Healthy Life Ad
Child

ကလေးဖျားပြီဆိုလျှင် . . .

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊ အထွေထွေရောဂါကု ဆရာဝန်)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ကလေးဖျားပြီဆိုရင် မိဘအုပ်ထိန်းသူတွေအနေ နဲ့ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု ပေးသင့်ပါသလဲ ဆရာ။

ဖြေ။ ။ ကလေးဖျားပြီဆိုရင် မိဘအုပ်ထိန်းသူတွေနဲ့ ကလေးစောင့်ရှောက်သူတွေ သတိထားသင့်တာက နှစ်ရက်-သုံးရက်ထက်ပိုဖျားလာတဲ့အခါ အထူးဂရုစိုက်သင့်ပါတယ်။ ဒီရာသီကတော့ အထူးသဖြင့် တုပ်ကွေးရာသီဖြစ်တယ်၊ အလားတူ သွေးလွန်တုပ်ကွေးကလည်း ဖြစ်ကြတယ်၊ တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေး ရောဂါတွေမှာ လက္ခဏာတွေက ခပ်ဆင်ဆင်ပါပဲ။

သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ သာမန်အဆင့်ဆိုရင် တုပ်ကွေးလိုပဲ ဖျားတယ်၊ ခေါင်းကိုက်တယ်၊ ကိုယ်လက်မအီမသာဖြစ်တယ်၊ နည်းနည်းကြာလာမှ အစက်အပျောက်လေးတွေ ပေါ်လာတာပါ။

အစပိုင်းမှာ ပုံမှန်တုပ်ကွေးလိုပဲ ဖျားနေပေမယ့် သုံးရက်လောက်နဲ့ အဖျားမကျဘူး၊ ဝမ်းမည်းမည်းသွားတယ်၊ ကော်ဖီရောင်အန်တယ်၊ နှာခေါင်းသွေးယိုတယ်၊ သွားဖုံးထဲကနေ သွေးထွက်တယ် စတဲ့ လက္ခဏာတွေဖြစ်လာရင် သတိထားရပါမယ်။ ဒီလိုအခြေအနေဆိုရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားပြသင့်ပါတယ်။ ဒီ့ထက် ပြင်းထန်လာရင် ကလေးက လုံးဝမှိန်းသွားပြီး Shock (သတိလစ်)ရသွား တတ်ပါတယ်။ အဲဒီလိုအခြေအနေဆိုရင် အသက်အန္တရာယ်ရသွားနိုင်တဲ့အတွက် အထူးသတိထားရပါမယ်။ ဒါကြောင့် ကလေးအထူးကု ဆရာဝန်ကြီးတွေက ဘယ်ရာသီမှာပဲဖျားဖျား သွေးလွန်တုပ်ကွေးရောဂါကို အမြဲသတိချပ်နေဖို့ ကလေးမိဘတွေကို သတိပေးလေ့ရှိပါတယ်။

မေး။ ။ အခုနောက်ပိုင်း ကလေးဖျားတဲ့အခါ မိဘတွေက ဆုံဆို့နာတွေကိုပါထည့်ပြီး စိုးရိမ်လာကြတာ တွေ့ရ ပါတယ်။ ဆုံဆို့နာကဘာကြောင့် ဖြစ်ရတာပါလဲ ဆ ရာ။

