Healthy Life Ad
Life Style

အမျက်ဒေါသနှင့် စိတ်ဝေဒနာ(၄)

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အမျက်ဒေါသနဲ့ စိတ်ဝေဒနာအကြောင်းကို ဆေးကျောင်းသားတွေနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။
“ရှောင်ပြေးလို့လည်း မဖြစ်၊ ခုခံတိုက်ခိုက်ဖို့လည်း မသင့်တော်တဲ့ အခြေအနေမှာ အကြမ်းဖက်နေတဲ့သူကို ဘယ်လိုဆက်ဆံရမလဲ ဆရာ”
“စိတ်ကျန်းမာရေးဆေးပညာမှာ အသုံးပြုတဲ့ နည်းပရိယာယ်ကို” ပိုဆိုးမလာအောင် ထိန်းသိမ်းပေးနည်း” (De-escalation Technique)လို့ ခေါ်တယ်။ ဒေါသထွက် အကြမ်းဖက်နေသူ စိတ်ပြေသွားဖို့နဲ့ ဘေးပတ်ဝန်းကျင်က လူတွေအန္တရာယ်မရှိအောင် ပြုလုပ်ပေးတဲ့နည်း ဖြစ်ပါတယ်။
“ပြောပြပါ ဆရာ”
“မသက်ဆိုင်တဲ့လူတွေ အနီးအနားမှာ မနေဖို့ စီစဉ်ပေးရမယ်။ ဥပမာ ဆေးခန်းမှာရှိတဲ့ တခြားလူနာတွေ ဒါမှမဟုတ် အိမ်ထဲမှာဆိုရင် ကလေးငယ်တွေကို အန္တရာယ်ကင်းမယ်နေရာပို့ထား။ ဒေါသကြီးနေသူနဲ့ ခပ်လှမ်းလှမ်းနေရာမှာ နေရမယ်။ သိပ်ပြီး သူ့အနားကို တိုးမသွားနဲ့။ သူနဲ့ မျက်လုံးချင်းဆိုင်ကြည့်။ ဒါပေမဲ့ သူ့ကို ဆန့်ကျင်တိုက်ခိုက်လိုတဲ့ အမူအရာမျိုးမဖြစ်စေနဲ့။ ညင်ညင်သာသာ ဆက်ဆံ။ တည်ငြိမ်တဲ့ အသွင်ကိုဖော်ပြ။ နောက်ပြီး သူနဲ့စကား ပြောဖို့ ကြိုးစား”

“ဘယ်လို ပြောရမလဲ ဆရာ”
“စကားစရင် သူ့နာမည်ကို သုံးပြီးပြော။ လေသံကိုမမြှင့်နဲ့။ တိုးလွန်းရင်လည်း သူကြားမှာ မဟုတ်ဘူး။ အသံကို ထိန်းပြီး နှေးနှေးပြော။ တိုတိုတုတ်တုတ်နဲ့လိုရင်းကိုပြော”
“ဘာတွေကို ပြောရမလဲ ဆရာ။ ဒေါသမွှန်ပြီး ရန်လိုနေသူနဲ့ အချေအတင် ပြောလို့ရပါ့မလား”
“မှန်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူ့ကို ဆန့်ကျင်ပြောလို့ အရာရောက်မှာ မဟုတ်ဘူး။ သူ့အမှားကိုထောက်ပြရင် မီးကို ရေနဲ့ လောင်းတာ မဟုတ်ဘဲ ဓာတ်ဆီနဲ့ တို့ပေးသလို ဖြစ်သွားလိမ့်မယ်”

