Healthy Life Ad
Health Tips

စိတ်တိုဒေါသထွက်စေသည့် အံ့အားသင့်ဖွယ်ရာ အချက်လေးရပ်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

စိတ်ညစ်ညူးနေချိန်မှာ ကိုယ်ချစ်ခင်တဲ့သူတွေရဲ ့ အပြုံးကို မြင်လိုက်ရရင် စိတ်ဖိစီးမှု ပြေလျော့သွားတတ်ပေမယ့် တစ်ခါတလေ အကြောင်းရင်း မယ်မယ်ရရမရှိဘဲ စိတ်တိုဒေါသ ထွက်နေမိတဲ့အဖြစ် တွေကြုံဖူးကြမှာပါ။ ဒီလိုဖြစ်ရတာက အောက်ပါအံ့အားသင့်ဖွယ်ရာ အချက်တွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၁) နေပူရှိန် ပြင်းလွန်းခြင်း

တောက်ပလွန်းတဲ့ နေရောင်ခြည်ဒဏ်ကြောင့် ဒေါသနဲ့ စိတ်တိုစိတ်ဆတ်တဲ့ ခံစားချက်ကို ၄၄ ရာခိုင်နှုန်း မြင့်တက်စေနိုင်ပါတယ်။ အီတလီလေ့လာမှုအရ စိတ်ခံစားမှုနဲ့ မျက်နှာကြွက်သားတွေက ဆက်စပ်မှုရှိတဲ့အတွက် နေပူရှိန်ကြောင့် မျက်မှောင်တွန့်တဲ့အခါ ဒေါသစိတ်ကို တိုးမြင့်ဖြစ်ပေါ်စေပါတယ်။ ဒီလိုမဖြစ်စေဖို့ နေပူထဲသွားတဲ့အခါ နေကာမျက်မှန်တပ်ပါ၊ ထီး ဒါမှမဟုတ် ဦးထုပ်ဆောင်းပါ။

(၂) အဆိုးမြင်စိတ်ရှိသော လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အခန်းဖော်ရှိခြင်း

မကောင်းတဲ့ စိတ်ခံစားမှုက ကူးစက်လွယ်ပါတယ်။ အဆိုးမြင်တတ်တဲ့ အခန်းဖော်နဲ့ သုံးလလောက် အတူနေရင်တောင် အဆိုးမြင်တဲ့သဘောထား ကူးစက်တတ်ပါတယ်။ (အထူးသဖြင့် ကိုယ့်မှာ ခိုင်မာတဲ့စိတ်ဓာတ်ရှိရင်ပေါ့) ဟားဗတ်လေ့လာမှုအရ စိတ်ထားမကောင်းတဲ့ မိတ်ဆွေသူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်နဲ့တွေ့ရရင် အဆိုးမြင်တဲ့ စိတ်ခံစားမှု ကူးစက်ကြောင်း သိရပါတယ်။

(၃) အခြားသူတို့၏ ဖေ့စ်ဘွတ်ခ်ဓာတ်ပုံများ

ဖေ့စ်ဘွတ်ခ်သုံးသူ ၃၅၀ ဦးအနက် ၉ ရာခိုင်နှုန်းဟာ တခြားသူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း ဂျာမန်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ တခြားသူတွေက မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူပျော်ရွှင် ပျော်ပါးနေတာ၊ မိသားစုတွေနဲ့ အတူဆုံဆည်းတာ .. အဲဒီပုံတွေ မြင်ရတဲ့အခါ အထီးကျန်စိတ်၊ အားကျစိတ်နဲ့ စိတ်တိုတာတွေ ခံစားရတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒီစိတ်ခံစားချက် ပြေပျောက်စေဖို့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်ဓာတ်ပုံတွေကို ကြည့်ပေးပါ။ ကိုယ်ပိုင်နေရာကို ဝင်ကြည့်တာကြောင့် ဒေါသပြေလျော့စေပါတယ်။

(၄) ရေပုလင်းအလွတ်

ရေဓာတ်ခမ်းခြောက်မှုဟာ ပျော်ရွှင်မှုကိုလည်း ဆိတ်သုဉ်းစေတယ်လို့ ဗြိတိန်အာဟာရဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ အလုပ်လုပ်ရင်း တွေးခေါ်မြော်မြင်နိုင်စွမ်း ကျဆင်းလာတာဟာ သင့်မှာ ရေဓာတ်ခမ်းခြောက်နေကြောင်း ဖော်ပြတဲ့ လက္ခဏာပါ။ ဒါကြောင့် သင့်အလုပ်စားပွဲပေါ်က ရေပုလင်းကို အမြဲရေဖြည့်ထားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top