်ထဲကျန်ခဲ့တဲ့ နို့အစအနလေးတွေကြောင့်ဖြစ်တာပါ။ ရေစိုအဝတ်၊ ဂွမ်းလုံးလေးနဲ့ပွတ်ပြီး အလွယ်တကူဖယ်လို့ရပါတယ်။ အစားအသောက်မပျက်တတ်ပါဘူး။ နာကျင်တာမျိုးလည်း မခံစားရပါဘူး။ ပုံမှန်ခံတွင်းသန့်ရှင်းရေး လုပ်ပေးဖို့ပဲလိုပါတယ်။

မှက္ခရု

မှက္ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဖြူဖတ်လေးကိုဖယ်လိုက်ရင် သွေးထွက်တတ်ပါတယ်။ အဖြူဖတ်တွေရဲ့အောက်ခြေမှာ ရောင်နေတတ်တာကြောင့် (တစ်ခါတစ်ရံ) လျှာ/ခံတွင်းနာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ နို့မစို့နိုင်ခြင်းတို့ဖြစ်နိုင်ပါတယ်။

တစ်လအောက်ကလေးတွေမှာအဖြစ်များပြီး မီးဖွားချိန်မှာ အမေရဲ့မွေးလမ်းကြောင်းမှာ Candida မှိုရှိနေရင် ကလေးဆီကို ကူးတတ်ပါတယ်။ မသန့်ရှင်းတဲ့အရုပ်၊ ချိုလိမ်တွေကို ပါးစပ်ထဲထည့်တာကြောင့်လည်း ကူးနိုင်ပါတယ်။

ရောဂါကူးစက်ပုံ

Candida က လူတွေရဲ့အရေပြား အစာအိမ်အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ မျိုးပွားလမ်းကြောင်းတွေမှာ ရောဂါလက္ခဏာမပြဘဲ သဘာဝအတိုင်းရှိနေတတ်ပါတယ်။ အောက်ပါအခြေအနေတွေမှာ ရောဂါကူးစက်နိုင်ပါတယ်။

တစ်လအောက်ကလေးတွေမှာ အဖြစ်များပြီး မီးဖွားချိန်မှာ အမေရဲ့မွေးလမ်းကြောင်းမှာ Candida မှိုရှိနေရင် ကလေးဆီကို ကူးတတ်ပါတယ်။ မသန့်ရှင်းတဲ့အရုပ်၊ ချိုလိမ်တွေကို ပါးစပ်ထဲထည့်တာကြောင့်လည်း ကူးနိုင်ပါတယ်။ နို့တိုက်မိခင်ရဲ့နို့သီးခေါင်းမှာဖြစ်ပွားနေတဲ့ candida မှိုမှ ကလေးငယ်ရဲ့ပါးစပ်တွင်းသို့လည်းကောင်း၊ ကလေးရဲ့ပါးစပ်တွင်းရှိ candida မှိုမှ မိခင်ရဲ့နို့သီးခေါင်းသို့လည်းကောင်း အပြန်အလှန်ကူးနိုင်ပါတယ်။

ခုခံစွမ်းအားစနစ်ကျနေတဲ့ အခြေအနေမျိုး (ဥပမာ ဆီးချိုရောဂါ၊ HIV/ AIDS ရောဂါ)မှာ ရောဂါလက္ခဏာတွေ ပေါ်လာတတ်သလို အသက်ခြောက်လအောက်ကလေးတွေမှာ ခုခံစွမ်းအားစနစ် အပြည့်အဝမဖွံဖြိုးသေးတာကြောင့် ရောဂါဖြစ်ပွားလွယ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေကလည်း လူကိုကောင်းကျိုးပေးတဲ့ ပိုးတွေကိုပါသေစေပြီး Candida မှိုစွဲတာကို အားပေးပါတယ်။ (အဲဒါကြောင့် မလိုအပ်ဘဲပိုးသတ်ဆေးတိုက်တဲ့ အကျင့်မလုပ်သင့်ပါဘူး)

ဘယ်အချိန် ဆရာဝန်ဆီသွားပြမလဲ

သင့်ကလေးမှာ အောက်ပါအခြေအနေတွေဖြစ်ပေါ်နေရင် ဆရာဝန်နဲ့ပြပါ။ ပါးစပ်တွင်း အဖြူဖတ်များဖြစ်နေခြင်း၊ အကြောင်းမရှိဘဲ အဖျားရှိနေခြင်း၊ ကလေးမလန်းခြင်း၊ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပေမယ့်လည်း ရောဂါမကြာခဏပြန်လည်ဖြစ်ပွားခြင်း။

ကုသခြင်း

Nystatin လို့ခေါ်တဲ့ မှိုသတ်အစက်ချဆေး gel ကို ကလေးရဲ့ပါးစပ်တွင်းသို့ အစာစားပြီးတိုင်း ဆယ်ရက်သုံးဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ တကယ်လို့ ကလေးတင်ပါးမှာ nappy rash လို့ခေါ်တဲ့ အနီပြင်တွေဖြစ်နေရင် တစ်ပြိုင်တည်းကုသရပါမယ်။ မှက္ခရုပေါက်နေစဉ် မိခင်နို့တိုက်နိုင်ပါတယ်။ ဆရာဝန်က နို့သီးခေါင်းကိုလိမ်းဖို့ မှိုသတ်ဆေးပေးပါလိမ့်မယ်။ ဒါပေမဲ့ နို့တိုက်ခါနီးမှာ နို့သီးခေါင်းကို ပြန်လည်သန့်စင်ဖို့မမေ့ပါနဲ့နော်။

ကာကွယ်ခြင်း

ချိုလိမ်၊ နို့ဘူးတွေကိုအသုံးပြုပြီးတိုင်း သေချာစွာဆေးကြောပါ။

(Sources: Royal children hospital, Melbourne. Australia Child Health Info Raising Child Network, Australia. Oral health in babies and children Factsheet)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top