Healthy Life Ad
Life Style

Testosterone (တက်စတိုစတီရုန်း) ကျား-ဟော်မုန်း

ဒေါက်တာတင့်ဆွေ

မေး(၁). မင်္ဂလာပါ ဆရာရှင့်။ သမီးက Pharmacist တစ်ယောက်ပါရှင့်။ တချို့ယောကျာ်းလျာတွေက Online Shopping ပုံစံနဲ့ တက်စတိုစတီရုန်းထိုးဆေးတွေ၊ စားဆေးတွေကို ရောင်းပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိကြောင်းပြောကြ၊ ရေးကြပါတယ်။ တချို့ယောကျာ်းလျာလေးတွေဆိုတာလည်း အသက်၂၀ပင် မပြည့်သော်ငြား ရဲတင်းကြပါတယ်ရှင့်။ ယောကျာ်းဆန်ချင်လွန်းတာကြောင့် ဈေးကြီးပေးဝယ်ယူသုံးစွဲကြပါတယ်။ ထိုးဆေးကိုယ်တိုင်ထိုးကြပါတယ်။ သူတို့သုံးတဲ့ဆေးတွေကို ဆေဝါးမှတ်ပုံတင်ထားခြင်းရှိမရှိတော့ သမီးမသိပါဘူးရှင့်။ testosterone အကြောင်းကို ပြည့်ပြည့်စုံစုံလေး သူတို့လေးတွေကို အသိပညာပေးချင်လို့ပါရှင်။

မေး(၂). အသက်၁၇နှစ်ရှိပါပြီ။ အမျိုးသားဟော်မုန်းဆေးသောက်ချင်လို့ပါ။ ညွှန်ပေးပါလားဒေါက်တာ။ လည်စေ့လည်း မထွက်ဘူးဆရာ။ ကန်တော့ပါ၊ အမွေးပေါက်နှုန်းကလည်း နှေးတယ်။ ခန္ဓာကိုယ်တည်ဆောက်ပုံလည်း မိန်းကလေးနဲ့ဆင်နေတယ်။ အဲဒါကြောင့် သောက်ချင်တာပါဆရာ။

မေး(၃). ကျွန်တော် အသက် ၂၇နှစ်ပါ။ လူပျိုပါ။ ကျွန်တော့် ဒူးကသိပ်အားမရှိဘူး။ အမျိုးသားအင်္ဂါလည်း သူများနဲ့ယှဉ်ရင် နည်းနည်းသေးတယ်လို့ ခံစားရတယ်။ သူငယ်ချင်းက အကြံပေးလို့ တက်စတိုစတီရုန်း ကျားဟော်မုန်းအားဆေး ဆေးဘူးအလုံး ၃၀ပါ တစ်ဘူးဝယ်ပြီး တနေ့နှစ်လုံးသောက်တာ ၃ ရက်လောက် ရှိပါပြီ။ အန္တရာယ်ရှိနိုင်လားဆရာ။

မေး(၄). ကျွန်တော် အခုအသက်၂၆ နှစ်ရှိပါပြီ။ ဒါပေမဲ့ လူပျိုမဖြစ်သေးပါဘူး။ ချိုင်းမွေး၊ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးလည်း မပေါက်ပါဘူး။ ဆီးစပ်မွေးတောင် နည်းနည်းလေးပဲရှိပါတယ်။ ဝက်ခြံလည်း တစ်ခါတလေမှ ရှားရှားပါးပါး ထွက်ပါတယ်။ အသံလည်း မပြောင်းသေးပါဘူး။ ကျွန်တော့်ရဲ့ လိင်တံနဲ့ဝှေးစေ့က အလွန်သေးပါတယ်။ သုက်လည်းလုံးဝမထွက်ပါ။ လွန်ခဲ့တဲ့ ၆ လလောက်က ဆေးစစ်ရပါတယ်။ ဆရာဝန်က Testosterone နည်းနေတယ်ထင်ကြောင်းနဲ့ ဆေးစစ်ခိုင်းပါတယ်။ ဆေးစစ်တဲ့အခါ Testosterone ပမာဏဟာ တော်တော်နည်းနေတာကို တွေ့ရပါတယ်။ တခြားသွေးစစ်တာတွေ လုပ်ပါတယ်။

