Healthy Life Ad
Life Style

စမတ်ကျလှပသော အမျိုးသမီးတို့ လက်ကိုင်ထားသည့် အချက်ငါးရပ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကျန်းမာလှပပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေဟာ နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အလေ့အထတွေကို ဆောင်ရွက်လေ့ရှိကြပါတယ်။ သူတို့အနေနဲ့ နံနက်စာကို ပုံမှန်စားတာ၊ ရေအလုံအလောက်သောက်တာ၊ အိပ်ရေးဝ၀ အိပ်စက်အနားယူတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးအလေးထားတာ၊ စိတ်ဖိစီးမှုကိုလျှော့ချတာ.. စတဲ့အလေ့အထတွေကို ပုံမှန်လိုက်နာတာကြောင့် ကျန်းမာရေးကောင်းမွန်နေကြတာဖြစ်သလို လှပကြည့်ကောင်းနေရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ကျလှပပြီး ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှုရှိလိုသူတိုင်း အဲဒီလိုအလေ့အထတွေ စွဲစွဲမြဲမြဲ လက်ကိုင်ထားသင့်ပါတယ်။

(၁) နံနက်စာ ပုံမှန်စားခြင်း

အမျိုးသမီးအများစုက နံနက်စာကို များများစားလေ့မရှိတဲ့အပြင် ဖြစ်သလို စားတတ်တာများပါတယ်။ နံနက်စာမစားဘဲနေတာက တစ်နေ့လုံး ရိုလာကိုစတာ စီးနေရသလို ပင်ပန်းမူးဝေစေပါတယ်။ နံနက်စာကို မဖြစ်မနေစားသင့်ပြီး စားတဲ့နံနက်စာကလည်း ကျန်းမာရေးနဲ့ ညီညွတ်မှုရှိသင့်ပါတယ်။ နံနက်စာမှာ ကာဗိုဟိုက်ဒရိတ်အစာ၊ ပရိုတင်းဓာတ်၊ အခွံမာတဲ့ အစေ့အဆန်၊ သစ်သီးဝလံ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်သင့်ပါတယ်။ တစ်နေကုန် စမတ်ကျလှပကြည့် ကောင်းတဲ့အမျိုးသမီးတွေက နံနက်စာကို ပုံမှန်ကောင်းမွန်စွာ စားလေ့ရှိပါတယ်။

(၂) ရေဓာတ်ပြည့်ဝအောင် ထိန်းခြင်း

ရေကို အလုံအလောက် မသောက်တာကြောင့် ရေဓာတ်ခမ်းခြောက်မှု ဖြစ်စေနိုင်ပြီး အာရုံစူးစိုက်မှု မကောင်းတာ၊ ခေါင်းကိုက်တာ၊ အိပ်ရေးပျက်တာ၊ အသားအရေခြောက်သွေ့တာ၊ အဆစ်ပြဿနာနဲ့ အစာခြေစနစ် ဝေဒနာတချို့တို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ရေနှစ်လီတာခန့် သောက်ပါ။ လေ့ကျင့်ခန်းလုပ်သူဆိုရင် တစ်နာရီလေ့ကျင့်ခန်းလုပ်တိုင်း ရေတစ်လီတာ ပိုသောက်ပါ။ ရာသီဥတုကပူရင် ရေတစ်လီတာ ပိုသောက်ပါ။ စမတ်ကျလှပတဲ့ အမျိုးသမီးတွေက ရေဘူးကို သွားလေရာ အမြဲဆောင်ထားလေ့ ရှိပါတယ်။

