Healthy Life Ad
Life Style

“မြောင်းမြကို ပြောင်းပေမယ့်လည်း ပင်းတယအတွက်ပါ ပရဟိတအလုပ်တွေလုပ်နေပါဦးမယ်”ဆိုတဲ့ ပင်းတယမီးအိမ်ရှင် “ဒေါက်တာသန်းမင်းထွဋ်”

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

“ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် မြောင်းမြကို ပြောင်းရတော့မယ်”ဆိုသည့် သတင်းစထွက်လာသည်နှင့် ဓနုမြေမှ ငိုကြွေးသံများက လူမှုကွန်ရက် စာမျက်နှာထက်တွင် ဟိုတစဒီတစ လွင့်ပြယ်လာခဲ့သည်။ “ဆရာကလည်း ပင်းတယမှာပဲ နေလို့ရရင် နေချင်သေးတယ် . .ဆရာ လုပ်စရာလေးတွေရှိသေးတယ်”ဟု ၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဓနုမြေကိုသံယောဇဉ်ကြီးလှသော ဒေါက်တာသန်းမင်းထွဋ်က ဆိုသည်။

သံယောဇဉ်ကြီးမည်ဆိုလည်း ကြီးလောက်သည်။ ၂၀၁၁ခုနှစ် နံနက် (၅)နာရီအချိန် ပင်းတယဆေးရုံသို့ ဒေါက်တာသန်းမင်းထွဋ်စရောက်ခဲ့စဉ်က ကြက်ဆူပင်များချုံထပြီး ဆေးရုံဝင်ပေါက်တောင် မမြင်ရ၊ ဝင်ပေါက်ပျောက်၍ မနည်းရှာဝင်ခဲ့ရသည့်အပြင် ဆေးရုံထဲရောက်တော့ အတွင်းလူနာ(၅)ဦးနှင့် စုစုပေါင်း (၁၀)ဦးသာ ရှိနေခဲ့သည့် ခုတင် ၅၀ဆေးရုံလေးကို ဘယ်သူမှမလာချင်ခဲ့ပေမယ့် ဒေါက်တာသန်းမင်းထွဋ် ရောက်လာပြီးချိန်မှစ၍ တစတစ ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်လာခဲ့ချေသည်။

ဆရာ့ရာထူးက ခုတင် ၂၀ဝ ဆေးရုံအုပ်ပါ။ ပင်းတယကခုတင် ၅၀ပဲရှိတာ။ ပြောရရင် ဆရာက ပို့စ်မရှိဘဲနဲ့ ပင်းတယမှာနေနေတာ။ ဒီတော့ ဆက်ထားလို့ မကောင်းတော့ဘူးဆိုပြီး မြောင်းမြကို တာဝန်ပြောင်းပေးခဲ့တာပါ။ ပင်းတယကိုရောက်တာ ၇ နှစ်ကျော်ပြီး ဒီအတောအတွင်းမှာ ဆရာအများကြီးတော့ လုပ်ပေးခဲ့ပြီးပါပြီ . . .

“ဆရာ့ရာထူးက ခုတင် ၂၀ဝ ဆေးရုံအုပ်ပါ။ ပင်းတယက ခုတင် ၅၀ပဲရှိတာ။ ပြောရရင် ဆရာက ပို့စ်မရှိဘဲနဲ့ ပင်းတယမှာ နေနေတာ။ ဒီတော့ ဆက်ထားလို့မကောင်းတော့ဘူးဆိုပြီး မြောင်းမြကို တာဝန်ပြောင်းပေးခဲ့တာပါ။ ပင်းတယကို ရောက်တာ ၇ နှစ်ကျော်ပြီး ဒီအတောအတွင်းမှာ ဆရာအများကြီးတော့ လုပ်ပေးခဲ့ပြီးပါပြီ။

