Healthy Life Ad
Life Style

“စိတ်ဖိစီးမှု ဖြစ်လာရင် ကိုယ်တိုင်ဖြေရှင်းတာ အကောင်းဆုံးပဲ” ဆိုတဲ့အမျိုးသမီးတွေရဲ့ ရင်ဖွင့်တိုင်ပင်ဖော် မကြည်ကြည်ဝင်းရွှေ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ကြည်ကြည်ဆိုသော အမည်ဖြင့် ပညာပေးစာပေများ၊ အတွေ့အကြုံများကို မျှဝေလျက်ရှိသည့် မကြည်ကြည်ဝင်းရွှေ သည် Right & Bright အင်တာနေရှင်နယ်ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာလည်း ဖြစ်ပြီး အမျိုးသမီးများ၏ ရင်ဖွင့်ဂေဟာဟု လူသိများသည့် ကြည်ကြည်၏အဆောင်ကို ဦးစီးတည်ထောင်ထားသူလည်း ဖြစ်သည်။ ထို့ပြင် သားနှစ်ဦး၏ မိခင်လည်း ဖြစ်သည့် မကြည်ကြည်ဝင်းရွှေ၏ ကိုယ်စိတ်ကျန်းမာရေးစောင့်ရှောက်ပုံ စီးပွားရေးနှင့် လူမှုရေးအလုပ်တို့ကို ဟန်ချက်ညီညီ စီမံခန့်ခွဲနေပုံ အကြောင်းကို မေးမြန်းဖော်ပြပေး လိုက်ပါသည်။

ကြည်ကြည်ရဲ့အိမ်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ စတင်တည်ထောင်ဖြစ်ခဲ့တာလဲ အစ်မ။
ကိုယ်က အိမ်ထောင်ကျပြီး အလုပ်တွေ စလုပ်တဲ့အခါမှာ အရမ်းကို တိုင်ပင်ဖော်မဲ့ခဲ့တယ်၊ အရမ်း အထီးကျန် ခဲ့တယ်။ ဒါကို ရင်ဆိုင်ဖို့ အခက်အခဲဖြစ်ခဲ့တယ်။ ဒါကို ကိုယ်ချင်းစာပြီး ဒီလို အနေအထား ဖြစ်နေမယ့် အမျိုးသမီးတွေကို ကူညီတိုင်ပင်ပေးချင်တဲ့စိတ်နဲ့ ကြည်ကြည်ရဲ့အိမ်ဆိုပြီး စတင်တည်ထောင်ဖြစ်ခဲ့တာပါ။ အဆောင်မှာ အမျိုးသမီး ၂၅ ယောက်ကို လက်ခံပါတယ်။ အင်္ဂလိပ်စကားပြောသင်တန်း၊ ယောဂသင်တန်း၊ ပန်းအလှပြင်သင်တန်း စတာတွေကို ဖွင့်လှစ်ထားပြီး အမျိုးသမီးတွေ အစ်မ နဲ့ တိုင်ပင်ချင်ရင်လည်း အခမဲ့တိုင်ပင်ဆွေးနွေးအကြံပြုပေးပါတယ်။

