Healthy Life Ad
Life Style

နုပျိုငယ်ရွယ်မှုကို အချိန်မတိုင်မီ ဖျက်ဆီးပစ်နိုင်သည့် အချက်များ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

သင့်အသက်က ဘယ်လောက်ပဲဖြစ်ဖြစ် အသားအရေထိန်းသိမ်းမှုကို လုပ်ဆောင်ဖို့ စောလွန်း/ နောက်ကျလွန်းနေတာမျိုး မရှိပါဘူး။ အခုအချိန်က အသားအရေ ထိန်းသိမ်းသင့်တဲ့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ ့ အပြင်ဘက်ဆုံးအလွှာဖြစ်တဲ့ အရေပြားက လူတွေမြင်တွေ့နိုင်တဲ့ အစိတ်အပိုင်းဖြစ်ပြီး သင်ရဲ ့ကျန်းမာရေးအခြေအနေနဲ့ အသက်အရွယ်ကို ဖော်ပြနိုင်တဲ့ အစိတ်အပိုင်းလည်း ဖြစ်နေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အမြဲတမ်းနုပျိုလှပနေစေဖို့ သင့်အသားအရေကို ထိခိုက်စေတဲ့ အချက်တွေကို ရှောင်သင့်ပါတယ်။

စီးကရက်မီးခိုး

သင်က ဆေးလိပ်သောက်ရင် ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့သူနဲ့ အချိန်ဖြုန်းရင် စီးကရက်မီးခိုးတွေကြောင့် အသားအရေက ညစ်နွမ်းပြီး အိုမင်းနေပါလိမ့်မယ်။ စီးကရက်မီးခိုးတွေက အသားအရေကို အရေးကြောင်းထင်တာနဲ့ ခြောက်သွေ့တာကို သိသိသာသာဖြစ်စေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါက ဆေးလိပ်သောက်တာကြောင့် ဖြစ်သလို စီးကရက်မီးခိုးတွေက ခန္ဓာကိုယ်ထဲက ဗီတာမင်စီဓာတ်ကို ဖယ်ရှားပစ်တာကြောင့်လည်း ဖြစ်ပါတယ်။ ဗီတာမင်စီက အရေပြားက စိုပြည်ပြီး ပြည့်တင်းစေတဲ့ အင်တီအောက်ဆီးဒင့်ဖြစ်ပါတယ်။ သင်က ဆေးလိပ်သောက်သူဖြစ်စေ၊ မသောက်သူဖြစ်စေ ဆေးလိပ်မီးခိုးတွေနဲ့ ထိတွေ့မှုဟာ နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုလိုပဲ အရေပြားကို အိုမင်းလွယ်စေပါတယ်။

ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု

နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်ဟာလည်း အရေပြားကို အချိန်မတိုင်ခင် အိုမင်းပျက်စီးလွယ်စေတဲ့ အရာပါပဲ။ အရေပြားကို အကာအကွယ်မပါဘဲ နေရောင်ခြည်နဲ့ထိတွေ့မှုကြောင့် အရေပြားမှာ နေလောင်တာ၊ အမည်းစက်ထင်တာနဲ့ ခြောက်သွေ့နွမ်းနယ်တာတွေ ဖြစ်တတ်ပါတယ်။ အရေပြားမှာ အရေးကြောင်းထင်တာနဲ့ တွဲကျတာတွေလည်း မြန်မြန်ဖြစ်လာတတ်ပါတယ်။ အရေပြားကင်ဆာဖြစ်နိုင်ခြေလည်း မြင့်တက်လာပါတယ်။ ဒီလိုပြောလိုက်လို့ နေပူထဲကို မထွက်ဘဲနေဖို့မလိုပါဘူး။ အလွန်ပြင်းလွန်းတဲ့ နေရှိန်ကို မထိအောင်ရှောင်ဖို့နဲ့ အပြင်သွားတိုင်း SPF15 ဆပါတဲ့ နေကာခရင်မ်ကို လိမ်းဖို့လိုပါတယ်။