နံပါတ်(၁)ကတော့ အခမဲ့ဆေးကုခရီးတွေ ထွက်ခဲ့တာ။ ၇နှစ်အတွင်းမှာ တောထဲတောင်ထဲကို အခမဲ့ဆေးကုခရီးပေါင်း (၂၈၅)ကြိမ်သွားခဲ့တယ်။ လူဦးရေ ငါးသောင်းကျော်ကို ကျန်းမာရေးဟောပြောခဲ့ပြီး လူနာပေါင်း ငါးသောင်းကျော်ကို အခမဲ့ ဆေးကုပေးနိုင်ခဲ့ပါတယ်။ လူနာမလာနိုင်ရင် ငါတို့ရောက်အောင်သွားမယ်ဆိုတဲ့စိတ်နဲ့ ကားစီးလို့ရရင် ကားစီး၊ ကားမရရင် ထော်လာဂျီစီး၊ မရရင် ဖိနပ်ခါးကြားထိုး၊ လမ်းလျှောက်ပြီး ဆေးကုထွက်ခဲ့ရတာပါ။

နံပါတ်(၂)က ဆေးကုသွားရင်းနဲ့ ရေမရှိတဲ့ရွာတွေမှာ ရေတွင်းတူးပေးခဲ့တာ ၃၆ ရွာရှိပါပြီ။ မပြီးသေးဘူး။ ထပ်လုပ်ပေးစရာတွေရှိပါသေးတယ်။ ပင်းတယမှာ အဝီစိတွင်းမတူးနဲ့၊ ရေမထွက်ဘူးဆိုတဲ့ အစဉ်အလာကြီးကို ဆရာရိုက်ချိုးနိုင်ခဲ့ပါတယ်။

နံပါတ်(၃) ကျောင်းမရှိတဲ့ ရွာတွေတွေ့တော့ ကျောင်းတွေဆောက်ပေးခဲ့ပါတယ်။ ၁၂ကျောင်းပြီးသွားပါပြီ။ ရိုးသားတဲ့တိုင်းရင်းသားတွေ တိုးတက်ဖွံ ဖြိုးဖို့ ပညာရေးဟာ အခြေခံဖြစ်တယ်လို့ ယူဆထားတာကြောင့်လည်း ကိုယ်နဲ့သိပ်မဆိုင်တဲ့ ကျောင်းဆောက်ခြင်းလုပ်ငန်းတွေ လုပ်ဖြစ်နေတာပါ။ တိုင်းရင်းသားတွေ ပညာတတ်မှ လူနေမှုဘဝ မြင့်တက်မယ်လို့ ခံယူမိလို့ပါ။

နံပါတ်(၄) မြို့ပေါ်မှာ အရေးကြီးဆုံး ပုန်းတလုတ်ကန်ဆောက်တာပါ။ ၂၀၁၅ အယ်လ်နီညိုမှာ ရေခမ်းပြီး ကန်ပျက်မလိုဖြစ်နေတဲ့ ပုန်းတလုတ်ကန်ဆယ်ယူရေးလုပ်ငန်းကိုလုပ်ပြီး နောင်အခါ ဒီလိုအဖြစ်မျိုးကြုံရင် ရေပြန်ခမ်းမှာစိုးလို့(၃)မိုင်ကွာဝေးတဲ့ ဇော်ဂျီရေထွက်ကနေ ပုန်းတလုတ်ကန်ထဲကို (၆)လက်မပိုက်တွေနဲ့ အဆင့်ဆင့်သွယ်၊ မြင်းကောင်ရေ (၁၅၀)အား မော်တာကြီး (၂)လုံးနဲ့ ရေတွေကိုတွန်းပြီး ပုန်းတလုတ်ကန်ရေ ဖြည့်ပေးနိုင်ခဲ့ပါတယ်။

(၅)က ဓနုမြေ ဘိုးဘွားရိပ်သာပါ။ တစ်ခါက ရွာတစ်ရွာကို ဆေးကုထွက်ရင်း တစ်ယောက်တည်း အာဟာရပြတ်သေဆုံးသွားတဲ့ အမေအိုတစ်ယောက်ကို တွေ့ရှိခဲ့ရာကနေ ၂၀၁၅ ဇန်နဝါရီ (၂၀)ရက်မှာ ပင်းတယရဲ့ ပထမဆုံး ဓနုမြေ ဘိုးဘွားရိပ်သာကို ထူထောင်နိုင်ခဲ့ပါတယ်။ အခုဆို ဘိုးဘွား(၂၇)ဦး၊ ဝန်ထမ်း (၅)ဦးနဲ့ အောင်မြင်စွာလည်ပတ်နေပါပြီ။