အစ်မက သားနှစ်ဦးမိခင်လည်း ဖြစ်တယ်၊ ကုမ္ပဏီ အလုပ်ကိုလည်း ဦးဆောင်နေရတယ်၊ အဆောင်ကိုလည်း ဦးစီးနေတယ်ဆိုတော့ ကြုံလာတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေရှင်းလေ့ရှိပါသလဲ။
အမျိုးသမီးတွေက အိမ်ရှင်မတာဝန် ကျေပွန်အောင်လုပ်ဆောင်မယ်၊ ချက်ပြုတ်မယ်၊ လျှော်ဖွပ်မယ်. . အဲဒီလိုသဘောမျိုးနဲ့ အိမ်ထောင်ပြုခဲ့တာလေ။ ဒါပေမဲ့ တကယ်အိမ်ထောင်သည်ဘဝရောက်တဲ့ အခါမှာ ကိုယ်တစ်ခါမှ မကြုံဖူးသေးတဲ့ စိန်ခေါ်ချက်မျိုးကိုရင်ဆိုင်ခဲ့ရတယ်။ အဲဒီအချိန်မှာ စိတ်ဖိစီးမှုဆိုတာကို စပြီးခံစားခဲ့ရတယ်။ အရင်တုန်းက အပျိုဘဝ အလုပ်ထဲမှာ တွေ့ခဲ့ရတဲ့ စိတ်ဖိစီးမှုတွေထက် ကြီးမားပါတယ်။ အိမ်ထောင်သည်ဘဝမှာ တော်တော်လေးကို စိတ်ညစ်ပြီး ကိုယ့်ဘဝကိုအရှုံးပေးချင်တဲ့ စိတ်ပေါ်လာတယ်။ လုံးဝပြောင်းလဲသွားတဲ့ လူနေမှုဘဝထဲရောက်သွားသလိုခံစားရတယ်။ အဲဒီအချိန်တုန်းက အစ်မစဉ်းစား ကြည့်တယ်။ ကျန်းမာရေးလည်း ကောင်းတယ်၊ ငွေရေးကြေးရေးလည်း သိပ်ပြဿနာမရှိဘဲနဲ့နေရထိုင်ရတာ တမျိုးကြီး ဘာလို့စိတ်တွေ ရှုပ်ထွေးနေရတာလဲလို့ တွေးမိတယ်။ စာတွေဖတ် ကြည့်တော့ ဟော်မုန်း အပြောင်းအလဲနဲ့ ဆက်စပ်နေတာကိုလည်းသွားတွေ့တယ်။ ဒါဆိုရင် ဒီစိတ်ဖိစီးမှုက ကိုယ်တစ်ယောက်တည်း ဖြစ်တာမှ မဟုတ်ဘဲ၊ လူတိုင်းဖြစ်နိုင်တယ်ဆိုတာ လက်ခံလိုက်တယ်။ ဒါကို ဘယ်လိုဖြေရှင်းမလဲစဉ်းစားတယ်။ အဲဒီအချိန်တုန်းက အစ်မက အိမ်ရှင်မတစ်ယောက်၊ ကလေး နှစ်ယောက်ကိုစောင့်ရှောက်နေတဲ့ မိခင် တစ်ယောက် ဆိုတော့ စိတ်ဖိစီးမှုဖြေဖျောက်နိုင်ဖို့ လေ့ကျင့်ခန်း ပြန်လုပ်တယ်။ လမ်းလျှောက်တာနဲ့ စလိုက်တော့ ချွေးထွက်ပြီး ဝိတ်ကျတယ်၊ စိတ်ကောလူပါနေလို့ ထိုင်လို့ ပိုကောင်းလာတယ်။
အားကစားလုပ်ဖို့အချိန်မရှိတဲ့အခါ စာအုပ်တွေ ဖတ်တယ်။ စိတ်တည်ငြိမ်အောင် တရားထိုင်ဖြစ်တယ်။ အဲဒီအချိန်ကစပြီး စိတ်ဖိစီးမှုကို ထိန်းချုပ်ခဲ့တော့ နောက်ပိုင်း စီးပွားရေးအလုပ်တွေ စလုပ်တဲ့ အခါမှာ မတူညီတဲ့ စိတ်ဖိစီးမှုတွေကို ခံစားရရင် ထိန်းချုပ်တတ်သွားတယ်။ လက်ရှိအချိန်မှာကျတော့ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်တယ်။ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရင်းအမြစ်ကို မြင်အောင် ကြည့်လိုက်တယ်။ ဒါက ဖြေရှင်းနိုင်တဲ့ ပြဿနာလား၊ ဖြေရှင်းလို့ မရတဲ့ပြဿနာလားဆိုတာ ကြည့်လိုက်တယ်။ တစ်ခုပြောစရာရှိတာက စိတ်ဖိစီးမှုဖြစ်တဲ့အခါ တချို့သူ တွေက တစ်ယောက်ယောက်က လာဖြေရှင်းပေးမှာမျိုးကို စောင့်မျှော်တတ်တယ်။ ဒီလိုလူတွေအတွက် စိတ်ဖိစီးမှုက ပိုပြီး တာရှည်တာပေါ့။ ကိုယ့်မှာ ဖြစ်တဲ့ စိတ်ညစ်စရာကို ကိုယ်တိုင် ဖြေရှင်းနိုင်တာ အကောင်းဆုံးပဲ။
တချို့ဖိစီးမှုပေးတဲ့ ပြဿနာတွေကျတော့ အချိန်တစ်ခုစောင့်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက တစ်နေ့ကျရင် ပြေလည်သွားမှာပဲ ဆိုတဲ့ ယုံကြည်ချက်နဲ့ အလွန်ဆုံး သုံးရက်ပါပဲလို့ တွေးပြီး အစ်မက ဖြေဖျောက်လိုက်တယ်။
ပြောချင်တာကတော့