“ဒီတော့ . . .”
“ပထမဆုံး သူပြောနေတာကို ဂရုစိုက်နားထောင်။ သူ့ကို လေးစားတဲ့ အမူအရာပြ။ သူခံစားနေရတာ၊ သူမကျေနပ်တာ၊ သူ ဖြစ်စေချင်တာတွေကို မေးကြည့်။ အဲဒီကိစ္စတွေကို စိတ်ဝင်စားတဲ့ အကြောင်း ပြောပြ။ ဒါပေမဲ့ မေးခွန်းတွေ အများကြီး မမေးရဘူး။ သူရင်ဖွင့် ပြောဆိုခွင့်ရအောင် မေးမြန်းရမယ်”
“သူ ဆိုလိုတဲ့ အကြောင်းရင်းတွေကို နားလည် သဘောပေါက်ကြောင်း ပြောပြရမယ်။ သူရဲ့ စိတ်ခံစားမှုနဲ့ လိုအင်ဆန္ဒကို အသိအမှတ်ပြုရမယ်”
“ဒါပေမဲ့ ဒီအချိန်မှာ ကိုယ့်ဘက်က ဆုံးဖြတ်ချက်ကို ပြောစရာ မလိုဘူး။ မပြောသင့်ဘူး။ သူ သဘောမကျရင် ဒေါသမီးကို လေပင့်ပေးသလို ဖြစ်သွားနိုင်တယ်။ ရေလိုက် ငါးလိုက်သဘောသာ ဆက်ဆံရမယ်။ တတ်နိုင်သမျှ သင့်တော်တဲ့ စကားလမ်းကြောင်းကိုပြောင်းပေးရမယ်။ သူ့စိတ်အာရုံ ပြောင်းသွားအောင် ပြုလုပ်ပေးရမယ် . .
အဲဒါ အမျက်ဒေါသထွက်နေသူနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အသုံးပြုနိုင်တဲ့”ပိုဆိုးမလာအောင် ထိန်းသိန်းနည်းပဲ။ “အရေးပေါ်ကုသနည်းလို့ ဆိုနိုင်တယ်”

_ _ _

“အမျက်ဒေါသကို ထိန်းချုပ်နိုင်ဖို့ ရေရှည်ကုသနည်းက ဘာလဲဆရာ”
“စိတ်ကျန်းမာရေးဆေးပညာမှာ အသုံးများတဲ့ စိတ်ကုထုံးကို “အမျက်ဒေါသထိန်းချုပ်နည်း”( Anger Management)လို့ ခေါ်ပါတယ်။ အမျက်ဒေါသကြီးမားသူတိုင်း အသုံးပြုနိုင်တဲ့ နည်းပရိယာယ် ဖြစ်ပါတယ်”

“ရှင်းပြပါ ဆရာ”
“အမျက်ဒေါသစိတ်ဆိုတာ လူတိုင်းခံစားရတဲ့ သဘာဝစိတ်ခံစားမှုတစ်မျိုး ဖြစ်တယ်။ မိမိကို ရန်မူတိုက်ခိုက်လာရင်၊ မိမိလိမ်ညာလှည့်ဖျားတာ ခံရရင် မိမိကို တစ်ဦးတစ်ယောက်က မတရားစော်ကားလာရင်၊ မိမိ အလိုမကျဖြစ်ရင် တုန့်ပြန်တဲ့ စိတ်ခံစားမှုပဲ။ ဒေါသစိတ်ကြောင့် အန္တရာယ်ကို ကာကွယ်နိုင်တယ်။ ဒီလိုသဘောနဲ့ကြည့်ရင် ဒေါသစိတ်ကို အဆိုးမဆိုး သာဘူး”

“အဲဒီလိုဆိုရင် ဘယ်လိုအမျက်ဒေါသကို မကောင်းတဲ့ ဒေါသလို့ သတ်မှတ်မလဲ”
ဒေါသထွက်စရာ မဟုတ်ဘဲ မတန်တဆ ဒေါ သထွက်တတ်ရင်၊ ဒေါသကို မဖျောက်နိုင်ဘဲ ကြာရှည်နေရင်၊ ပတ်ဝန်းကျင်က ဒေါသကြီးသူလို့ သတ်မှတ်တာခံရရင်၊ အလိုမကျတိုင်း ဒေါသထွက်တတ်ရင် မကောင်းတဲ့ အမျက်ဒေါသလို့ ယူဆနိုင်တယ်။ နောက်ပြီး အမျက်ဒေါသကို ထုတ်ဖော်ပြသပုံမမှန်ရင်လည်း ဒေါသကြီးသူလို့ ပြောနိုင်ပါတယ်”
“မူမမှန်တဲ့ ဒေါသထွက်နည်းဆိုတာ ရှိလို့လား ဆရာ”
“ရှိပါတယ်။