(၆)က စာကြည့်တိုက်ပါ။ ဆရာပြည်သူ့ဂုဏ်ရည်ဆုရတော့ သိန်းတစ်ရာကျော်ရတယ်။ အဲဒါနဲ့ မီးအိမ်ရှင်စာကြည့်တိုက်ဆိုပြီး ထူထောင်ခဲ့ပါတယ်။

(၇) မြန်မာပြည်ရဲ့ ပထမဆုံးတွေ။ ပင်းတယဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆေးလိပ်ငွေ့ကင်းစင် ဒေသဖြစ်တဲ့အပြင် Hospital Waste Management အတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး Needle pit စီမံချက်၊ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်တဲ့ ကျား-မ အခြေပြုအကြမ်းဖက်ခံရသူများအတွက် တစ်နေရာထဲတွင် ဝန်ဆောင်မှုပေးနိုင်တဲ့ စင်တာ One Stop Crisis Centre (OSCC) (Single Mother တွေ အတွက်စင်တာ)၊ မြန်မာနိုင်ငံရဲ့ ပထမဆုံး မသန်စွမ်းသူများ အဆင်ပြေစွာသွားလာနိုင်တဲ့မြို့ (Disabled friendly City) တို့ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

(၈) လမ်းဖောက်လုပ်တာပါ။ ရွာတွေဆင်း ဆေးကုရင်း ခက်ခဲလှတဲ့မြေပြိုရွာလေးအတွက် (၃)မိုင်ဝေးတဲ့လမ်းကို ဒေသဦးစီးက ယန္တရားလှူ၊ ကျောက်တောင်တွေကိုမိုင်းခွဲ အလှူငွေတွေကို အလှူခံပြီး လမ်းဖောက်ပေးနိုင်ခဲ့ပါတယ်။

(၉) လူတိုင်းပါဝင်နိုင်တဲ့ ကျန်းမာရေးစနစ် ထူထောင်တာပါ။ ၂၀၁၂ ခုနှစ်ထဲက အရန်သားဖွား တစ်နှစ်သင်တန်းတွေ ပြုလုပ်ခဲ့တာ အခုဆို ပင်းတယမှာ အရန်သားဖွား (၁၆၁)ဦးရှိနေပြီး တစ်ရွာတစ်ယောက် အရန်သားဖွားဆရာမလေးတွေ ရှိနေပါပြီ။ သူတို့ကို အခြေခံပြီး ကျန်းမာရေးကွန်ရက်တစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်။ စေတနာမွန်လို ပရဟိတအဖွဲ့တွေကို ရွာပေါင်း(၇၀)မှာဖွဲ့ပြီး ပရဟိတကွန်ရက် ထူထောင်ရင်း လူနာသယ်ပို့စနစ်တွေ၊ သွေး၊ အာဟာရ၊ လူနာညွှန်းပို့စနစ်၊ နာရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း လူတိုင်းပါဝင်နိုင်တဲ့ ကျန်းမာရေးစနစ်တစ်ခု ထူထောင်နိုင်ခဲ့ပါတယ်။

