Healthy Life Ad
Health Tips

လူငယ်လူရွယ်တို့ကို လေဖြတ်နိုင်ခြေ များစေသော အကြောင်းရင်း လေးသွယ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အခုခေတ်မှာ အသက်ငယ်တဲ့သူတွေ ဆိုရင် လေဖြတ်မှာမဟုတ်ဘူးလို့ ယူဆလို့ မရတော့ပါဘူး။ လေဖြတ်ရောဂါ ခံစားနေ ရသူတွေထဲမှာ လူငယ်လူရွယ်တွေလည်း ပါဝင်နေတာကြောင့် လေဖြတ်စေနိုင်တဲ့ အကြောင်းရင်းတွေကို မျှဝေလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုများခြင်း
စိတ်ကို ငြိမ်ငြိမ်ထားပါ။ လေဖြတ်ခြင်းဖြစ်စေနိုင်တဲ့ အန္တရာယ်တွေကို ဆရာဝန်တွေကိုမေးရင် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ စသဖြင့် ပြောပြပါလိမ့်မယ်။ လေဖြတ်စေတဲ့အဓိက အချက်က စိတ်ဖိစီးမှုများတာပါ။ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်တဲ့အခါမှာ သွေးတိုးပြီး ဦးနှောက်သွေးကြောတွေကို ထိခိုက် စေနိုင်ပါတယ်။

၂။ ရန်လိုခြင်း
အသက်ကြီးခြင်းအကြောင်း လတ်တလော လေ့လာမှုတစ်ရပ်အရ ဆတ်ဆတ်ထိမခံဘဲ ရန်လိုတတ်သူတွေဟာ စိတ်အေးလက်အေးနေတတ်သူတွေနဲ့ယှဉ်ရင် သွေးကြောပိုမိုထူထဲတတ်ကြောင်း သိရပါတယ်။ သွေးကြောတွေ ထူထဲလာဖို့ အချိန်ယူရတတ်ပေမယ့် ပြင်းထန်တဲ့အဆင့်မှာ ဦးနှောက်ဆီကိုသွားတဲ့ သွေးပိတ်ဆို့ရင် အောက်ဆီဂျင် ပြတ်လပ်သွားနိုင်ပါတယ်။ အဲဒီအခါ ဦးနှောက်ဆဲလ်တွေ သေဆုံးပြီး လေဖြတ်နိုင်ပါတယ်။

၃။ အထီးကျန်ခြင်း
အထီးကျန်တာက နှလုံးကို သက်ရောက်ပြီး နာကျင်ထိခိုက်စေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အထီးကျန်တဲ့အရွယ်ရောက်သူတွေကို လေးနှစ်ကြာ လေ့လာတဲ့ ချီကာဂို တက္ကသိုလ်ရဲ့လေ့လာမှုတစ်ရပ်အရ အထီးကျန်ဆုံးလူတွေဟာ ကိုယ်အလေးချိန်များတာ၊ ဆေးလိပ်သောက်တာ၊ လှုပ်ရှားမှုနည်းတာတွေနဲ့ မဆိုင်ဘဲ နှစ်တိုင်းသွေးဖိအားမြင့်တက်နေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အထီးကျန်တာက စိတ်ဖိစီးမှုဟော် မုန်းကော်တီစောပမာဏမြင့်တက်တာနဲ့ ဆက်စပ်မှုရှိပြီး ဒီဟော်မုန်းမြင့်တက်တာက သွေးတိုးစေလို့ပါ။ (သွေးတိုးတာက လေဖြတ်နိုင်ခြေ မြင့်တက်စေတဲ့ အချက်ပါ။)

၄။ အိမ်ထောင်ကွဲခြင်း
အိမ်ထောင်ကွဲထားတဲ့ အမျိုးသားတွေဟာ အိမ်ထောင်ရေးအဆင်ပြေတဲ့ အမျိုးသားတွေနဲ့ယှဉ်ရင် လေဖြတ်နိုင်ခြေ ၆၄ ရာခိုင်နှုန်းမြင့်မားစေကြောင်း ၂၀၁၀ အမေရိကန်လေဖြတ်ခြင်းအကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ပျော်ရွှင်ဖွယ် မကောင်းတဲ့ အိမ်ထောင်ရေးအခြေအနေရှိသူတွေဟာ အထီးကျန်ပြီး ဖိစီးမှုများရတာကြောင့် ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top