Healthy Life Ad
Life Style

သင်ဘယ်လောက် သန်စွမ်းကြံ့ခိုင်မှုရှိသလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ခန္ဓာကိုယ်သန်စွမ်းတာ၊ ဟန်ချက်ညီတာ၊ ပျော့ပျောင်းတာနဲ့ သက်လုံကောင်းမွန်တာတို့ဟာ သင်ဘယ်လောက် ကျန်းမာတယ်ဆိုတာကို ဖော်ပြနိုင်တဲ့ နည်းလမ်းကောင်းပဲဖြစ်ပါတယ်။ အောက်ပါမေးခွန်းတွေကို ဖြေကြည့်လိုက်လို့ အဖြေမှာ “Yes” များတယ်ဆိုရင် သင်က သင်ထင်ထားတာထက်ပိုပြီး သန်စွမ်းကြံ့ခိုင်မှုရှိနေပါတယ်။

(၁) အလုပ်သွားတဲ့အခါ လွယ်တဲ့အိတ်က လေးလံနေသလား
သင်က ၁၀ ပေါင်လေးတဲ့ အလေးတုံးကို သယ်မနိုင်မယ်လို့ထင်ရင် သင့်အိတ်၊ ထမင်းဘူးနဲ့ တခြား ဗာဟီရပစ္စည်းတွေထည့်ထားတဲ့အိတ် အစရှိတာတွေကို အလေးချိန် ချိန်ကြည့်လိုက်ပါ။ ပေါင်းလိုက်ရင် အလေးချိန် ၁၅ ပေါင်လောက်ရှိပါလိမ့်မယ်။ ဒါတွေကို သယ်ပြီး အပေါ်ထပ်၊ အောက်ထပ် ဆင်းနိုင်တယ်၊ ကားမှတ်တိုင်အထိ သွားလာနိုင်တယ်ဆိုရင် သင်ကတကယ်ကို သန်စွမ်းမှုရှိတဲ့သူပါ။

(၂) ကားထဲကို နာကျင်မှုမရှိဘဲတက်နိုင်၊ ဆင်းနိုင်သလား
ဒါက ဆောင့်ကြောင့်ထိုင်သလို အခြေခံကျတဲ့ လှုပ်ရှားမှုတစ်ခုပါ။ အသက်ကြီးလာတဲ့အခါ ကားအဆင်း၊ အတက်မှာတောင် ခက်ခဲတတ်ပါတယ်။ သင်က ကားအဆင်းအတက်ကို အခက်အခဲမရှိ၊ ဒူးနာကျင်မှုမရှိဘဲ လုပ်နိုင်တယ်ဆိုရင် ဒါကျန်းမာသန်စွမ်းတဲ့ လက္ခဏာပါပဲ။

(၃) အချိန်ကြာကြာ တန်းစီနိုင်သလား
လူအများစုဟာ တန်းစီရတဲ့အခါ ပေါင်တွေတောင့်တင်းလာတဲ့အတွက် ထိုင်တာ၊ ခါးကိုင်းတာတို့ လုပ်ဆောင်တာတို့ လုပ်တတ်ပါတယ်။ လူအများစုက တော့နာကျင်မှုကြီးကြီးမားမား မခံစားရဘဲ မတ်တပ်ရပ်နိုင်၊ တန်းစီနိုင်ပါတယ်။ အဲဒီလို တန်းစီနိုင်တယ်ဆိုရင် သင်က ခန္ဓာကိုယ်သန်စွမ်းကျန်းမာတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

(၄) ခရီးသွားတဲ့အခါ ကိုယ့်ခရီးဆောင်အိတ်ကို ကိုယ်သယ်နိုင်သလား
ခရီးဆောင်အိတ်ကိုသယ်မပြီး စစ်ဆေးတဲ့နေရာမှာ စစ်ဆေးနိုင်တာဟာ ကြွက်သားတွေသန်မာတင်းရင်းမှုရှိတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

(၅) အနားယူစရာမလိုဘဲ ဈေးဝယ်နိုင်သလား
ဈေးဆိုင်က အိမ်သုံးပစ္စည်းတွေဝယ်တဲ့အခါ တွန်းလှည်းမလိုဘဲအိတ်ကိုသယ်ပြီး လမ်းလျှောက်နိုင်ပါသလား။ ဒါမှမဟုတ် လေးလံတဲ့လှည်းကို မမောဘဲတွန်းနိုင်ပါသလား။ ဒါဆိုရင် သင်က သန်စွမ်းကျန်းမာမှုရှိပါတယ်။ နှလုံးသွေးကြောသန်စွမ်းတဲ့ တခြားလက္ခဏာလည်းဖြစ်ပါတယ်။

(၆) အဝတ်လျှော်ခြင်းတောင်းကိုင်ပြီး လှေကားတက်နိုင်သလား
လက်ထဲမှာ အဝတ်ခြင်းတောင်းသယ်ပြီး လှေကားအဆင်း၊ အတက်မှာ လမ်းလျှောက်နိုင်တာက ခန္ဓာကိုယ်ဟန်ချက်ညီမျှတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ လှေကားအတက်၊ အဆင်းမှာ ခန္ဓာကိုယ်ကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်ဆိုရင်၊ လက်ထဲလေးလံတဲ့ အသုံးအဆောင်သယ်မပြီး သွားလာနိုင်တယ်ဆိုရင် သင့်ခန္ဓာကိုယ်က သန်စွမ်းကြံ့ခိုင်နေပါတယ်။

(၇) လူစည်ကားတဲ့ မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်နိုင်သလား
လူတွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ရှုပ်နေတဲ့ မီးဖိုချောင်ထဲမှာ ပစ္စည်းတွေပြုတ်ကျတာ၊ ဟင်းပူလောင်တာ၊ ချော်လဲတာ စတာတွေမဖြစ်ဘဲ မတ်မတ်ရပ်ပြီး ချက်ပြုတ်နိုင်တယ်ဆိုရင် ခန္ဓာကိုယ်ဟန်ချက်ညီမျှမှုရှိတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

(၈) လှဲရင်း ကလေးကို ချီမြှောက်နိုင်သလား
သင်က အိပ်ရာထဲမှာလှဲလျောင်းရင်း ကလေးကိုချီမြှောက်နိုင်ပါသလား။ ကိုယ်အလေးချိန် ၃၀ ပေါင်လေးတဲ့ ကလေးကို ချီမြှောက်နိုင်တာက ၄၅ ပေါင်လေးတဲ့ အလေးတုံးကို မနိုင်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ ကလေးကို ချီမြှောက်တဲ့အခါ ခါးနာတဲ့ဝေဒနာမရဘဲ သန်စွမ်းမှုရှိစေဖို့ ကလေးသယ်မတဲ့ခန္ဓာကိုယ်ကို တစ်ဘက်စီလှည့်ကာ ထိန်းပေးပါ။

(၉) ကစားကွင်းထဲမှာ ကလေးတွေကို ထိန်းကျောင်းနိုင်သလား
ကစားကွင်းထဲမှာ ကလေးတွေကိုထိန်းကျောင်းရင်း အချိန်ကြာကြာနေနိုင်သလား။ ကလေးတွေလျှောစီးတဲ့အခါ ထိန်းကျောင်းတာကို လုပ်ဆောင်နိုင်သလား။ ဒီလိုလုပ်နိုင်တယ်ဆိုတာက နှလုံးသွေးကြော သန်စွမ်းကြံ့ခိုင်တဲ့ လက္ခဏာပဲဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top