(၃) တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းမွန်ခြင်း

တစ်ကိုယ်ရေသန့်ရှင်းရေးက အမျိုးသမီးတို့ လှပကျန်းမာမှုရဲ ့ အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းကြည်လင်ပြီး အသားအရေ လှပကျန်းမာတဲ့ အမျိုးသမီးတွေက အဆင့်အတန်းမြင့်တဲ့အသွင် ရှိနေတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ရေနှစ်ကြိမ်ချိုးပါ၊ တစ်ပတ်တစ်ခါ ကြေးချွတ်သန့်စင်ပေးပါ၊ လက်သည်း၊ ခြေသည်းတွေကို မှန်မှန်လှီးဖြတ်ပြီး သန့်ရှင်းရေးလုပ်ပေးပါ၊ အသားအရေကို ကျန်းမာပြီး နုပျိုအောင်ထိန်းသိမ်းပါ၊ အထူးသဖြင့် ရာသီလာတဲ့ နေ့ရက်တွေမှာ လစဉ်အမျိုးသမီးသုံးပစ္စည်းကို အချိန်မှန်မှန်လဲကာ မိန်းမကိုယ်အင်္ဂါတစ်ဝိုက်ကို သေချာသန့်စင်ပေးပါ။ ဒါဆိုရင် မွှေးရနံ့သင်းပျံ့ကာ နှစ်လိုဖွယ်ရာ အမျိုးသမီးတစ်ဦးအဖြစ် လူပုံအလယ် ဝင့်ထည်နေမှာ ဖြစ်ပါတယ်။

(၄) အိပ်ချိန်အလုံအလောက်ရှိခြင်း

အိပ်စက်တာက ခန္ဓာကိုယ်ကို ပြန်လည်အားပြည့်အောင် လုပ်နိုင်တဲ့ အခွင့်အရေးကောင်းဖြစ်ပါတယ်။ အိပ်ချိန်အလုံအလောက်မရရင် ခန္ဓာကိုယ်ရှိ နွမ်းနယ်ထိခိုက်မှုကို ပြန်ပြုပြင်အားဖြည့်ဖို့ အချိန်မရတဲ့အတွက် နောက်တစ်နေ့မှာ လန်းလန်းဆန်းဆန်း မဖြစ်နိုင်ပါဘူး။ ညတိုင်း ၁၀ နာရီခွဲမှာ အိပ်ရာထဲဝင်ဖို့ကြိုးစားပြီး တစ်ညမှာ အနည်းဆုံးအိပ်ချိန် ၇ နာရီရရှိအောင် အားထုတ်သင့်ပါတယ်။ စမတ်ကျလှပတဲ့ အမျိုးသမီးတွေက အလုပ်လုပ်ချိန် အလုပ်လုပ်ပြီး အပန်းဖြေအနားယူချိန်ကို အပြည့်အဝရယူတတ်သူတွေ ဖြစ်ကြပါတယ်။ အိပ်စက်ချိန်မှာ ဖုန်းနဲ့ ကွန်ပျူတာတွေကို ပိတ်ထားရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေနိုင်ပါတယ်။

(၅) စိတ်ဖိစီးမှုကင်းပြီး စိတ်ကြည်လင်လန်းဆန်းခြင်း

စိတ်ဖိစီးမှုဆိုတာ လူတိုင်းကြုံတွေ့နိုင်တဲ့အရာပါ။ စမတ်ကျလှပပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိနေဖို့ဆိုရင် ဝမ်းနည်းတာ၊ ပူပင်သောကများတာ၊ စိတ်ဓာတ်ကျတာ၊ အဆိုးမြင်တာ စတဲ့ စိတ်ခံစားမှုတွေကင်းဝေးပြီး အမြဲကျေနပ်ရောင့်ရဲတတ်ဖို့ လိုပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ စာအုပ်ဖတ်တာ၊ သစ်ပင်စိုက်တာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ၊ တရားထိုင်တာ၊ ကလေးတွေနဲ့ ကစားတာ စတဲ့ ကိုယ်နှစ်သက်တဲ့ နည်းလမ်းတစ်ခုခုကို လုပ်ဆောင်ဖို့လိုပါတယ်။ စမတ်ကျလှပတဲ့ အမျိုးသမီးအများစုက လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်လေ့ရှိပါတယ်။ ကျန်းမာပြီး လှုပ်ရှားမှုရှိသူတွေက မကျန်းမာသူတွေထက် ပိုပြီး အလုပ်တွင်ကျယ်ကာ ပိုမိုပျော်ရွှင်မှုရှိကြပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် ရောဂါအတော်များများကို တွန်းလှန်နိုင်တဲ့အပြင် ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို အမြဲပိုင်ဆိုင်ကာ စွမ်းအင်အပြည့်နဲ့ ပေါ့ပါးသွက်လက်နေတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top