(၁၀) ၇နှစ်အတွင်း ဆေးရုံဝင်းထဲမှာ ခွဲစိတ်ခန်းမကြီး၊ အစည်းအဝေးခန်းမ၊ လူနာဆောင် (၂)ဆောင်၊ ဆရာဝန်နေအိမ် (၂)လုံး၊ လေးခန်းတွဲ ဆရာမနေအိမ် (၂)လုံး၊ (၆)ခန်းတွဲ ဆရာမနေအိမ် (၁)လုံး၊ ဆေးစတို၊ မိခင်ကလေး အဆောက်အအုံတို့ကို အစိုးရဘက်ဂျက်နဲ့ ဆောက်လုပ်ခဲ့ပြီး လူနာစောင့်နားနေဆောင်၊ ဓာတ်ခွဲဆောင်၊ သရဏဂုံတင် ဇရပ်တို့ကို အများပြည်သူအလှူငွေနဲ့ ဆောက်လုပ်ခဲ့ပါတယ်။ စုစုပေါင်း(၁၄)ဆောင် ဆောက်လုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၇မှာ ပင်းတယမြို့နယ် ကြက်ခြေနီအသင်းအတွက် နှစ်ထပ်ရုံးတစ်ရုံးကို ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ ပင်းတယမြောက်ဖျားက မိုင်းအင်ကျေးရွာမှာ ခန့်ခန့်ထည်ထည်ရှိလှတဲ့ မိုင်းအင်တိုက်နယ် ဆေးရုံသစ်ကြီးကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်”ဟု ဒေါက်တာသန်းမင်းထွဋ်က ပြောပြခဲ့ သည်။

အခြားဆောင်ရွက်မှုများအနေဖြင့် လူနာများကို နေ့ညမနားမနေ ကုသပေးခြင်း၊ မျက်စိလူနာများကို အတွင်းတိမ်ခွဲခြင်း၊ လည်ပင်းကြီးလူနာများကို အခမဲ့ခွဲခြင်း၊ သွားမရှိသည့်သက်ကြီးရွယ်အိုများကို အံကပ်လှူခြင်း၊ နှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေးများကို အခမဲ့ခွဲခြင်း၊ ခြေထောက်ပြတ်နေသူကို ခြေတုတပ်ဆင်ခြင်းတို့အပြင် ကျေးလက်ဆေးပေးခန်းများ ဆောက်လုပ်ပေးခြင်းကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပင်းတယကိုအလင်းဆောင်ပေးခဲ့သည့် မီးအိမ်ရှင်ဆရာဝန် မြောင်းမြသို့ပြောင်းလာပြီဆိုသည့် သတင်းကြားသည့်အခါ ပျော်ရွှင်နေသူတို့က မြောင်းမြသူမြောင်းမြသားများပင်။ မြောင်းမြမြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတော့မည့် ဒေါက်တာသန်းမင်းထွဋ်ကတော့ မြောင်းမြတွင်လည်း ပရဟိတလုပ်ငန်းများကို တတ်အားသရွေ့ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။

“တစ်ခုပြောချင်တာက မြောင်းမြက ဆရာ့ကို တအားမျှော်လင့်ထားကြတယ်လေ။ ချက်ချင်း ဝုန်းဒိုင်းပြောင်းလဲလာမယ်လို့တော့ မထင်စေချင်ပါဘူး။ ဒီနေရာရဲ့လိုအပ်ချက်တွေသိအောင် အနည်းဆုံး ၆ လလောက်ရှာရပါဦးမယ်။ အဲဒီမှာရှိတဲ့ ပရဟိတအဖွဲ့တွေနဲ့ တသားတည်းဖြစ်အောင် ယုံကြည်မှုတည်ဆောက်ရပါဦးမယ်။ ေဒသတစ်ခုပြောင်းလဲဖွံ့ဖြိုးဖို့ ပထမ၂နှစ်- ၃နှစ်က မျိုးစေ့ချတဲ့အချိန်ပါ။ အခုချိန်ကျမှ အပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်တဲ့အချိန်ပါ . . ပထမ ၂နှစ်ခွဲ ၃ နှစ်အတွင်းမှာ ယုံကြည်မှုတည်ဆောက်တာ၊ ပြည်သူလူထုပူးပေါင်းပါဝင်အောင် ဆောင်ရွက်တာတို့ အများကြီးလုပ်ရပါမယ်။ ပြည်သူနဲ့ကိုယ် တသားတည်းဖြစ်ပြီဆိုမှ ကျန်တာဆက်လုပ်နိုင်တာပါ။ အနည်းဆုံး ၃နှစ်တော့ ကြာလိမ့်မယ်။ ဒါလေးကို ဆန္ဒမစောစေချင်ပါဘူး”

