Healthy Life Ad
Life Style

နွားနို့တစ်ခွက်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက ကီလီဆိုတဲ့ ဆင်းရဲတဲ့ ကောင်လေးတစ်ယောက်ဟာ ကျောင်းလခသွင်းနိုင်ဖို့ တစ်အိမ်ဝင်တစ်အိမ်ထွက် ကုန်ပစ္စည်းတွေရောင်းချရပါတယ်။ တစ်နေ့ကျတော့ ကီလီက နေလည်းမကောင်း၊ ဝင်ငွေလည်းမရှိတဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ လမ်းဘေးမှာ ထိုင်နေခဲ့ပါတယ်။ ဗိုက်ဆာလွန်းလို့ သူဟာ မရှက်နိုင်တော့ဘဲ အစာတောင်းစားဖို့သာ ဆုံးဖြတ်ခဲ့ပါတော့တယ်။

အိမ်တံခါးခေါက်ပြီး ဘဲလ်တီးလိုက်တော့ ချစ်စဖွယ်မိန်းကလေးတစ်ဦး ရောက်လာခဲ့ပါတယ်။ ကီလီက ရုတ်တရက် ကျက်သေသေသွားပြီး အစာမတောင်းရဲလောက်အောင် ဖြစ်သွားပါတော့တယ်။

ရှက်ရွံ့ပြီး စိတ်လှုပ်ရှားနေတဲ့ ကီလီ့ပါးစပ်ကနေ စကားတစ်ခွန်း ထွက်သွားပါတယ်။
“ ကျွန်တော့် . . ကို . . ရေ . . တစ် . . ခွက်လောက် . . ကျေးဇူးပြုပြီး . . .”
မိန်းကလေးက ငယ်ပေမယ့် ပညာရှိသူပါ။ ဒီကောင်လေးက ရေသောက်ရုံနဲ့ အဆင်မပြေနိုင်ဘူး ဆိုတာ သူသိခဲ့ပါတယ်။ အိမ်အတွင်းထဲဝင်ပြီး ဖန်ခွက်အကြီးကြီးတစ်ခွက်နဲ့ နွားနို့တွေ ထည့်ယူလာခဲ့ပါတယ်။

ကီလီက သူ့ကံကို သူမယုံနိုင်လောက်အောင်ပါပဲ။ နွားနို့ကိုဖြည်းဖြည်းချင်းသောက်ရင်း ဖန်ခွက်ကို မိန်းကလေးဆီ ပေးခဲ့ပါတယ်။

“ဘယ်လောက် ပေးရမလဲ”လို့ ကောင်လေး က မေးလိုက်တော့ “ပေးစရာ မလိုပါဘူး”လို့ မိန်းကလေးက ပြန်ဖြေခဲ့ပါတယ်။

“ကူညီတဲ့ စေတနာအတွက် ဘယ်တော့မှ ပြန်မယူဖို့ မေမေက သင်ပေးထားပါတယ်”
ကီလီလည်း “အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ”လို့ ပြန်ဖြေခဲ့ပါတယ်။

မိန်းကလေးတိုက်တဲ့ နွားနို့တစ်ခွက်ကြောင့် ကီလီက သူ့ကိုသူ ဘယ်လောက်မြင့်တဲ့တောင် ဖြစ်ဖြစ်တက်နိုင်တယ်ဆိုတဲ့ အထင်ရောက်တဲ့အထိ စွမ်းအင်ရှိသွားပါတယ်။ ဗိုက်ပြည့်သွားတဲ့ ခံစားချက်ထက် လူသားဆန်တဲ့ အသိတွေနဲ့ ကျေနပ်သွားပါတယ်။ ဒီလို ကြင်နာပြီး စာနာတတ်သူတွေ နေရာတိုင်းမှာရှိမှာပဲ။
_ _ _

နှစ်တွေကြာလာတော့ အဲဒီမိန်းကလေးက အပြင်းအထန် နာမကျန်းဖြစ်ခဲ့ပါတယ်။ သူတို့ဒေသက ဆရာဝန်တွေဟာ သူ့ကို မကုပေးနိုင်ပါဘူး။ ဆွေမျိုးတွေက သူ့ကိုမြို့ကို ခေါ်ပြီး သင့်တော်တဲ့ ဆေးကုသမှုပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆေးရုံရောက်တော့ ဒေါက်တာကီလီက လူနာကို စမ်းသပ်ရင်း အိပ်ပျော်နေတဲ့ အမျိုးသမီးဟာ သူ့ကိုနွားနို့ တစ်ဖန်ခွက် တိုက်ကျွေးဖူးသူမှန်း သူသိခဲ့ပါတယ်။ အသက်အန္တရာယ် ကျရောက်တော့မယ့် လူနာကို သေချာဂရုစိုက်ပြီး ကုသမှုပေးခဲ့ပါတယ်။ ရှစ်လအကြာမှာ အဲဒီအမျိုးသမီးက ဘေးကင်းပြီး ပျော်ရွှင်တဲ့အသွင် ပြန်ဖြစ်လာပါတယ်။

ဆေးရုံက ဆင်းတော့ ငွေကြေးမချမ်းသာတဲ့အမျိုးသမီးဟာ ကုန်ကျစရိတ်ပြေစာကိုဖွင့်ရမှာကြောက်နေခဲ့ပါတယ်။ ဒါကို ဘယ်လို ပေးရမှာလဲ ဆိုတဲ့ စိတ်နဲ့လေးလံနေခဲ့ပေမယ့် နောက်ဆုံးအသက်ပြင်းပြင်း ရှူသွင်းပြီး ပြေစာကို ဖွင့်ဖတ်ကြည့်လိုက်တော့ ငွေစာရင်းမဟုတ်ဘဲ . . “နွားနို့ တစ် ဖန်ခွက်အပြည့်နဲ့ ပေးထားပြီးသား – ဒေါက်တာကီလီ” ဆိုတဲ့ စာလုံးလေးတွေကိုသာ တွေ့လိုက်ရပါတော့တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top