လေ့ကျင့်ခန်းမလုပ်ခြင်း

အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံရှိတာက အရေပြားကို အရွယ်မတိုင်ခင် အိုမင်းနွမ်းနယ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးမှသာ သွေးလှည့်ပတ်မှုကောင်းပြီး ကြွက်သားတွေ တင်းအားရှိနေမှာပါ။ ဒါကြောင့် အိုမင်းမှုတားတဲ့ အသားအရေထိန်းသိမ်းမှုအခန်းကဏ္ဍမှာ လေ့ကျင့်ခန်းကလည်း နေရာတစ်နေရာကနေ ပါဝင်နေတာဖြစ်ပါတယ်။ အထိုင်များတဲ့ အသက်ကြီးသူတွေဟာ သူငယ်ပြန်မှတ်ဉာဏ် လျော့နည်းရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီး တောက်ပတဲ့ အပြုံးပြုံးကာ စွမ်းအင်တွေ ရှိနေတာကလည်း သင့်ကို အမြဲကြည့်ကောင်းကာ နုပျိုနေစေမှာ ဖြစ်ပါတယ်။

အရက်သောက်ခြင်း

အရက်ဟာ အရေပြားထဲက သွေးကြောငယ်လေးတွေကို ကျယ်စေပြီး အရေပြားမျက်နှာပြင်အနီးမှာ သွေးစီးဆင်းမှုကို တိုးစေပါတယ်။ အရက်ကို စွဲသောက်တာကြောင့် ဒီသွေးကြောတွေက ထိခိုက်ပျက်စီးသွားပြီး အရေပြားမျက်နှာပြင်မှာ နီမြန်းနေတာပဲ ဖြစ်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုနဲ့ ပူပင်သောကကြောင့် မျက်မှောင်ကြုတ်ဖြစ်စေပါတယ်။ ဒီလိုလုပ်တာ အချိန်ကြာလာတာနဲ့အမျှ မျက်နှာပေါ်က ကြွက်သားတွေဟာ အရေးကြောင်း ထင်စေပါတော့တယ်။ စိတ်ဖိစီးမှုကြောင့် အရေပြားအိုမင်းမှုမဖြစ်စေဖို့ သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုအဆင့်ကို သိနားလည်ပြီး တစ်နေ့တာအတွင်း မျက်နှာကြောကို လျှော့ချနိုင်ဖို့ ကြိုးစားပါ။ မျက်နှာကြွက်သားတွေ အပန်းပြေပြီး အနားရစေဖို့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ ညင်သာတဲ့ လေ့ကျင့်ခန်းလုပ်တာနဲ့ အပန်းပြေစေတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

အိပ်ရေးပျက်ခြင်း

အိပ်စက်ချိန်နည်းလွန်းတာက သင့်ကို ပင်ပန်းနွမ်းနယ်ကာ အိုမင်းတဲ့ ပုံပေါက်စေပါတယ်။ အိပ်ရေးပျက်တာ ကြာလာပါက မျက်ကွင်းညိုတာနဲ့ မျက်လုံးရဲတာတွေလည်း ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာက မှတ်ဉာဏ်နည်းပြီး အဆိုးမြင်အတွေးတွေ တွေးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ကျန်းမာလှပစေဖို့နဲ့ ကျန်းမာရေးကောင်းနေစေဖို့ တစ်နေ့မှာ ခုနစ်နာရီလောက်တော့ အိပ်စက်ချိန် ပေးသင့်ပါတယ်။ အိပ်ရေးဝ၀အိပ်ပျော်စေနိုင်ဖို့ ညဘက်အိပ်ရာမဝင်ခင် နှစ်နာရီအလိုမှာ ကဖင်းဓာတ်ပါတဲ့ အရည်တွေကို မသောက်ပါနဲ့။ ညစဉ် အချိန်မှန်မှန် အိပ်ရာဝင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top