Healthy Life Ad
Health Tips

အအေးမိဖျားနာချင်သလိုလို ဖြစ်ချိန်တွင် ဂရုစိုက်သင့်သည်များ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်မတို့အများစုဟာ ကိုယ့်ခန္ဓာကိုယ် ကျန်းမာရေးနဲ့ပတ်သက်ပြီး အားနည်းနေတာ၊ နေရတာ သက်သောင့်သက်သာမရှိတာ စတဲ့ အပြောင်းအလဲတွေကို မဖျားခင် အချိန်လေးမှာကြိုသတိထားမိတတ်ကြပါတယ်။ ဒါကြောင့် “အအေးမိချင်သလိုလို ဖြစ်နေတယ်” ဒါမှမဟုတ် “ငါတော့ ဖျားတော့မယ်ထင်တယ်” စတဲ့ စကားလုံးတွေကို ရေရွတ်မိကြတာပဲမဟုတ်ပါလား။

အဲဒီလို အအေးမိကာနီးအချိန်မှာ ကိုယ့်ကိုယ်ကိုဂရုစိုက်လိုက်မယ်ဆိုရင် သင့်ကို ဖျားနာစေမယ့် ဗိုင်းရပ်စ်ပိုး ဒါမှမဟုတ် ဘက်တီးရီးယားပိုးတွေကို သင့်ရဲ့ကိုယ်ခံအားစနစ်က တိုက်ထုတ်နိုင်ပြီး နေကောင်းလာပါလိမ့်မယ်။ အအေးမိချင်သလိုလို ဖြစ်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ်လျစ်လျူရှုပြီး ပေပေတေတေနေ လိုက်မယ်ဆိုရင်တော့ ပိုပြီး ဖျားနာလာပါလိမ့်မယ်။ ဒါကြောင့် အအေးမိဖျားနာချင်သလို ဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အနားများများယူပါ
အအေးမိချင်သလိုလို ခံစားနေရရင် စွမ်းအင်တွေကုန်တဲ့အထိ၊ ကိုယ်ခံစွမ်းအားကျတဲ့အထိ ပြင်းပြင်းထန်ထန် အလုပ်မလုပ်ပါနဲ့။ အိမ်မှာ လဲလျောင်းပြီး အနားယူပေးပါ။

(၂) ကြက်သီးနွေးရေနဲ့ ရေချိုးပေးပါ
သင့်ခန္ဓာကိုယ်က နွမ်းနယ်ပြီး မလန်းဆန်းဘူးဆိုရင် ပိုပြီး နေထိုင်မကောင်းဖြစ်တတ်ပါတယ်။ ဖျားချင်သလို ဖြစ်လို့ဆိုပြီး အိပ်ရာထဲမှာ စောင်ထူထူခြုံပြီး ကွေးနေတာကလည်း နည်းမှန်လမ်းမှန် မဟုတ်ပါဘူး။ ကြက်သီးနွေးရေနဲ့ ရေချိုးလိုက်ပါ ဒါမှမဟုတ် ရေပတ်တိုက်ပါ။ သင့်ခန္ဓာကိုယ်ကို လန်းဆန်းပေါ့ပါး သွားစေပါလိမ့်မယ်။ ရေနွေးငွေ့ဟာ အသက်ရှူလမ်းကြောင်း ပြဿနာတွေကိုပါ သက်သာစေပါတယ်။

(၃) အစားအသောက်ကို ကောင်းကောင်းစားပါ
သင်ဟာ ဖျားချင်သလိုဖြစ်နေရင် အစားအသောက်ကို စားချင်သောက်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ကိုအလိုမလိုက်ပါနဲ့။ အအေးမိဝေဒနာကို တိုက်ထုတ်နိုင်ဖို့ သင့်ခန္ဓာကိုယ်ဟာ အာဟာရကောင်းကောင်း လိုအပ်နေပါတယ်။ အလွယ်တကူ ကြေညက်နိုင်တဲ့ ပရိုတင်းများစွာပါဝင်တဲ့ အစားအသောက်စားပေးပါ။ ဒီအချိန်မှာ ကြက်စွပ်ပြုတ်ပူပူဟာ အအေးမိခြင်းကို တိုက်ထုတ်နိုင်စေတဲ့ အကောင်းဆုံးအာဟာရပါ။ ဒီအချိန်မှာ ဆီကြော်စာ၊ အချိုစာတွေနဲ့ အဆီအအိမ့်ပါဝင်မှုများတဲ့ အစာတွေကို မစားပါနဲ့။ ဒီအစာတွေက ကြေညက်ခဲပြီး ခန္ဓာကိုယ်ရဲ့ ကောင်းကောင်းစွမ်းဆောင်နိုင်စွမ်းကို လျော့ကျစေတာကြောင့်ပါ။

(၄) ရေနှင့် အရည်များများသောက်ပါ
ဖျားတာက သင့်ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပါတယ်။ သင်စားတဲ့ အစားအစာတွေကို ကောင်းကောင်းချေဖျက်နိုင်ဖို့နဲ့ အအေးမိဝေဒနာကို တိုက်ထုတ်နိုင်ဖို့ ရေကိုလိုအပ်နေပါတယ်။ ရေဟာ ခန္ဓာကိုယ်တွင်း စနစ်တွေကိုလည်း သန့်စင်စေတဲ့အတွက် ရေသောက်ပြီး ဆီးများများသွားပေးပါ။ အရည်သောက်ဖို့ လိုပေမယ့် ကော်ဖီ၊ အချိုရည်နဲ့ အရက်ကိုတော့ မသောက်သင့်ပါဘူး။ ဒီအရည်တွေက ခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက်စေလို့ပါ။ ရေ၊ ရေနွေးကြမ်းနဲ့ သစ်သီးဖျော်ရည်ကိုသာ သောက်သင့်ပါတယ်။

(၅) ဖြည့်စွက်ဆေး မှီဝဲပါ
ဗီတာမင်စီနဲ့ သွပ်ဓာတ်(Zinc)ပါတဲ့ ဆေးပြားတွေက အအေးမိဝေဒနာကို မြန်မြန်မောင်းထုတ်နိုင်တယ်လို့ လူအများစုက ယုံကြည်နေကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top