———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———
ဒေါသထွက်တာက အော်ဟစ်ပေါက်ကွဲစေပြီး မကောင်းတဲ့စိတ်ခံစားမှု တစ်ခုမျှသာ မဟုတ်ပါဘူး။ ဒေါသမှာ အမျိုးအစားသုံးမျိုးရှိပါတယ်။ တစ်ခုချင်းစီမှာ သီးခြားလက္ခဏာတွေနဲ့ပါ။ ဥပမာပြောရရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ၊ အန္တရာယ်ရှိတဲ့ အပြုအမူတွေ လုပ်မိတာ၊ မျက်ရည်ကျတာ စတာတွေပါပဲ။ ဒါကြောင့် ဒေါသက ရန်ဖြစ်အငြင်းပွားတာထက် ပိုပြီး သက်ရောက်မှုရှိပါတယ်။ ဒေါသထွက်တာက တစ်နေ့တာကို အကျဉ်းတန်စေသလို ဘေးထွက်ဆိုးကျိုးတစ်ခုအနေနဲ့ ဝိတ်တက်စေနိုင်တာပဲ ဖြစ်ပါတယ်။ လူတွေက တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို စိတ်တိုဒေါသထွက်တတ်ပေမယ့် အမြဲမပြတ် ဒေါသထွက်နေရင်တော့ ကိုယ်အလေးချိန်အပေါ် ဆိုးရွားတဲ့သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။
အဒရီနယ်လင်က စတင်တယ်
ဒေါသက စိတ်အခြေအနေကိုသာမက ကိုယ်တွင်းဓာတုဖြစ်စဉ်တွေကိုပါ ပိုဆိုးစေပါတယ်။ စိတ်တိုဒေါသထွက်တဲ့အခါ အဒရီနယ်လင်ဟော်မုန်း ထွက်လာပါတယ်။ အဲဒီအခါ “တိုက်ခိုက်မလား ဒါမှမဟုတ် ထွက်ပြေးမလား”ဆိုတဲ့နည်းကို ရွေးချယ်ပါတယ်။ ဒီဓာတ်က လူတွေကို လှုံ့ဆော်ပြီး ပူပင်မှုဖြစ်စေပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကနေ ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိစေတာကြောင့် ဒေါသထွက်ချိန်မှာ ဆာလောင်မှုကို မခံစားရဘူး။ ဒါပေမဲ့ ဒါက ယာယီအာနိသင်ပဲ ဖြစ်ပါတယ်။
အဒရီနယ်လင်ဟော်မုန်းအဆင့် လျော့ကျပြီးတဲ့နောက် ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်အားဖြည့်ဖို့ အစားအသောက်တွေကို စားချင်စိတ်ဖြစ်လာပါတော့တယ်။ ဒီအချိန်မှာ စိတ်ပူပင်မှုများနေတဲ့အတွက် အစာကို တရစပ်စားမိတတ်ပါတယ်။ ဒီအချိန်မှာ စိတ်ပျော်ရွှင်စေပြီး သက်သောင့်သက်သာရှိစေတဲ့ အရာမှန်သမျှ စားချင်နေတာပါ။ ကျန်းမာရေးနဲ့ ညီညွတ်သလား၊ မညီညွတ်ဘူးလားဆိုတာလည်း မစဉ်းစားနိုင်တော့ပါဘူး။
ဘာလုပ်နိုင်သလဲ
စိတ်ဖိစီးမှုကို တွန်းလှန်တဲ့အနေနဲ့ အစာစားဖို့ မကြိုးစားပါနဲ့။ ကိုယ်စားတဲ့ အစားအသောက်ကို ပြန်လည်ဆန်းစစ်ပြီး ဗိုက်ပြည့်လောက်ပြီလို့ ထင်တဲ့အခါ အစာစားတာကို ရပ်လိုက်ပါ။ ဒါဆိုရင် ကိုယ်အလေးချိန်မတက်အောင် ထိန်းသိမ်းရာ ရောက်ပါတယ်။
ပူပင်သောကရှိခြင်းက စိတ်ဖိစီးမှုများခြင်း၏ အကြောင်းပြချက်
ပူပင်သောကများတာက စိတ်ဖိစီးမှုကို ပိုဆိုးစေပါတယ်။ ပူပင်စိတ်ဖြစ်တာကြောင့် ကော်တီစောဟော်မုန်းအဆင့်က မြင့်တက်လာပါတယ်။ အကျိုးဆက်ကြောင့် နှလုံးနဲ့ သွေးဖိအားကို ထိခိုက်စေတဲ့အပြင် ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိစေပါတယ်။ ကော်တီစောအဆင့်က သွေးတွင်းသကြားဓာတ်ကို အဆီအဖြစ် ပြောင်းလဲပြီး အစာချေဖျက်မှုကို ဟန့်တားပေးပါတယ်။ ရလဒ်အနေနဲ့ ကိုယ်အလေးချိန် မြင့်တက်မှုဖြစ်စေပြီး အဆီပိုဖြစ်ကာ ကျန်းမာရေးအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။
ဘာလုပ်နိုင်သလဲ
အတိတ်က မကောင်းတဲ့ စိတ်ခံစားမှုကို လွှင့်ပစ်လိုက်ပါ။ ပြီးရင် အားကစားခန်းမကိုသွားကာ လေ့ကျင့်ခန်းလုပ်ဆောင်ပါ၊ ဒါမှမဟုတ် ပန်းခြံထဲမှာ လမ်းလျှောက်ပေးပါ။ ဒီလိုလှုပ်ရှားမှု လုပ်ဆောင်တာက သင့်စိတ်ခံစားမှုကို ပြောင်းလဲနိုင်ပြီး စိတ်တည်ငြိမ်စေပါတယ်။
အစာစားချင်စိတ် ဆုံးရှုံးစေ
စိတ်ဖိစီးမှုများတာက အိပ်စက်မှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါ စွမ်းအင်မရှိတတ်ပါဘူး။ ဒီအချိန်မှာ အချိုရည်၊ သကြားလုံး၊ တခြားကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေနဲ့အတူ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအသောက်တွေကို ပိုစားဖြစ်တတ်ပါတယ်။ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့ ပိုခက်ခဲတတ်ပါတယ်။ အိပ်ရေးပျက်တာက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းလုပ်ငန်းဆောင်တာကို အဟန့်အတားဖြစ်စေလို့ပါ။
ဘာလုပ်နိုင်သလဲ
သင့်ဘဝမှာ ဟန်ချက်ညီစေဖို့ နည်းလမ်းရှာပါ။ စာဖတ်တာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ၊ အကြိုက်ဆုံးအရာတွေကို လုပ်ဆောင်တာနဲ့ စိတ်ကြည်နူးစေမယ့် အရာတွေကို လုပ်ဆောင်တာတို့ပဲ ဖြစ်ပါတယ်။