အမျက်ဒေါသစိတ်ခံစားရတိုင်း အကြမ်းဖက်ပြရင် မူမမှန်ဘူး။ အော်ဟစ်ဆဲဆိုတာ၊ ပစ္စည်းတွေကို ပေါက်ခွဲဖျက်ဆီးတာ၊ သူတစ်ပါးကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တာမျိုးရှိရင် မူမမှန်တဲ့ ဒေါသလို့ ပြောရမယ်။ ဒေါသက ဘေးပတ်ဝန်းကျင်ကို ဦးမတည်ဘဲ မိမိကိုယ်ကိုယ်ဦးတည်ပြီး

မိမိ ကိုယ်ကိုယ်ဒဏ်ရာရအောင် ပြုမူရင်လည်း မူမမှန်တဲ့ ဒေါသဖြစ်တယ်။ ဒေါသကို အပြင်ဘက် ထုတ်မပြဘဲ စိတ်ထဲမှာထားပြီး လူတွေကို လျစ်လျူရှုပြီး စကားမပြောတာ၊ အကူအညီမပေးဘဲ အရွဲ့တိုက်တာ စတဲ့ အပြုအမူတွေကိုလည်း မူမမှန်တဲ့ ဒေါသလို့ ဆိုနိုင်ပါတယ်။
ဒါကြောင့် ဒေါသစိတ်ကို ထိန်းချုပ်ချင်ရင် မိမိမှာ ဘယ်လို မူမမှန်တဲ့ ဒေါသစိတ်ရှိသလဲဆိုတာကို ကိုယ်တိုင် ဆန်းစစ်ကြည့်ရမယ်။ သိရှိတဲ့အတိုင်း လက်ခံရမယ်။ ကိုယ့်စိတ်ထဲမှာ ဝန်ခံရမယ်။

မိမိကို ဒေါသဖြစ်စေတဲ့အကြောင်းရင်းတွေ၊ မိမိဒေါသကို လှုံ့ဆော်ပေး၊ “ဆွပေး”တဲ့ အခြေအနေတွေကို လေ့လာသိရှိထားရင် ကောင်းပါတယ်။ အဲဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်လာရရင် သတိထားဖို့ပေါ့။ နောက်ပြီး ဒေါသဖြစ်စလက္ခဏာတွေကို ကြိုတင် သိရှိအောင် လေ့ကျင့်ရမယ်”
“ဒေါသဖြစ်စလက္ခဏာတွေဆိုတာက ဘာလဲဆရာ”

“နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်တာ၊ကြွက်သားတင်းကျပ်တာ၊ အံကြိတ်တာ၊ မေးရိုးတင်းတာ၊ ချွေးစေးပြန်တာ စတဲ့ လက္ခဏာတွေပါ။ အဲဒီလက္ခဏာတွေကို သတိထားပြီး ရှုတတ်ရင်၊ ရှေ့ဆက်ပြီး ဒေါသအရှိန်တက်မသွားအောင် စိတ်ကို ထိန်းချုပ်ဖို့ အချိန်ရရှိနိုင်ပါတယ်”
“ဒီလိုတုန့်ပြန်ခံစားမှုက အလျင်အမြန်ဖြစ်ပေါ်လာတတ်တော့ သတိထား လေ့လာနေဖို့ အချိန်ရှိပါ့မလား ဆရာ”