“ပင်းတယမြို့နှင့်ပတ်သက်၍ အခုလောလောဆယ် ရေတွင်းတူးဖို့ အလှူခံရရှိထားတာလေးတွေရှိတယ်၊ ဆက်လုပ်မှာပါ။ ဆရာ့ငွေကြေးကို စီမံခန့်ခွဲတဲ့ အဖွဲ့ကလည်း ပင်းတယမှာပဲ ကျန်ခဲ့မှာဖြစ်တဲ့အတွက် အလှူရှင်တွေရဲ့ငွေကို ဘဏ်အကောင့်ထဲလွှဲပေးရင် သူတို့က ဆက်ပြီး စီမံခန့်ခွဲလုပ်ဆောင်သွားမှာပါ။ ဘိုးဘွားရိပ်သာ၊ စာကြည့်တိုက် အကုန်လုံးကလည်းဆက်လုပ်မှာ။ ဆရာတို့က စနစ်တစ်ခုချမှတ်ခဲ့မှ အရှည်တည်တံ့မှာ။ မဟုတ်ရင် ဆရာပြောင်းသွားတာနဲ့ စာကြည့်တိုက်က ပျက်သွား၊ ဘိုးဘွားရိပ်သာက ဖရိုဖရဲဖြစ်သွား . . ဒါဆို ကိုယ်ထောင်ထားတာက ဘာမှမထူးဘူးလေ”

ဒေါက်တာသန်းမင်းထွဋ် တည်ထောင်ခဲ့သည့် မီးအိမ်ရှင်ဖောင်ဒေးရှင်းမှ ပင်းတယမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် သွေးလှူရှင်အားလုံးတို့အား အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ HIV ပိုး အခမဲ့စစ်ဆေးပေးပြီး ဘီပိုးကာကွယ်ဆေးကို မကြာမီ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ရွှေတောင်ကြီးပြိုလဲသွားပြီ”ဆိုပြီး ဝမ်းနည်းစွာ ငိုကြွေးနေကြသည့် ဓနုမြေမှ ဘိုးဘွားမိတ်ဆွေများအတွက်-

“ပရဟိတသမားဆိုတာ လက်တွဲပေးရတဲ့သူပါ။ လက်တွဲပြီး လမ်းလျှောက်တတ်အောင် ကူပေးရတာပါ။ လျှောက်တတ်ပြီဆိုရင် လက်လွှတ်ပေးရပါတယ်။ လက်လွှတ်မပေးဘဲနဲ့ ဆက်တွဲနေရင် မှီခိုလွန်းပြီး သူ့ဘာသာသူ မလျှောက်တတ်တော့ပါဘူး။ ဒီတော့ ဆရာရဲ့ လောလောဆယ်အနေအထားက လက်တွဲပြီး ကူရမယ့်အနေအထား ကူပြီးပါပြီ။ အခု ကိုယ့်ဘာသာ လမ်းလျှောက်ရမယ့်အချိန်မှာ ဆက်လျှောက်ကြပါလို့ ပြောချင်ပါတယ်”ဟု ဒေါက်တာသန်းမင်းထွဋ်က ပင်းတယမြို့သူ ပင်းတယမြို့သားများကို ပြောကြားထားသည်။

ပင်းတယမြေမှာ ဆရာစွမ်းသလောက် တိုင်းရင်းသားတွေအတွက် ကြိုးစားပေးခဲ့ပါတယ်။ မြောင်းမြကို ပြောင်းပေမယ့်လည်း ပင်းတယအတွက်ပါ ဆက်ကြိုးစားနေပါဦးမယ်။ ဆရာလုပ်တဲ့ ပရဟိတအလုပ်က ပိုကျယ်လာတယ်လို့ပဲ ယူဆပါတယ်။

ဆရာတင်မိုးကဗျာလေးလိုပါပဲ။

“ဖန်မီးအိမ်လေဟာ-
နေမင်းပမာ၊ သော်တာအလား
မဝံ့ငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို၊ အလှဆင်နေပါဦးမယ်။”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top