Healthy Life Ad
Life Style

အမျိုးသားသွေးဆုံးခြင်း

၊ ကိုထက် ၊

အမျိုးသား သွေးဆုံးခြင်း ဆိုတဲ့ခေါင်းစဉ်ကိုမြင်လိုက်တာနဲ့ အံသြသွားကြမယ် ထင်ပါတယ်။ တကယ်တော့ အမျိုးသားတွေမှာ ဖြစ်ပေါ်တဲ့ သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတွေသွေးဆုံးသလို လစဉ်ဓမ္မတာ ရာသီလာတာ ရပ်တန့်သွားသလိုမျိုး ထင်ရှားတဲ့ လက္ခဏာတော့ ပြလေ့မရှိပါဘူး။ အမျိုးသားတွေရဲ့ ဘဝမှာ အရေးပါတဲ့ ကျားဟော်မုန်း တက်စတိုစတီ ရုန်းလျော့နည်းသွားတာကို တင်စားပြီး အမျိုးသား သွေးဆုံးခြင်း (Male Andropause) လို့ခေါ်တာ ဖြစ်ပါတယ်။

ကျားဟော်မုန်း တက်စတိုစတီရုန်းဆိုတာ ဘာလဲ
ကျားဟော်မုန်း တက်စတိုစတီရုန်းဆိုတာ ဝှေးစေ့ကနေထုတ်တဲ့ စတီးရွိုက်ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ ဒီဟော်မုန်းဟာအမျိုးသားတွေမှာ ယောကျာ်းပီသတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ဖို့ရာအတွက် အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ အသားဓာတ်တည်ဆောက်ပေးပြီး လိင်မှုကိစ္စကိုလည်း အောင်မြင်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

ကျားဟော်မုန်း တက်စတိုစတီရုန်း ဘာကြောင့် လျော့ နည်းရသလဲ
ဒီဟော်မုန်းလျော့နည်းရတာက အသက်အရွယ်ကြီးလာတာ၊ စိတ်ဖိစီးမှုများတာ၊ အရက်အ လွန်အမင်းသောက်တာ၊ ဝှေးစေ့ထိခိုက်ဒဏ်ရာရရှိတာ၊ ကင်ဆာရောဂါ ကုသမှုခံယူနေတာ၊ HIV/AIDS ရောဂါနဲ့ တခြားရောဂါတွေကို ခွဲစိတ်ကုသမှုခံယူရတာစတဲ့အချက်တွေကြောင့် ဖြစ်တတ်ပါ တယ်။ ဒါ့အပြင် ဆေးဝါးကုသမှုတချို့ရဲ့ နောက်ဆက်တွဲပြဿနာအနေနဲ့လည်း တွေ့ရတတ်ပါတယ်။

ယေဘုယျအားဖြင့် အသက်ကြီးတဲ့ အမျိုးသားတွေဟာ အသက်ငယ်ရွယ်တဲ့ အမျိုးသားတွေထက် ကျားဟော်မုန်း တက်စတိုစတီရုန်း ပမာဏလျော့ နည်းလေ့ရှိပါတယ်။ အမျိုးသားတွေ အသက်ကြီးလာ လေလေ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်နိုင်စွမ်းအား လျော့နည်းလာလေလေ ဖြစ်တာကြောင့်ပါ။ အမျိုးသားတွေဟာ အသက် ၃၀ ကျော်တာနဲ့ တက်စတိုစတီရုန်း လျော့နည်းမှုကို စတင်ပြီး မသိမသာ ခံစားရလေ့ရှိပါတယ်။

ကျားဟော်မုန်း တက်စတိုစတီရုန်း ပမာဏ မြင့်မားတဲ့အခါ ဘယ်လိုလက္ခဏာတွေရှိသလဲ
ကျားဟော်မုန်း တက်စတိုစတီရုန်း ရှိသင့်တဲ့ ပမာဏရှိရင် အမျိုးသားတွေမှာ ယောကျာ်းပီသစေတဲ့ လက္ခဏာတွေဖြစ်တဲ့ ကြွက်သားထုထည် ဖွံ့ဖြိုး မှုရှိပါတယ်၊ ခွန်အားရှိပါတယ်၊ အရိုးထုထည် သန်မာပါတယ်၊ အရပ်မြင့်ပါတယ်စတဲ့ ဂုဏ်ဒြပ်တွေကို ပိုင်ဆိုင်စေပါတယ်။

ကျားဟော်မုန်း တက်စတိုစတီရုန်း လျော့နည်းတဲ့ အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ
တက်စတိုစတီရုန်း ကျားဟော်မုန်းလျော့နည်း လာပါက ခံစားရတတ်တဲ့ ဆိုးကျိုးတွေကတော့ အရိုး ကြွတ်ဆတ်တာ၊ အရိုးပါးတာ၊ ကြွက်သားထုထည် လျော့နည်းတာ၊ လိင်စွမ်းအား လျော့နည်းတာ၊ ညောင်းညာကိုက်ခဲတာနဲ့ နှလုံးဆိုင်ရာ ရောဂါတွေ ခံစားရတာ စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

ကျားဟော်မုန်း တက်စတိုစတီရုန်း ပုံမှန်အတိုင်း ရှိနေဖို့ ဘယ်လို လုပ်သင့်သလဲ . .
အမျိုးသားတွေမှာ ကျားဟော်မုန်းတက်စတို စတီရုန်း ပုံမှန်အတိုင်းရှိနေစေဖို့ နေ့စဉ်နေထိုင်တဲ့ ဘဝနေထိုင်မှုပုံစံက အလွန်အရေးပါနေပါတယ်။ အမျိုးသားတွေအနေနဲ့ အမြဲတမ်းလိုက်နာသင့်တဲ့ နည်းလမ်းတွေကတော့ –

– ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ပါ။

– ယောဂကျင့်ပါ။ တရားထိုင်ပါ။

– အရက်ကို အလွန်အကျွံ မသောက်သင့်ပါ။

– အာဟာရရှိတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပါ။

– ဆေးလိပ်ကို ရှောင်ပါ။

– အနားယူပါ။

တကယ်လို့ ကျားဟော်မုန်း တက်စတိုစတီရုန်း လျော့နည်းတာဟာ နေ့စဉ်နေထိုင်မှုဘဝမှာ အနှောင့် အယှက်ပေးနေရင်၊ အထူးသဖြင့် စိတ်ဓာတ်ကျဆင်းခြင်း၊ ဘဝမှာ မပျော်မွေ့ခြင်းနဲ့ အလုပ်မှာ လုပ်နိုင်ကိုင် နိုင်စွမ်းအား လျော့နည်းလာခြင်းတွေ ခံစားနေရရင် ကျားဟော်မုန်း အစားထိုးကုသဖို့ရာအတွက် ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ လိုအပ်ပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top