Healthy Life Ad
Life Style

လှပသော ပေးဆပ်မှု

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အခု ကျွန်မတို့ အိမ်ရဲ့ မျက်စောင်းထိုးအိမ်မှာ Rocker ကြီးတစ်ယောက်နေပါတယ်။ သူက Rocker ဆိုတော့ အဆိုတော်လား . . မဟုတ်ပါဘူး၊ ဒါဖြင့် သူက အသံကောင်းလို့လား . . ဟုတ်ပါတယ်၊ အသံကောင်းရုံမက ခုနစ်အိမ်ကြား-ရှစ်အိမ်ကြား အော်နိုင်၊ ဟစ်နိုင်သူပါ . . အထူးသဖြင့် သူ့မိသားစုကို မကျေနပ်တဲ့အခါ၊ အပြင်လူတွေနဲ့ ရန်ဖြစ်တဲ့အခါ အင်မတန်အော်နိုင်၊ ဟစ်နိုင်သူပါ . . သူအော်ပုံကလည်း Rocker တွေ One Man Show လို ည ၇ နာရီလောက်က အော်ရင် ည ၁၁-၁၂ လောက်မှ ရပ်တာမျိုး . .

မနေ့ကလည်း သူရဲ့ One Lady Show ကို ကြားရပြန်ပါပြီ။ ဒီတစ်ခါ သူ့မိသားစုကို မကျေမနပ် ဖြစ်ပြီး အော်ဟစ်တာပါ။ သူ့စကားတွေအရ တစ်အိမ်လုံးအတွက် သူတစ်ယောက်တည်း ရှာကျွေးနေရတယ်ဆိုပဲ . . တစ်အိမ်လုံး အသုံးကျသူကလည်းတစ်ယောက်မှမရှိဘူးဆိုပဲ . . သူ့ယောကျာ်းက အစ သူ့မြေးအထိ တစ်ယောက်ချင်းစီရဲ့ အပြစ်တွေကို အော်ဟစ်ပြောပြီးတိုင်းနောက်ဆုံးမှာ “ငါ့ ဝဋ်ကြွေးတွေ . . ဝဋ်ကြွေးတွေ မကုန်သေးဘူးလား၊ ကုန်ပါတော့ . . ဝဋ်ကြွေး . .ဒီဝဋ်ကြွေး” ဒီစကားတွေက အဖန်တလဲလဲ ကြားနေရပါတယ်။

_ _ _

“ဝဋ်ကြွေး”
ဒီစကားလုံးရဲ့ အဓိပ္ပာယ်က ကျွန်မစိတ်ထင် ခါးသီးစရာ၊ နာကြည်းစရာ ကောင်းသလိုပါပဲ . .
အမေဖြစ်သူက သားသမီးအပေါ် ငဲ့ညှာရတာ က ဝဋ်ကြွေးလား၊ အစ်မဖြစ်သူက ကိုယ့်မောင်လေး၊ ညီမလေးတွေပေါ် အနစ်နာခံတာက ဝဋ်ကြွေးလား၊ ကိုယ်ချစ်တဲ့သူကို သူစိမ်းပဲဖြစ်ဖြစ်၊ ဆွေမျိုးပဲဖြစ်ဖြစ် ကူညီတာက ဝဋ်ကြွေးလား . . ဇနီးမယားက ခင်ပွန်းအပေါ် ပါရမီဖြည့်တာကဝဋ်ကြွေးလား . . ခင်ပွန်းသည်က ကိုယ့်ဇနီးကို မကြောင့်မကြထားနိုင်အောင် ကြိုးစားရုန်းကန်တာက ဝဋ်ကြွေးလား . . ကိုယ်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးကို နေ့စဉ် ကျွေးမွေးသုတ်သင် စောင့်ရှောက်ယုယတာက ဝဋ်ကြွေးလား . .

ဟင့်အင်း . .
တကယ်တော့ ဒါကလှပတဲ့ ပေးဆပ်မှု တစ်ခုပါ . . ချစ်လို့ ခင်လို့ မြတ်မြတ်နိုးနိုးနဲ့ ပေးဆပ်တဲ့ အနုပညာတစ်ရပ်ပါ . .
အဲဒီလိုတွေးလိုက်တဲ့အခါ ‘ဝဋ်ကြွေး’ဆိုတဲ့ စကားလုံးကြီးနဲ့ ကိုယ့်ဘဝကို နှိမ့်ချနေစရာမလိုတော့ပါဘူး။
“ကိုယ်ဟာ ပေးဆပ်တဲ့ အလှတရားတစ်ခုကို ပုံဖော်ရေးဆွဲနေတဲ့မြင့်မြတ်သူဖြစ်ပါတယ်”ဆိုတာ Rocker ကြီးသိအောင် Classic တေးသွားလေးနဲ့ ညည်းပြလိုက်ချင်ရဲ့လေ . .

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top