Healthy Life Ad
Life Style

အအေးမိခြင်းနှင့် ကျန်းမာရေး (၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

မိုးမိရင် တုပ်ကွေးဖြစ်မယ်။ မိုးမိရင် နမိုးနီးယား ဖြစ်မယ်။ အဆုတ်ရောင်မယ်။ နေမကောင်းရင်၊ ဖျားရင် ရေမချိုးရဘူး။ စောင်ထူထူခြုံပြီး အိပ်နေရမယ်။ ရေချိုးမှားရင် လေဖြတ်တတ်တယ်။နေမကောင်းရင် လေအေးပေးစက်နဲ့မတည့်ဘူး။ ပိတ်ထားရမယ်။

ဒီလို ‘အအေးမိရင်’ဆိုတဲ့အယူအဆက မှန်သလား၊ မှားသလား။ အအေးလွန်တာနဲ့ ရောဂါဖြစ်သွား တတ်သလား။ ပတ်ဝန်းကျင် အအေးဓာတ်များလွန်း ရင်ဘာတွေဖြစ်တတ်သလဲ။ ဒီအယူအဆတွေက ရှေး လူကြီးတွေရဲ့ အစွဲအလမ်းအယူအဆပဲလား၊ သိပ္ပံပညာနဲ့ရော ရှင်းပြလို့ရနိုင်သလားဆိုတာ လေ့လာမိသမျှကို ဆေးပညာအမြင်နဲ့ သုံးသပ်ကြည့်ကြပါမယ်။အအေးနဲ့ ပတ်သက်လို့ ရာသီဥတု အအေးလွန်တာနဲ့ ကျန်းမာရေး၊ ရေချိုးတာနဲ့ ကျန်းမာရေး၊ အဲယားကွန်းနဲ့ကျန်းမာရေး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဝေဖန်သွားပါမယ်။

အဲယားကွန်း (Air-condition)နှင့် ကျန်းမာရေး
လူနာ ဒေါ်စုစုနိုင်ရဲ့ အခန်းထဲဝင်လိုက်တာနဲ့ မွန်းကျပ်နေသလိုခံစားရပြီး ဆေးကုဖို့ စမ်းသပ် စစ်ဆေးပေးတဲ့ ဆရာဝန်အဖွဲ့တွေတောင် တာရှည်မနေနိုင်ဘဲ အခန်းအပြင်ဘက်ကို မြန်မြန် ပြန်ထွက်လာရပါတယ်။ ပူအိုက်တဲ့ရာသီဥတုမှာ ပြတင်းပေါက်တွေကလည်း အလုံပိတ်ထားတယ်။ ပူတဲ့အခန်းမှာ ဖျားနေတဲ့လူနာက စောင်ခြုံပြီး ချွေးအောင်းနေသလို ဖြစ်နေပါတယ်။ အဲယားကွန်းပျက်နေသလားဆိုတော့ လူနာအအေးပပ်မှာစိုးလို့ အအေးလျှော့ထားတာလို့ သိရပါတယ်။ အဖျားကလည်း ၁၀၂ ဒီဂရီ တက်နေပါတယ်။

အအေးကြောက်ကြတာထုံးစံလို ဖြစ်နေပါတယ်။ ဖျားနေတဲ့လူနာတွေအဖို့ အဖျားတက်ခါစမှာ ချမ်းစိမ့်စိမ့် ဖြစ်တာကို စတင်ခံစားရပါတယ်။သိပ်ဆိုးရင်တစ်ကိုယ်လုံးတုန်တက်လာတတ်ပါတယ်။ (Chills and rigors) ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆီးပိုးဝင်ရင် ချမ်းတုန်ပြီးဖျားတတ်ပါတယ်။ ဒါပေမဲ့ အမြဲချမ်းမနေဘဲ အဖျားတက်ခါစ ချမ်းတဲ့ အဆင့်ကိုကျော်လွန်သွားရင်တော့ပူပြီး အဖျားကြီး လာတတ်ပါတယ်။ဒီအချိန်မှာ အသားတွေ ပူလာပြီး ချွေးထွက်လာပါတယ်။ ဒီလိုလူနာတွေအတွက် အဲယားကွန်းကိုပိတ်ထား၊ လျှော့ထားရမလား၊ ပုံမှန်ဖွင့် ထားသင့်သလားဆိုတာ ဆွေနွေးကြည့်ပါမယ်။