ဦးနှောက်ကို CT Scan ရိုက်ရင် ကောင်းတယ်လို့ပြောပါတယ်။ Testosterone ထိုးဆေးပေးပါတယ်။ တစ်လကိုတစ်ကြိမ်နဲ့ ခြောက်လထိုးခိုင်းပါတယ်။ ဆေးထိုးတာလေးလရှိပါပြီ။ တစ်သက်လုံး Testosterone ဆေး သုံးရနိုင်တယ်လို့ ပြောပါတယ်။ စားဆေးနဲ့ကော အဆင်မပြေနိုင်ဘူးလား။ အိမ်ထောင်ပြုလို့ ရ-မရနဲ့ ကလေး ရနိုင်၊ မရနိုင်ကိုလည်း သိချင်ပါတယ်။ နောက်ပြီး ဘာဆက်လုပ်သင့်တယ်ဆိုတာလည်း အကြံဉာဏ်ပေးပါခင်ဗျာ။

မေး(၅). ကျွန်မမောင်လေး အသက်၂၅ နှစ်ပါ။ ၁၈ နှစ်လောက်က ဝှေးစေ့တစ်လုံးထုတ်ထားပါတယ်။ တခြားတစ်ဖက်ကလည်း သေးသွားပါသည်။ ကြာရင် အခြောက်စိတ်ပေါက်သွားမှာစိုးပါတယ်။ စိတ်ဓာတ်ကတော့ ကျားစိတ်ရှိပါတယ်။ ဟော်မုန်းကြောင့် ပြောင်းနိုင်ပါသလား။ လမ်းညွှန်ပေးစေလိုပါတယ်။

မေး(၆). ကျွန်တော်အသက်က ၂၄ နှစ်ပါ။ သူများတွေလို အရွယ်ရောက်ချိန်တွေမှာရော အခုရောပါ အမွေးအမျှင်နည်းပါတယ်။ ချိုင်းမွေးဆို မပေါက်သလောက်ပါပဲ။ နောက်ပြီးတော့ ညာဘက်လက်သန်းက ညာဘက်လက်သူကြွယ် ပထမအဆစ်ကိုမမှီပါဘူး။ အဲလိုဆိုရင် ကလေးမရနိုင်ဘူးလို့ပြောပါတယ်။ ဟုတ်ပါသလားဆရာ။ အခုကျွန်တော်ကလေးမရသေးပါဘူး။ ကျွန်တော်ဘက်က ချို့ယွင်းနေတာများလား သိချင်ပါတယ်ခင်ဗျာ။ အဲလိုဖြစ်လို့ ကလေးမရနိုင်ဘူးဆိုရင် ကလေးရအောင် ဘယ်လိုတွေလုပ်ရပါမလဲခင်ဗျာ။

ဟော်မုန်းအမျိုးပေါင်း ၁၇ မျိုးရှိတယ်။ တက်စတိုစတီရုန်းကို ကျားလိင်ဟော်မုန်းလို့ခေါ်တယ်။ ဒါပေမဲ့ အကုန်မှန်တာတော့ မဟုတ်ပါ။ မိန်းကလေးတွေ၊ အမျိုးသမီးတွေမှာလည်း ငယ်ငယ်ကြီးကြီးရှိနေတာပဲ။ သူ့တန်ခိုးက လိင်နဲ့ဆိုင်တဲ့အင်္ဂါတွေကို ပုံမှန်ဖြစ်နေစေတယ်။ စတီးရွိုက်ဟော်မုန်းဖြစ်တယ်။ ယောကျာ်းတွေမှာ ကျားအစေ့ကနေ၊ မိန်းမတွေမှာ မျိုးဥအိမ်ကနေ ထုတ်ပေးနေတယ်။ နည်းနည်းပါပါး (အဒရီနယ်လ်-ဂလင်း) ကနေလည်း ထုတ်သေးတယ်။

သူ့အလုပ်က နှစ်မျိုးရှိတယ်။

၁။ Androgenic properties (အင်ဒရိုဂျင်းနစ်) သတ္တိလို့ ခေါ်တာတွေကတော့ ပင်မ (လိင်အင်္ဂါတွေ)နဲ့ ဒုတိယ-လိင်အင်္ဂါတွေ ဖွံ့ထွားစေတယ်။ အသံသြလာမယ်၊ အမွေးပေါက်တာထူးခြားလာမယ်။

၂။ Anabolic properties (အင်နာဘောလစ်) သတ္တိလို့ ခေါ်တာတွေကတော့ ကြွက်သားတွေထွားလာစေမယ်။

