Healthy Life Ad
Health Tips

ကမ္ဘာပေါ်တွင် အကျန်းမာဆုံး နှလုံးပိုင်ရှင်များကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အထိုင်များတာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ ရှိတာက နှလုံးကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ ဆရာဝန်တွေက သတိပေးထားပြီးသား ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ သွေးကြောပိတ်ရာက နှလုံးရောဂါဖြစ်နှုန်း မြင့်တက်စေလို့ပါပဲ။ ကမ္ဘာပေါ်မှာ နှလုံးကျန်းမာရေး အကောင်းဆုံးဆိုသူတွေကို သိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။ သူတို့ကတော့ စီမိန်းလူမျိုးတွေပါပဲ။

စီမိန်းလူမျိုးဆိုတာ အမေဇုံတောထဲက လူမျိုးစုတစ်ခု ဖြစ်ပါတယ်။ ဒီလူမျိုးတွေက အမြဲတမ်း တက်တက်ကြွကြွ နေထိုင်ကြတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ သူတို့က အမဲလိုက်ခြင်း၊ ငါးမြားခြင်း၊ ကျွဲနွားတိရစ္ဆာန်တွေစားဖို့ အစာတွေကို ရှာပေးရခြင်း စတာတွေလုပ်ပြီး ရှင်သန်နေထိုင်ကြသူတွေပါ။ ဒီလို သဘာဝနဲ့ နီးစပ်ပြီး လှုပ်ရှားရှင်သန်နေတဲ့ သူတိုရဲ့ အမူအကျင့်တွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေတာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချထားပါတယ်။

တွေ့ရှိချက်ကို လန်းဆက်ဂျာနယ်မှာ အခုလို ဖော်ပြထားပါတယ်။

စီမိန်းလူမျိုးစုတွေက အမေရိကန်လူမျိုးတွေထက် နှလုံးသွေးကြောကျဉ်းခြင်း ဖြစ်နိုင်ခြေ ငါးဆပိုနည်းပါတယ်။ အသက် ၈၀ အရွယ် စီမိန်းလူမျိုးတစ်ဦးရဲ့ နှလုံးကျန်းမာရေး အခြေအနေက အသက် ၅၀ အရွယ် အမေရိကန်လူမျိုးတွေနဲ့ အတူတူလောက်ပါပဲ။ လေ့လာပြီးသလောက် စီမိန်းလူမျိုးစုတွေက နှလုံးသွေးကြောရောဂါ အဖြစ်အနည်းဆုံးဆိုတာ တွေ့ရှိရပါတယ်။

စီမိန်းလူမျိုးစုတွေရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပြီး-

• အမျှင်ဓာတ်များ၊ ကာဗိုဟိုက်ဒရိတ်များတဲ့ အစာကို စားတယ်။ (ဒါတွေက ပြုပြင်ထားတာ မဟုတ်ဘူး) အများအားဖြင့် ပြောင်း၊ ဆန်၊ အခွံမာအစေ့အဆန်၊ သစ်သီး၊ သစ်မြစ်၊ သစ်ဥ စတာတွေ။

• သူတို့စားတာတွေက ပြည့်ဝဆီနည်းတယ်။

• ငါးစားတယ်၊ သူတို့စားသမျှ အစာတွေရဲ့ ၁၄ ရာခိုင်နှုန်းက ငါးဖြစ်တယ်။

• အစာအတွက် ကိုယ့်ဘာသာ အမဲလိုက်ခြင်း၊ တခြားအလုပ်တွေ လုပ်ဆောင်ခြင်းတွေကြောင့် အမြဲလှုပ်ရှားနေကြတယ်။

• ဆေးလိပ် လုံးဝမသောက်ဘူး။

• စီမိန်းလူမျိုးတွေက တစ်နေ့တာလုံးရဲ့ ၁၀ ရာခိုင်နှုန်းပဲ ငြိမ်ငြိမ်နေပါသတဲ့။ သူတို့နိုးနေတဲ့ အချိန်တစ်ဝက်ကျော်ကို ထိုင်တာ၊ အိပ်တာ၊ ဘာမှမလုပ်ဘဲ ငိုင်နေတာတွေနဲ့ အချိန်မဖြုန်းဘူး။ ဒါကြောင့် ဘာဆေးမှ သောက်စရာမလိုဘဲ နှလုံးကျန်းမာရေး အကောင်းဆုံး ဖြစ်နေတယ်လို့ လေ့လာသူတွေက မှတ်ချက်ချထားပါတယ်။

Most Popular

Healthy Life Ad
To Top