Healthy Life Ad
Health Tips

နေရောင်ဒဏ်ကာကွယ်ရန် မှတ်သားစရာအချက်များ

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး)မြောက်ဥက္ကလာပဆေးရုံကြီး။

(၁) မနက် ၁၀ နာရီနဲ့ ညနေသုံးနာရီကြားမှာ နေရောင်ဟာပြင်းထန်လွန်းတာကြောင့် တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

(၂) နေပူထဲထွက်မယ်ဆိုရင် နေကာမျက်မှန်၊ ဦးထုပ်အဝိုင်းကြီးကြီးနဲ့ ပဝါတွေကို စနစ်တကျသုံးသင့်ပါတယ်။

(၃) အဝတ်အစားကတော့ အရောင်ဖျော့ဖျော့ ခြောက်သွေ့နေတဲ့ချည်သားတွေကို လက်ရှည်၊ ကော်လာပါတဲ့ အကျီနဲ့ဘောင်းဘီရှည် ဝတ်ရပါမယ်။

(၄) လက်ဖမိုး၊ ခြေဖမိုး၊ နားရွက်၊ ဆံပင်တွေကိုလည်း တတ်နိုင်သမျှနေပူကာကွယ်ရပါမယ်။

(၅) နေရောင်ကာခရင်မ်ကို သုံးသင့်ပါတယ်။

(၆) အဆီမပါတဲ့၊ ရေဓာတ်ဖြည့်ပေးတဲ့ အရေပြားထိန်းပစ္စည်းတွေ သုံးသင့်ပါတယ်။

(၇) အမွှေးရနံ့နည်းတဲ့၊ အလှပြင်ပစ္စည်းတွေ၊ အရေပြားထိန်းပစ္စည်းတွေ သုံးသင့်ပါတယ်။ (အမွှေးရနံ့မှာ နေရောင်နဲ့ပေါင်းစပ်ဓာတ်မတည့်မှု ဖြစ်စေတတ်တဲ့ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်)

(၈) အရက်ပြန်မပါတဲ့ အလှပြင်အရေပြားထိန်းပစ္စည်းတွေ (Cosmetic and skin care) သုံးသင့်ပါတယ်။ (အရက်ပြန်ကအရေပြားကို ခြောက်သွေ့စေတဲ့အတွက် အရေပြားမှာရှိတဲ့ ရေဓာတ်နည်းသွားစေပြီး နေဒဏ်ကိုပိုခံရတတ်ပါတယ်)

(၉) မျက်နှာသန့်စင်တာကို စနစ်တကျ ပြုလုပ်သင့်ပါတယ်။ အရေပြားကိုပွတ်တိုက်စားစေ၊ ဖြူစေတဲ့ဆပ်ပြာ (Scrub, Cleanser) သန့်စင်ပစ္စည်းတွေကိုသုံးမယ်ဆိုရင် အရေပြားပွန်းပဲ့ထားလို့ နေရောင်ဒဏ်ခံနိုင်ရည် နည်းသွားတတ်ပါတယ်။

(၁၀) အရေပြားဟာ ညမှာပျက်စီးတာကို ပြန်ပြင်ပေးတတ်တဲ့အတွက် အိပ်ရေးဝအောင် အိပ်ရပါမယ်။

(၁၁) ကျန်းမာစေမယ့် အာဟာရစားရမယ်၊ ချိုလွန်း၊ အဆီများလွန်းတာ ရှောင်ရမယ်။ လတ်ဆတ်တဲ့သစ်သီး၊သစ်ရွက်တွေမှာ အင်တီအောက်ဆီးဒင့်တွေပါတဲ့အတွက် စားပေးရပါမယ်။

(၁၂) စိတ်သောကကို တတ်နိုင်သမျှရှောင်ရပါမယ်။

(၁၃) နေလောင်ဒဏ်ရာရခဲ့ရင် နေရောင်ကိုလုံးဝရှောင်သင့်ပါတယ်။ ရေအေး ဒါမှမဟုတ် ရေခဲရည်ထဲမှာ မွေးပွတဘက်နုနုလေးကို ထည့်နှစ်လိုက်ပြီး၊ ညှစ်လိုက်ပါ။ ပြီးရင် နေလောင်ထားတဲ့အရေပြားပေါ်ကို ကပ်ပေးပါ၊ ရေများများသောက်ပေးပါ။

အရေပြားယားရုံသက်သက်ဆိုရင် သနပ်ခါးရေကျဲလိမ်းရင်လည်း သက်သာတတ်ပါတယ်၊ အမွေးနံ့နည်းပြီး၊ အရက်ပြန်မပါတဲ့ အယားပျောက်ဆေးကို လိမ်းပေးပါ။ နေလောင်ပြီးစအချိန်မှာ မျက်နှာပေါင်းတင်၊ ကြေးချွတ်တာရှောင်ရပါမယ်။ မျက်နှာကိုကြမ်းကြမ်းသုတ်တာတောင် ရှောုင်သင့်ပါတယ်။
တကယ်လို့နေလောင်တဲ့အရေပြား ရောင်ပြီး၊ နီရဲ၊ အရောင်ပြောင်းနေရင်တော့ ဆရာဝန်ပြသဖို့သင့်ပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top