Healthy Life Ad
Life Style

မေတ္တာပေါင်းကူးတံတား

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက ပဋိပက္ခတစ်ခုဖြစ်ပြီး စိတ်ဝမ်းကွဲနေတဲ့ ညီအစ်ကိုနှစ်ယောက်ရှိခဲ့တယ်။ သူတို့ဟာ လယ်ကွင်းတစ်ခုရဲ့ တစ်ဖက်တစ်ချက်စီမှာ နေထိုင်ရင်း နှစ်အတန်ကြာစကားမပြောခဲ့ကြဘူး။ သူတို့ဟာ အချိတ်အဆက်မလုပ်ဘဲ လယ်ကွင်းတစ်ခြမ်းစီမှာအလုပ်လုပ်နေခဲ့ကြတယ်။ နားလည်မှုအသေး အမွှားလေးတစ်ခုကနေ ကြီးထွားလာတဲ့ ပြဿနာကြောင့် နောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် အခေါ်အပြောတောင် မလုပ်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြတယ်။

တစ်နေ့မနက်မှာတော့ အစ်ကိုကြီးရဲ့တံခါးကို လူတစ်ယောက်လာခေါက်ခဲ့တယ်။ သူ တံခါးဖွင့်လိုက်တော့ လက်သမားဆရာတစ်ယောက်။
“အလုပ်လုပ်ချင်လို့ လာရှာတာပါ၊ ကျွန်တော့်ကို ခိုင်းစရာအလုပ်များ ရှိသလား အစ်ကို”

“အေးရှိတယ်ကွ” အစ်ကိုကြီးက ပြန်ဖြေခဲ့တယ်။
“မင်းအတွက် အလုပ်ရှိတယ်။ ဟိုလယ်ကွင်းမှာရှိတဲ့ အလယ်က မြောင်းကြီးကို ကြည့်စမ်း၊ အဲ ဒီအက်ကြောင်းဘေးက လယ်ကွင်းနဲ့အိမ် ပြောရရင် ငါ့အိမ်နီးနားချင်းဆိုပေမယ့် ငါ့ညီပေါ့ကွာ . .သူနဲ့ အဆက်အသွယ်မလုပ်ဖြစ်တာတော့ ကြာပါပြီ။ ပြီးခဲ့တဲ့ တစ်ပတ်က သူက သူ့လယ်ထဲမှာ ရေစီးအောင် မြောင်းတူးခဲ့တယ်။ အဲဒီမှာ လယ်ကွင်းနှစ်ခုကြား အရမ်းကျယ်တဲ့ မြောင်းကြီးဖြစ်သွားတယ်။ အဲဒါအတွက် ငါအရမ်းစိတ်ဆိုးတယ်၊ ဒီတော့ မင်းလုပ်ပေးရမှာက သူနဲ့ ငါမျက်နှာချင်းမဆိုင်နိုင်အောင် အလယ်ကနေ အရံအတားတစ်ခုလုပ်ပေးစမ်းကွာ”
လက်သမားဆရာက ပြန်ဖြေခဲ့တယ်။

“ကျွန်တော် နားလည်ပါပြီ အစ်ကို၊ ဒီအလုပ်ကို ကျွန်တော်ကျေကျေနပ်နပ် လုပ်ပေးပါ့မယ်”
အစ်ကိုဖြစ်သူက လက်သမားဆရာကိုလိုအပ်တာတွေပေးပြီး အပြင်ထွက်သွားခဲ့တယ်။ လက်သမားဆရာဟာ တစ်နေ့လုံးလယ်ကွင်းထဲမှာအလုပ်လုပ်နေခဲ့တယ်။ ညနေနေဝင်ချိန်လည်းရောက်ရော အစ်ကိုကြီးက လယ်ကွင်းထဲကို သွားကြည့်လိုက်တဲ့အခါ သူ့မျက်ဝန်းတွေ ပြူးကျယ်သွားခဲ့တယ်။

သူ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အရာတစ်ခု၊ အိုမြောင်းကြီးကိုဖြတ်ပြီး လယ်ကွင်းတစ်ဖက်နဲ့ တစ်ဖက်သွားလို့ရမယ့် တံတားကြီးတစ်ခု . . လှပသေသပ်တဲ့ လက်ရမ်းကြီးတွေနဲ့ . . သူ့အံ့အား သင့်နေတုန်းမှာပဲ သူ့ညီက တံတားပေါ်ကနေ သူ့ဆီကို လျှောက်လာခဲ့တယ်။
သူ့ကိုပြုံးပြပြီး သူ့ပခုံးကို ပွေ့ဖက်ခဲ့တယ်။

“အစ်ကိုကြီးက သိပ်ကြင်နာတတ်ပြီး ခွင့်လွှတ်တတ်တာပဲ။ တကယ်တမ်းကျတော့ သွေးဆိုတာ ဘယ်တော့မှ ဖြတ်တောက်လို့ မရဘဲနော် အစ်ကိုကြီး၊ ကျွန်တော့်အပြုအမူအတွက် တကယ်တောင်းပန်ပါတယ် အစ်ကိုကြီးရာ”

အဲဒီအချိန်မှာ အစ်ကိုကြီးက လက်သမားဆရာဘက်လှည့်ပြီး-
“ဒီမှာ ရက်နည်းနည်းလောက်ထပ်နေပါဦး ကိုယ့်လူ၊ မင်းကို နောက်ထပ် အလုပ်အပ်စရာရှိသေးတယ်”လို့ပြောတော့ လက်သမားဆရာက ပြန်ဖြေခဲ့တယ်။
“ကျွန်တော် နေချင်ပါတယ်ဗျာ၊ ဒါပေမဲ့ ကျွန်တော့်မှာ နောက်ထပ်ဆောက်ရမယ့် တံတားတွေ အများကြီးရှိသေးတယ်ဗျ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top