လူနာ ဒေါ်စုစုနိုင်ရဲ့ အခန်းထဲဝင်လိုက်တာနဲ့ မွန်းကျပ်နေသလိုခံစားရပြီး ဆေးကုဖို့ စမ်းသပ်စစ်ဆေးပေးတဲ့ ဆရာဝန်အဖွဲ့တွေတောင် တာရှည်မနေနိုင်ဘဲ အခန်းအပြင်ဘက်ကို မြန်မြန် ပြန်ထွက်လာရပါတယ်။ ပူအိုက်တဲ့ရာသီဥတုမှာ ပြတင်းပေါက်တွေကလည်း အလုံပိတ်ထားတယ်။ ပူတဲ့အခန်းမှာ ဖျားနေတဲ့လူနာက စောင်ခြုံပြီး ချွေးအောင်းနေသလိုဖြစ်နေပါတယ်။ အဲယား ကွန်းပျက်နေသလားဆိုတော့ လူနာအအေးပပ် မှာစိုးလို့ အအေးလျှော့ထားတာလို့ သိရပါတယ်…

တကယ်တော့ အဲယားကွန်းက ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမှာ လူတွေကိုနေရတာ သက်တောင့် သက်သာရှိစေပြီး၊ လေအေးလေသန့်ရရှိစေလို့ အမောပြေစေပါတယ်။ အဖျားကြီးပြီးအပူရှပ်၊ ဂယောင်ခြောက်ခြား၊ သတိလစ်ချင်တဲ့သူတွေမှာ အပူဓာတ်ထိန်းညှိပေးလို့ Hyperpyrexia အပူရှိန် များလွန်းပြီး ဦးနောက်ထိခိုက်တဲ့အခြေအနေမဖြစ်အောင်တားနိုင်လို့ အကျိုးရှိပါတယ်။ ဒါပေမဲ့ အဲယားကွန်းက လူနာအတွက် အဖျားတက်ခါစချမ်းနေရင် ပိုနေရခက်စေပါတယ်။ ဒါပေမဲ့ အဖျားတက်လာလို့ အဖျားကြီးလာရင်တော့ အဲယားကွန်းရှိတာက နေသာပြီး အဖျားကျစေပါတယ်။ အဲယားကွန်းပိတ်ပြီး အပူလုံနေရင် အဖျားပိုကြီးတတ်ပါတယ်။
ချမ်းတာ၊ ပူအိုက်တာကို လူ့ခန္ဓာကိုယ်ကပြန်ပြီး ပြုပြင် ထိန်းညှိနေရတဲ့အတွက် Energy ခွန်အားတွေ ဖြုန်းလိုက်ရသလိုဖြစ်သွားပါတယ်။ ဖျားနေချိန်မှာ ပိုလိုအပ်တဲ့ရောဂါပိုး လျှော့သွားစေတဲ့အတွက်ရောဂါပိုးကို နှိမ်နှင်းတာ နှောင့်နှေးမယ်၊ ရောဂါပျောက်တာ နှေးနိုင်မယ်လို့လည်း ယူဆတာတွေ့ ရပါတယ်။ ချမ်းတဲ့ခံစားချက်တွေရှိနေရင် အဲယားကွန်းကို အနည်းဆုံးလေဝင်တာ ရှိအောင် လျှော့နိုင်ပါတယ်။ ဆောင်ထူထူခြုံထားပေးပါ။ ပူတဲ့ အဆင့်ကို ရောက်သွားရင်တော့ အအေးဓာတ် အနေတော်ပေးထားတာ ပိုကောင်းပါတယ်။ ဆောင်သိပ်မထူတာ ခြုံထားရပါမယ်။ အအေးလွန်တာနဲ့ အပူလွန်ကဲတာ နှစ်ခုစလုံးရှောင်ရပါမယ်။