“ဒါကြောင့် “အမျက်ဒေါသထိန်းချုပ်နည်း” ကို သင်ကြားပေးဖို့ လိုအပ်တာပေါ့။ ကာယကံရှင် ကိုယ်တိုင်လည်း လေ့ကျင့်ရမှာပေါ့”
“ဒေါသဖြစ်စလက္ခဏာတွေကို သတိထားမိရင် ဘာဆက်လုပ်ရသလဲ”
“ဒေါသအရှိန်ကျသွားအောင် ထိန်းချုပ်နည်းတွေကို အသုံးပြုနိုင်တယ်”

အချိန်ယူစဉ်းစားလိုက်။ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်။ တစ်ကနေ ၁၀အထိ ဂဏန်းစဉ်ကို ရေရွတ်လိုက်။ “ငါ ဒေါသထွက်နေပါလား”လို့ စိတ်ထဲမှာပြော။ “ငါ ဘာကြောင့် ဒေါသဖြစ်လာတာလဲ”လို့ ကိုယ်တိုင် စိတ်ထဲမှာမေးကြည့်။ ဒေါသဖြစ်သင့်၊ မသင့် စဉ်းစားကြည့်။ ဒေါသမထွက်သင့်တဲ့ အကြောင်းရင်းတွေကို ရှာဖွေစဉ်းစားကြည့်။ အဲဒီလို လေ့ကျင့်ရင် ဒေါသအရှိန်ပြေသွားနိုင်ပါတယ်။

ကြောက်စိတ်၊ စိုးရိမ်စိတ်ကို လျော့နည်းစေတဲ့ နည်းပရိယာယ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဥပမာ-နှေးနှေးနဲ့ လေးလေး အသက်ရှူတာ၊ ခြေလက်ဖြေလျှော့နည်းကို အသုံးပြုလိုက်တာ၊ စိတ် အာရုံပြောင်းသွားအောင် တစ်ခုခုကို စဉ်းစားတွေးတောတာ၊ တစ်ခုခုကို စတင်ပြုလုပ်လိုက်တာတို့ ဖြစ်တယ်။

ဒေါသစွမ်းအားက ကြီးမားလွန်းလို့ ထိန်းမရဖြစ်လာရင် ဒေါသကို လမ်းလွှဲပေးလိုက်၊ ဒေါသကို ထွက်ပေါက်ပေးလိုက်။
“ရေဆူလာရင် ရေနွေးအိုးအဖုံးကိုဟပေး လိုက်သလိုလား ဆရာ”
“ပြောလို့ရပါတယ်။ ဒေါသကို အန္တရာယ်ကင်းတဲ့နည်းနဲ့ ဖော်ထုတ်တာ ဖြစ်တယ်။ ဥပမာ-ခေါင်းအုံးကို လက်သီးနဲ့ ထိုးလိုက်တာ၊ သတင်းစာကို ဆွဲဆုတ်ပစ်လိုက်တာမျိုး ဖြစ်ပါတယ်”

“ဆရာ ဆွေးနွေးခဲ့တဲ့ ဒေါသအမျက်ထိန်းချုပ်နည်းက အမှန်တကယ်အကျိုးရှိရဲ့လား ဆရာ”
“လေ့ကျင့်စမှာတော့ အောင်မြင်ဖို့ ခက်ခဲတာပေါ့။ လေ့ကျင့်ဖန်များလာရင် အဲဒီနည်းပရိယာယ်တွေကို အလိုအလျောက် သုံးစွဲတတ်လာလိမ့်မယ်။ အကျင့်ရလာလိမ့်မယ်။ Second Nature ဖြစ်လာတယ်ပေါ့”
“ဆရာတို့နိုင်ငံမှာတော့ ဒေါသကြီးသူကို တွေ့ရင် တရားနဲ့ဖြေလို့ ပြောဆိုဆုံးမလေ့ရှိပါတယ်”
“ထိရောက်မှုရှိပါသလား ဆရာ”
“အဲဒါလည်း Second Natureဖြစ်လာအောင် လေ့ကျင့်ဖို့ လိုတာပါပဲ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top