Healthy Life Ad
Life Style

အိမ်က ထွက်ပြေးတဲ့ နေ့ . . .

စူး ( ဆေးဝါးတက္ကသိုလ် )
ကျွန်မအိမ်တံခါးရှေ့ရပ်နေခဲ့တယ်။ ဆုံးဖြတ်ချက်တစ်ခုက မပီပြင်ဝေ၀ါးလို့ . .။ ကောင်းကင်တစ်ခုလုံး ညိုမည်းပြီး ပြိုတော့မယ့် မိုးလို . . လောကကြီးကမှောင်အတိ။ နေက ဘယ်တော့မှ ပွင့်မှာလဲ။ကျွန်မခဏတာအတွင်း ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်သွားတော့တယ်။ အဝတ်အစားတွေကို အိတ်ထဲထည့်ပြီး တစ်ယောက်တည်း ကားမောင်းပြီး အိမ်နဲ့ ဝေးရာကို ထွက်လာခဲ့တယ်။

ကားမောင်းရင်း မောင်းနေခဲ့တာ . . ဘယ်ရောက်လို့ရောက်မှန်းမသိဘူး။ ကျွန်မ အတွေးထဲမှာ တစ်ခုပဲစိုးမိုးနေခဲ့တယ် . . အဲဒါက လူတစ်ယောက်နဲ့ ကျွန်မ အကြီးအကျယ် ငြင်းခုန်နေခဲ့တာပါပဲ . .
နောက်ဆုံး ကျွန်မ ပါးစပ်ကနေ “ ကျွန်မ ဒီ အိမ်မှာမနေဘူး၊ ထွက်သွားမယ်” . .
“ ကောင်းတယ် သွား၊ မြန်လေ ကောင်းလေပဲ”
အဲဒီစကားလုံးထွက်လာတဲ့ သူဟာ ကျွန်မနဲ့ ၁၅ နှစ်ကြာ ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းဖြစ်နေတာ အံ့သြမိတယ်။ သူအလုပ်သွားပြီး သမီးကို ကျောင်းကားပေါ်တင်ပြီးတာနဲ့ ကျွန်မ အိမ်က ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။

ကျွန်မ တစ်နေရာတည်းမှာပဲ ကားကို လှည့်ပတ်မောင်းရင်း စားစရာဝယ်ဖို့ အိမ်ဆိုင်လေးကို ဝင်ခဲ့တယ်။ အဲဒီအချိန်မှာ ဖုန်းမြည်လာတယ်။
“ မေမေ . . ဘယ်မှာလဲ”
“ အပြင်မှာ သမီး၊ ဘာဖြစ်လို့လဲ”
“ ဖဖေက မေမေ့ကို စိတ်ပူနေတယ်”
ကျွန်မ ခြောက်ကပ်စွာ ရယ်မိတယ်။
“ သူက ဘာကြောင့် စိတ်ပူရတာလဲ၊ အခုမှ အိမ်ကထွက်လာတာ နာရီပိုင်းပဲ ရှိသေးတယ်လေ”

ပြောရင်း ခင်ပွန်းသည်ကို ဒေါသထွက်လာတာနဲ့ -“ သမီး မေမေ ဖုန်းပိတ်ထားတော့မလို့၊ မေမေ အဆင်ပြေတယ် သမီး၊ သမီးဆီကို မနက်ဖြန်မေမေ ဖုန်းခေါ်မယ်”
အဲဒီလို ပြောပြီး စတိုးဆိုင်ထဲမှာ မုန့်ဝယ်ခဲ့တယ်။ အနီးအနားက ဟိုတယ်တစ်ခုမှာ တံခါးသော့ပိတ်ပြီး အိပ်တော့မယ်လို့ ကျွန်မတွေးပြီး ကားပါကင်ဆီ ပြန်လာခဲ့တယ်။
အဲဒီအချိန်မှာ ကားပြတင်းပေါက်မှာ စာတစ်ခု ကပ်ထားတာတွေ့ လိုက်ရတယ်။
“ အိမ်ပြန်လာပါ၊ မင်းကို လွမ်းတယ်၊ မင်းကို ချစ်တယ်”

အမှောင်ထဲမှာ ဆိုပေမယ့် ဒါ သူ့လက်ရေးဆိုတာ ကျွန်မသိပါတယ်။ ကျွန်မ အဲဒီစာတွေကိုလက်နဲ့ ကမန်းကတမ်း လိုက်ဖျက်ရင်း ကျွန်မ မျက်ရည်တွေ ကျလာခဲ့တယ်။ ခြေသံကြားတာနဲ့ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ မျက်ရည်တွေကျနေတဲ့ ၁၀နှစ်အရွယ် သမီးလေး၊ ခွေးကလေးပါပီနဲ့ ဝမ်းနည်းနေတဲ့ ခင်ပွန်းသည်တို့ကို တွေ့လိုက်ရတယ်။
အဲဒီအချိန်မှာ ကျွန်မရဲ့ အတွေးထဲမှာ ဒေါသတွေလည်း မရှိ၊ မာနလည်း မရှိတော့ဘဲ ငါမိုက်မဲခဲ့တယ်ဆိုတဲ့ နောင်တနဲ့အတူ အိမ်ပြန်ရာလမ်းကို လျှောက်လှမ်းဖြစ်ခဲ့ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top