Healthy Life Ad
Life Style

ထက်မြက်ပြီး အစဉ်စမတ်ကျနေစေမည့်နည်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ချိန်းဆိုထားတဲ့အရာတွေကို မေ့လျော့နေသလား၊ သော့တွေ မကြာခဏပျောက်နေပါသလား၊ လူတွေကိုတွေ့ရင် မျက်နှာကို မှတ်မိပေမယ့် နာမည်ကိုမေ့နေတတ်သလား။ အသက်ကြီးလာတဲ့အခါမှာ မှတ်ဉာဏ်စွမ်းအား ကျလာတတ်ပါတယ်။ မှတ်ဉာဏ်စွမ်းအားမကျဘဲ ဉာဏ်ရည်ထက်မြက်နေစေဖို့ အောက်ပါအချက်တွေကို လိုက်နာပေးပါ။

(၁) တက်ကြွစွာ လှုပ်ရှားပါ

တစ်ပတ်မှာ အနည်းဆုံး ငါးရက်ခန့် တစ်နေ့ မိနစ် ၃၀ လေကောင်းလေသန့် ရရှိတဲ့နေရာမှာ လမ်းလျှောက်ပါ ဒါမှမဟုတ် နေကိုအလေးပြုတဲ့ ယောဂကျင့်စဉ်ကိုကျင့်ပါ။ ပခုံးကိုမတ်မတ်ထားပြီး တက်ကြွတဲ့ကိုယ်ဟန်ရှိတာက ဦးနှောက်ဆီကို သွေးစီးဆင်းမှုကောင်းစေပါတယ်။

(၂) လေ့လာမှတ်သားပါ

မှတ်ဉာဏ်ဟာအသုံးမပြုရင် ဆုံးရှုံးသွားတတ်ပါတယ်။ ကဗျာ၊ စာတွေကို လေ့လာတာ၊ ဘာသာစကားအသစ်သင်ယူတာတွေက ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ရာရောက်ပြီး မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။

(၃) ဦးနှောက်ကို အစာကျွေးပါ

ကန်ဇွန်းဥ၊ ဟင်းနုနယ်၊ လိမ္မော်သီး၊ မုန်လာဥနီ၊ နွားနို့၊ ထောပတ်နဲ့ ဗာဒံစေ့တွေက မှတ်ဉာဏ်ကောင်းစေတဲ့ အစာတွေဖြစ်ကြပါတယ်။

(၄) စိတ်နှင့်ခန္ဓာကို အဆိပ်ဖြေလျှော့ပါ

ရေများများသောက်တာက ဦးနှောက်ကိုပါ လန်းဆန်းသွားစေပါတယ်။ သွေးတိုးတာ၊ နာမကျန်းတာ၊ စိတ်ညစ်တာတွေကြောင့် ကိုယ်ခန္ဓာကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အတွက် ရောဂါဝေဒနာကို အစောပိုင်းကတည်းက သက်သာအောင်ကုသပါ။

(၅) လက်ဖက်ရည်ကြမ်းသောက်ပါ

ရေနွေးပူပူထဲကို လက်ဖက်ခြောက်ခတ်ပြီး ၁၀ မိနစ်ခန့်စိမ်ကာ သောက်ပေးပါ။ တစ်နေ့မှာ နှစ်ကြိမ်လောက် လက်ဖက်ရည်ကြမ်းသောက်ပေးရင် မှတ်ဉာဏ်စွမ်းအားကို ကောင်းမွန်စေပါတယ်။

(၆) ပန်းရနံ့ရှူရှိုက်ပါ

နှာခေါင်းက သင်းပျံ့တဲ့ပန်းရနံ့ကို ရှူလိုက်ရရင် တစ်နေ့တာအတွင်း ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း ပိုကောင်းစေပါတယ်။

(၇) အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ပါ

အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ရတဲ့ ယောဂကျင့်စဉ်တွေက ဦးနှောက်ရဲ့ဘယ်နဲ့ညာအခြမ်းကို လှုံ့ဆော်ပေးပြီး မှတ်ဉာဏ်ကိုကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top