အေးတာနဲ့ လေဖြတ်တာ ဆက်စပ်မှုရှိသလား
ဒေါ်တင်တင်ကတော့ လေဖြတ်လို့ဆေးရုံတက် လာတာပါ။ ညကြီးမိုးချုပ် ရေချိုးမှားပြီး လေဖြတ်သွားတာလို့ သမီးဖြစ်သူက ပြောပါတယ်။အခု ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ တက်နေတာ။ ဆွေမျိုးတွေ၊ မိတ်ဆွေတွေက လာသတင်းမေးကြတာ အခန်းပြည့်ပါပဲ။ အဲယားကွန်း လေအေးပေးစက်ကိုလည်း ပိတ်ထားတော့ အသက်ရှူရခက်လောက်အောင် မွန်းနေပါတယ်။ အဲယားကွန်းကိုဖွင့်လို့ရကြောင်း၊အပူချိန်ကိုအနေတော်ဖြစ်အောင် ချိန်ထားရင်အဆင်ပြေကြောင်း၊ ဒါမှမဟုတ် ပြတင်းပေါက်တွေ ဖွင့်ထားဖို့ ပြောပေမယ့် ဒီအတိုင်းဘဲ နေကြတာတွေ့ရပါတယ်။ အေးရင် လေဖြတ်တတ်သလား။ လေဖြတ်တာ ပိုဆိုးသလား။
ဒါက အမေးများတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။
အေးတဲ့ရာသီရောက်ပြီဆိုရင် ဆေးရုံတွေမှာ လေဖြတ် တဲ့လူနာ (Stroke) တွေ ပိုများလာတဲ့ သာဓကတွေရှိ ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ လူကြီးပိုင်းတွေမှာ ပိုသိသာပါတယ်။ ဆေးသိပ္ပံအရ ကြည့်မယ်ဆိုရင် အအေးလွန်ရင်၊ အထူးသဖြင့် အအေးဓာတ်ကို ထိတွေ့နေကျမရှိရင် ခန္ဓာကိုယ်ကတုန့်ပြန်မှုတွေ ပိုဖြစ်စေတတ်ပါတယ်။ ရုတ်တရက် အေးလာတာ ဟာ Stress တစ်ခု ဖြစ်စေပါတယ်။ အပူဓာတ်တွေ ခန္ဓာကိုယ်ထဲမှာပိုပြီးသိမ်းဆည်းထားနိုင်စေဖို့ အရေပြားရှိ သွေးကြောတွေ ကြုံ့တာ (vasoconstriction) ဖြစ်စေပါတယ်။ ဒါမှသွေးရဲ့ အပူဓာတ်တွေ ပြင်ပသို့ ပျံ့လွင့်သွားတာကိုတားဆီးနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ သွေးကြောတွေကြုံ့တာရဲ့ဆိုးကျိုးက သွေးတိုးခြင်းပဲဖြစ်ပါတယ်။ အပေါ်သွေး အဓိကတိုးတတ်ပါတယ်။ အပူအအေး ရုတ်တရက်ပြောင်းလဲတာကို ရှောင်သင့်ပါတယ်။ လေဖြတ်တာအပြင် နှလုံးသွေး ကြောကျဉ်းရှိသူတွေမှာ နှလုံးသွေးကြောရုတ်တ ရက်ပိတ်တာ (Acute coronary syndrome) ဖြစ်တတ်ပါတယ်။ ဥပမာ အအေးလွန်တဲ့ ပတ်ဝန်းကျင်မှာ ပြင်းထန်စွာ လှုပ်ရှားတာ၊ နှင်းတောထဲမှာ နှင်းခဲတွေ ကော်ထုတ်တာလုပ်ရင်ဖြစ်တဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။ နည်းနည်းအေးရုံနဲ့ ဒီလိုမဖြစ်တတ်ပါဘူး။

– နောက်တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top