Healthy Life Ad
Life Style

အသက် ၁၀ဝ ပြည့် မွေးနေ့ပွဲ ဆင်နွှဲနိုင်အောင်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသက် ၁၀ဝ ပြည့်မွေးနေ့ပွဲကို သား၊ သမီး၊ မြေး၊ မြစ်အစုံအလင်နဲ့ ဆင်နွှဲနိုင်ဖို့ဆိုရင် သက်ရှည် ကျန်းမာစေမယ့် နည်းလမ်းကောင်းတွေကို လိုက်နာသင့်ပါတယ်။

– ထိုက်ချိလေ့ကျင့်ခန်း ပြုလုပ်ပါ

ထိုက်ချိကစားနည်းဟာ တရုတ်နိုင်ငံမှာ နှစ်ထောင်ပေါင်းများစွာကတည်းက ပြုလုပ်ခဲ့တဲ့ အနာကျက်စေတဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ပျော်ရွှင်မှုကို ပေးနိုင်သလို သင့်ကို သန်စွမ်းကျန်းမာစေပါတယ်။ လတ်တလောလေ့လာမှုတွေအရ ထိုက်ချိကစားနည်းကို တစ်နေ့ မိနစ် ၃၀နဲ့ တစ်ပတ် သုံးကြိမ်လေ့ကျင့်တာကြောင့် စွမ်းအင်တိုးတာ၊ စိတ်ဖိစီးမှု လျော့ကျတာ၊ ဗိုင်းရပ်စ်တွေကို တွန်းလှန်နိုင်တဲ့ ကိုယ်ခံစွမ်းအားကောင်းတာ၊ သွေးပေါင်ကျတာ၊ တွေးခေါ်မြော်မြင်နိုင်စွမ်းကောင်းတာ၊ အဆစ်လှုပ်ရှားမှုကောင်းတာ၊ မကောင်းတဲ့ ကိုလက်စထရောလျော့ကျတာ၊ နာတာရှည်ညောင်းညာကိုက်ခဲမှု သက်သာတာနဲ့ ညဘက်အိပ်ရေးဝ၀ အိပ်မောကျစေတာ စတဲ့အစွမ်းတွေကို ရရှိစေပါတယ်။ ထိုက်ချိ ကစားတာကြောင့် ခြေသလုံး ကြွက်သားတွေကို သန်စွမ်းစေပြီး ခန္ဓာကိုယ်ဟန်ချက်ညီမျှစေပါတယ်။ ထိုက်ချိကစားနည်းကို ဘယ်အသက်အရွယ်မှာမဆို ပြုလုပ်နိုင်ပါတယ်။

– အဆီနည်းပါးသည့် အစားအသောက် စားသုံးပါ

မကောင်းတဲ့ အဆီနည်းပါးတဲ့ အစားအသောက်တွေဟာ သက်ရှည်ကျန်းမာစေဖို့အတွက် သော့ချက်ပါ။ သက်ရှည်ကျန်းမာတဲ့ လူမျိုးတွေ ဖြစ်ကြတဲ့ အိုကီနာဝါ၊ ဂျပန်၊ ရူဂါအိုစတဲ့ တိုင်းပြည်တွေမှာ နေထိုင်သူတွေဟာ ငါး၊ ဟင်းသီးဟင်းရွက်၊ မှို၊ ကျောက်ပွင့်၊ ပြောင်းဖူး စတာတွေကို များများ စားလေ့ရှိပြီး အသားကို လုံးဝ မစားကြပါဘူး။ ငါးနဲ့ ဟင်းသီးဟင်းရွက်များများပါပြီး တိရစ္ဆာန်အသားလျော့နည်းတဲ့ အစားအသောက်တွေကို စားတာက ကျန်းမာရေးအကျိုးကျေးဇူးအများကြီး ရရှိစေကြောင်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အသက်ရာကျော်ရှည်သူတွေက နှလုံးရောဂါ၊ အသည်းရောဂါတို့ ဖြစ်နှုန်းနည်းပြီး ကင်ဆာနဲ့ တခြားနာတာရှည်ရောဂါတို့ မဖြစ်သလောက် ရှားပါတယ်။

– စိတ်ဖိစီးမှုကို အမြန်ဆုံး တွန်းထုတ်လိုက်ပါ

သက်ရှည်ကျန်းမာကြသူတွေအနေနဲ့ လေကောင်းလေသန့်ရတဲ့နေရာ၊ ရေကောင်းရေသန့်၊ စိတ်ဖိစီးမှုနည်းပါးတာ၊ ကောင်းမွန်တဲ့ပတ်ဝန်းကျင် အနေအထားစတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်လေ့ရှိတယ်လို့ လေ့လာသိရှိရပါတယ်။ အသက်ရာကျော်ရှည်သူတွေက သဘာဝကျတဲ့ အစာတွေကိုပဲ ရွေးချယ်မှီဝဲလေ့ရှိပြီး ပြုပြင်ထားတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ဆင်ခြင်ကြပါတယ်။

မှတ်ချက်

အသက်ရာကျော်ရှည်သူတွေရဲ့ ဘဝနေထိုင်မှု ပုံစံက ရိုးစင်းပါတယ်။ သူတို့က တက်ကြွတဲ့ဘဝမျိုးမှာ နေထိုင်ပြီး များများ အနားယူလေ့ရှိကြပါတယ်။ တစ်ဘဝလုံး လေ့လာမှုနဲ့ ပျော်မွေ့ကြပြီး ခရီးသွားလာရတာကို နှစ်ခြိုက်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top