ဖြေ။ ။ ဖျားပြီဆိုတာနဲ့ ဂရုစိုက်တာတော့ အကောင်းဆုံးပါပဲ။ ဆေးပညာရှင်တွေ သုံးသပ်တာကတော့ ဆုံဆို့ နာပြန်ဖြစ်တယ်ဆိုတဲ့ အနေအထားဟာ ဒီကလေးတွေ ငယ်ငယ်တုန်းက ကာကွယ်ဆေးကို အပြည့်အဝမယူခဲ့လို့ ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဖြစ်တဲ့သူ အများစုက ကလေးအများစုရှိတဲ့ မိဘမဲ့ကလေး ကျောင်းနဲ့ တခြားကျောင်းစတဲ့နေရာတွေက ကလေး အများစုဖြစ်နေတာကို သွားတွေ့ရပါတယ်။ ဒီကလေးတွေက ဒီကာကွယ်ဆေးကို အပြည့်အဝမရခဲ့လို့ ဖြစ်တယ်လို့ ယူဆရပါတယ်။ ကာကွယ်ဆေးကို အပြည့်အဝထိုးပေးခဲ့တယ်ဆိုရင် သိပ်တော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် ဆုံဆို့နာဖြစ်တယ်ဆိုတဲ့ သတင်းကြားရင်တော့ ကိုယ့်ကလေးကို ဂရုစိုက်ဖို့ လိုပါတယ်။ အခုအခါမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာအပါအဝင် သက်ဆိုင်ရာဌာနတွေကလည်း စောင့်ကြပ်ပြီး ကုသမှုပေးနေပါတယ်။ မိဘတွေအနေနဲ့လည်း သတိထားပြီး ဆေးရုံ၊ ဆေးခန်းကိုသာ သွားပြသင့်ပါတယ်။ ဆေးရုံ၊ ဆေးခန်းနဲ့ မနီးရင်လည်း နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ သွားပြသင့်ပါတယ်။

မေး။ ။ ကလေးတွေ စဖျားပြီဆိုတာနဲ့ မိဘတွေက ကိုယ့်ကလေးကို ဘယ်လိုမျိုး ပြုစုစောင့်ရှောက်ပေးသင့်ပါသလဲ ဆရာ။

ဖြေ။ ။ အဓိကကတော့ မိဘတွေက ကိုယ့်ကလေးတွေကို အစာနဲ့ ရေကို ပုံမှန်ကျွေးပေးဖို့ လိုပါတယ်။ ကလေးတွေက မစားချင်၊ မသောက်ချင်ရင်တောင် ချော့မော့ပြီး ကျွေးသင့်ပါတယ်။ ကလေး ပိုဖျားမှာစိုးလို့ အစာကို မကျွေးဘူး၊ ကလေးကလည်း မစားချင်ဘူးဆိုရင် နောက်ပိုင်းမှာ ကလေးက ကိုယ်ခံအား ကျသွားတတ်ပါတယ်။ အဲဒီအခြေအနေမှာ ရောဂါက ပိုပြင်းထန်လာရင် ကလေးမှာ ပိုပြီး ခံစားရတတ်ပါ တယ်။ ကလေးဖျားပြီဆိုရင် ရေပတ်တိုက်ပေးရပါမယ်။

ကိုယ်အပူချိန်က ၉၉-၁၀ဝ ဒီဂရီဖာရင်ဟိုက်လောက်ဖြစ်နေပြီဆိုရင် ဆေးဆိုင်ကနေ ဝယ်သောက်လို့ရတဲ့ ပါရာစီတမောလို ဆေးကို အရည် ဒါမှမဟုတ် ဆေးပြားကို သူ့အသက်အရွယ်အလိုက် တိုက်ပေးရပါမယ်။ ၁၂ နှစ်အောက် ကလေးဆိုရင် ပါရာစီတမော ဆေးပြား တစ်ခြမ်းလောက် တိုက်တာ ပိုကောင်းပါတယ်။ အကောင်းဆုံးကတော့ ကလေးတွေကို ဆရာဝန် ညွှန်ကြားချက်ပါမှ ဆေးတိုက်သင့်ပါတယ်။

မေး။ ။ ကလေးဖျားတဲ့အခါ မိဘတွေ မလုပ်သင့်ဘဲ လွဲမှားပြီး လုပ်နေတတ်တဲ့ အပြုအမူလေးတွေရှိရင်လည်း သိပါရစေ ဆရာ။