(၁) စိတ်ကို တည်ငြိမ်အောင်ထားပါ

(၂) အချိန်တစ်ခုယူလိုက်ပါ

(၃) ပြဿနာအရင်းအမြစ်ကို ကြည့်ပြီး ကိုယ်တိုင် ဖြေရှင်းပါ။

အချိန်ကို ဘယ်လိုစီမံခန့်ခွဲပြီး အသုံးချဖြစ်ပါသလဲ အစ်မ။
မနက် ဘယ်နှနာရီထတယ်၊ ညဘယ်နှနာရီအိပ်တယ် . . အဲဒီလို အကြမ်းမျဉ်းကြည့်လို့တော့ မရဘူး။ အစ်မအနေနဲ့ အချိန်ကို စီမံခန့်ခွဲတာက နောင်လာမယ့် သုံးလကို အသေးစိတ် ကြိုတင်စီမံထားတယ်။ အများဆုံးအနေနဲ့ ငါးနှစ်စာ Plan ချထားတယ်။ ဘယ်နှစ်မှာဘာလုပ်မယ်၊ ဘာဖြစ်ရမယ် စသဖြင့် Plan ချထားတဲ့အတွက် အဆင်ပြေတယ်။ ဥပမာ အခုဆိုရင် အောက်တိုဘာလအထိ ကြိုစီမံထားတယ်။ တစ်နေ့ တစ်နေ့ မမျှော်လင့်တဲ့ အရာတွေက ဖြစ်လာပေမယ့် အဲဒါတွေကိုလည်း ကြုံရင်ကြုံသလို ဖြေရှင်းသွားတာပဲ။ ဒီလိုအချိန်ကို စီမံခန့်ခွဲထားတဲ့အတွက် ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် အနည်းနဲ့အများတော့ ကြိုစီစဉ်နိုင်ပါတယ်။ အလုပ်လုပ်တဲ့အိမ်ရှင်မတွေအတွက် အကြီးဆုံးစိန်ခေါ်မှုကတော့ (၁) ဝန်ထမ်းတွေကို စီမံခန့်ခွဲရတာပါ။ (၂)ငွေကြေးကို စီမံခန့်ခွဲရတာပါ။ ဒီနှစ်ချက်ကို စီမံခန့်ခွဲနိုင်ပြီဆိုရင် အချိန်ကိုပါ ကိုယ်က စီမံခန့် ခွဲနိုင်သွားပါပြီ။

အစ်မ အလုပ်လုပ်တဲ့အခါမှာ ကြုံလာတဲ့ အတိုက်အခိုက်၊ အနှောင့်အယှက်တွေကိုကော ဘယ်လို ဖြေရှင်းပါသလဲ။
ကိုယ့်ကို မနာလိုတာတို့၊ တိုက်ခိုက်တာတို့ ရှိပါတယ်။ အစ်မက ကိုယ်စီမံခန့်ခွဲထားတဲ့ အချိန်ဇယားအတိုင်းပဲ အလုပ်လုပ်တော့ အဲဒီလို အတိုက်အခိုက်တွေ ဝင်လာတဲ့အချိန်မှာ အရင်က စိတ်ဖိစီးမှုတွေ ဖြစ်တယ်၊ အခုနောက်ပိုင်းတော့ ဒီလို မဖြစ်တော့ဘူး။ ဒါတွေက တွေ့ရိုးတွေ့စဉ်တွေပါပဲဆိုပြီး စိတ်ကိုတည်ငြိမ်အောင် ထားလိုက်တယ်။ အချိန်တစ်ခုယူပြီး ပြဿနာအရင်းအမြစ်ရှာတယ်။ ဖြေရှင်းနိုင်တဲ့ အရာလား၊ မဖြေရှင်းနိုင်တဲ့အရာလားဆိုတာ သိသွားပြီဆိုရင် ဒါကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာပဲ စဉ်းစားပါတယ်။

အိမ်ထောင်ကျသွားချိန်မှာ တချို့အမျိုးသမီးတွေက အလှအပလည်း စိတ်မဝင်စားတော့ဘူး၊ ဘဝတက်လမ်း လည်း မရှာတော့ဘဲ အိမ်ရှင်မဘဝနဲ့ပဲ နေသွားကြတယ်။ အိမ်ထောင်ရေးအဆင်မပြေလည်း သည်းခံနေကြတယ်။ ဒီလို အမျိုးသမီးတွေ အတွက်လည်း ပြောပေးပါဦး။
အစ်မ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ပဲ ပြောပြချင်ပါတယ်။ အစ်မတို့အမျိုးသမီးတွေက ကိုယ် အားကိုးရမယ့် လူတစ်ယောက်၊ ကိုယ့်ဘဝ လုံခြုံစိတ်ချရမယ့် လူတစ်ယောက်နဲ့ တွေ့ရင် အိမ်ထောင်ပြုကြတာပဲလေ။ အိမ်ထောင်ပြုပြီးရင် ငါ့အတွက် ဘာမှမလိုတော့ဘူး၊ ငါ့ဘဝတော့ ပြီးသွားပြီဆိုပြီး ခံယူလိုက်ကြတယ်။ တကယ်တော့ ဘဝဆိုတာ သေမှပဲ ပြီးမယ်လို့ အစ်မတော့ ထင်တယ်လေ။ ဒါကြောင့် အိမ်ထောင်ကျပြီး ကိုယ်က သူများကို လုံးဝကြီး မှီခိုလိုက်တဲ့ စိတ်မျိုး မမွေးစေချင်ပါဘူး။ လူဆိုတာ မွေးကတည်းက တစ်ယောက်တည်း၊ ကိုယ့်ဘာသာ ရှင်သန်ရမှာ . . ကောင်းတဲ့ အိမ်ထောင်ဖက်နဲ့ပဲဖြစ်ဖြစ် မကောင်းတဲ့ အိမ်ထောင်ဖက်နဲ့ပဲဖြစ်ဖြစ် အိမ်ထောင်သည်ဘဝကို ပြောင်းတော့မယ်ဆိုရင် ကိုယ်ဟာကိုယ်ပဲ၊ ကိုယ့်အဖော် တစ်ယောက်တော့ ကိုယ့်အနားမှာရှိလာတာမှန်တယ်။ ဒါပေမဲ့ လှဖို့ပဖို့ဆိုတာထက် ကိုယ့်ကျန်းမာရေး ကောင်းအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။ ရောဂါတွေ ဝင်မလာအောင် ကိုယ့်ဘာသာပဲ ထိန်းသိမ်း စောင့်ရှောက်ရမယ်။

အိမ်ထောင်ကျသွားတဲ့အခါ အမျိုးသမီးတချို့က သူ့ကိုပဲနောက်ကနေ ပံ့ပိုးမယ်ဆိုတဲ့ ခံစားချက်ရှိတယ်။ အဲဒီပံ့ပိုးမှုထဲမှာဝင်ငွေကို မေ့ထားလိုက်တယ်။ တကယ်တော့ အိမ်ထောင်ကျလည်း ကိုယ့်ဝင်ငွေနဲ့ ကိုယ်နေနိုင် အောင် အတတ်နိုင်ဆုံး ကြိုးစားရင် ကိုယ့်အမျိုးသား ငွေလိုလာရင် ကိုယ်က ပံ့ပိုးနိုင်တယ်။ ဒါလေးကိုလည်း အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top