ဖြေ။ ။ ကလေးဖျားတဲ့အခါ တချို့မိဘတွေက မက်ကလောင်ခြစ်ပေးကြတယ်။ ဒါက သိပ်လည်း မသက်ဆိုင်သလို မလုပ်သင့်ပါဘူး။ မက်ကလောင်ခြစ်ပြီး ရောက်လာတဲ့ ကလေးလူနာတွေကလည်း အခုထက်ထိ ရှိနေတုန်းပါပဲ။ မက်ကလောင်ခြစ်လိုက်တော့ အရေပြားမှာ အနာဖြစ်လာတယ်၊ အဲဒီကတစ်ဆင့် ရောဂါပိုးက ဝင်သွားနိုင်ပါတယ်။ ဥပမာ ပြောရရင် အရေပြားကို မာတဲ့ အရာတစ်ခုခုနဲ့ ခြစ်ထုတ်လိုက်တော့ အခန့်မသင့်ရင် သွေးတွေမတိတ်တာတို့၊ ပိုးဝင်တာတို့ဖြစ်ပြီး အနာရင်းတာမျိုးဖြစ်မှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် မလုပ်ရင် ပိုသင့်တော်ပါတယ်။

ဆေးမြီးတိုနဲ့ ကုတာမျိုးကိုလည်း လုံးဝ မလုပ်သင့်ပါဘူး။ ကလေးဖျားပြီဆိုတာနဲ့ ဆေးရုံ၊ ဆေးခန်း ဒါမှမဟုတ် နီးစပ်ရာ ကျန်းမာရေးဌာနကို ပြဖို့လိုပါတယ်။ ကလေးကို ရေပတ်တိုက်ပေးရပါမယ်၊ အစာ ရေစာမှန်မှန်ကျွေးပေးရမယ်၊ ကလေးကို ကောင်းကောင်း စောင့်ရှောက်မှုပေးရပါမယ်။

မေး။ ။ ကလေးတွေ ဖျားပေမယ့် မိဘတွေက စာမလိုက်နိုင်မှာစိုးလို့ ကျောင်းပို့လေ့ရှိတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့ပါလဲ ဆရာ။

ဖြေ။ ။ ကလေးက အဖျားကျသွားပြီ၊ ကိုယ်ခံအားလည်း ကောင်းတယ်၊ ကြံ့ခိုင်မှုနည်းနည်းရှိသွားပြီ၊ ကျောင်းလည်း သွားချင်စိတ်ရှိနေတယ်ဆိုရင် ကျောင်းတက်ခိုင်းလို့ရပါတယ်။ ဒါပေမဲ့ ကလေးက သိပ်ဖျားနေတယ်၊ ချောင်းဆိုးနှာစေးနေတယ်ဆိုရင်တော့ ကလေးအတွက်လည်း မကောင်းသလို တခြားသော ဘေးနားက အတန်းဖော်ကလေးတွေကိုလည်း ကူးစက်နိုင်တဲ့အတွက်ကြောင့် အိမ်မှာပဲ နားခိုင်းတာက ပိုပြီး သင့်တော်ပါတယ်။

မေး။ ။ ကလေးတွေ ဖျားရင် အစာမာမာ မကျွေးသင့်ဘူး ဆိုတဲ့အယူအဆနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။

ဖြေ။ ။ ကလေးတွေ ဖျားနေတဲ့အချိန်မှာ အစာအိမ် အူလမ်းကြောင်းက အလုပ်ကောင်းကောင်း မလုပ်နိုင် မှာစိုးတဲ့အတွက် အစာပျော့ပျော့၊ ဆန်ပြုတ်၊ မြူစွမ် ပြုတ်၊ နွားနို့၊ ကွေကာအုတ် စတာတွေကို ကျွေးတာက ပိုသင့်တော်ပါတယ်။ အစာကို လုံးဝ မကျွေးဘဲ ထားရင် ကလေးအာဟာရပြတ်မှာစိုးလို့ အဲဒီလိုမျိုးတော့ မကျွေးဘဲ မထားသင့်ပါဘူး။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top