ဒုတိယ-လိင်အင်္ဂါတွေဆိုတာ ယောကျာ်းလေးတွေမှာ ချိုင်းမွေး၊ ရင်ပတ်မွေး၊ ဗိုက်မွေး၊ ဆီးစပ်မွေးပေါက်၊ မျက်နှာမွေး (မုတ်ဆိတ်၊ ပသိုင်းမွေး)ပေါက်၊ နဖူးပြောင်၊ ပေါင်ရှေ့ကြွက်သားများလာ၊ Adam’s apple လည်စေ့ထွက်၊ အသံသြ၊ အရပ်ရှည်၊ အရိုးတွေ ရှည်-မာ၊ ပခုံးကျယ်၊ မျက်နှာအဆီပြန်၊ ဝက်ခြံပေါက်၊ ကိုယ်နံ့ထွက်၊ အရေပြားကြမ်းလာ၊ အဆီနည်းလာ။ မိန်းကလေးတွေမှာ ရင်သားထွားလာ၊ နို့သီးကိုဆွရင် သန်မာနိုင်လာ၊ ဆီးစပ်မွေး-ကိုယ်မွေးနုပေါက်၊ ပေါင်နောက်ပိုင်းကြွက်သားတွေ ပိုသန်လာ၊ တင်ကားလာ၊ ချွေးအဆီထွက်လာ၊ ကိုယ်နံ့ရလာ၊ ဝက်ခြံပေါက်၊ လက်တံပိုရှည်လာ၊ တင်ပါး-ပေါင်တွေမှာ အဆီပိုစုလာ။

တစ်ယောက်တည်းမှာလည်း တစ်ချိန်နဲ့တစ်ချိန်မတူဘူး။ ရာသီဥတု၊ လေ့ကျင့်ခန်း၊ အစားအသောက်လိုက်ပြီး အနည်း-အများပြောင်းနေတယ်။ သွေးစစ်ရင် မနက်ခင်းစစ်တာကောင်းတယ်။ Steroid က ယောကျာ်းမှာ ပုံမှန် ၂၇၀-၁၀၇၀ ng/dl ရှိရတယ်။ ယူနစ်တွေက ဓာတ်ခွဲခမ်းတစ်ခုနဲ့တစ်ခု မတူကြဘူး။ အမျိုးသမီးတွေရဲ့ပုံမှန်ဆိုတာကို ငြင်းနေကြဆဲဖြစ်တယ်။ အသက်ကြီးလေ၊ နည်းလေလည်းဖြစ်တယ်။ ၄၀ ကျော်ရင် ၁နှစ်မှာ ဝ ဒသမ ၃ရာခိုင်နှုန်း နည်းနည်းလာတယ်။ အသက် ၆၀ အောက် ယောကျာ်း ၂၀ဝမှာ တစ်ယောက်က ဒီဟော်မုန်းနည်းနေတယ်။

အရက်စွဲနေသူ၊ နာတာရှည် ရောဂါတစ်ခုခု ခံစားနေရသူ၊ သွေးထဲမှာ သံဓာတ်များလွန်းနေသူ (Hemochromatosis)၊ ကျားအစေ့ရောဂါရနေသူ (Sarcoidosis)၊ AIDS ရောဂါရှိနေသူ၊ စိတ်ဖိအား များလွန်းနေသူတွေမှာ သူများထက်နည်းနေမယ်။

ဘယ်လိုလူမျိုးတွေမှာ လာဖြစ်သလဲ

ဟော်မုန်းထွက်ရာနေရာမှာ ကင်ဆာဆေး၊ ဓာတ်ကင်ရရင်၊ ခရိုမိုဇုမ်း ပုံမှန်မဟုတ်ရင်၊ ဦးနှောက်ထိခိုက်မိရင်၊ ရောဂါရရင်၊ ကိုယ်ခန္ဓာကြီးထွားအောင် (စတီးရွိုက်)ဆေးတွေ တလွဲသုံးရင်၊ ပသိရောင်နဲ့တွဲတဲ့ ကျားအကျောရောင်ရောဂါဖြစ်ရင်၊ အမျိုးသမီးမှာ မျိုးဥအိမ်အလုပ်မလုပ်တော့ရင်၊ ခွဲစိတ်ထုတ်လိုက်ရရင်၊ ကျားအစေ့က သူနေရာကပ္ပာယ်အိတ်မှာ ရှိမနေ-ကျမနေရင်၊ ကပ္ပာယ်အိတ်ထိခိုက်မိရင်၊ ဇရာထောင်းလာရင်၊ အဝလွန်ရင်၊ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ဒီဟော်မုန်းနည်းရင် ကလေးဟာ လိင်အင်္ဂါဖွံ့ထွားမှုနည်းပြီး မွေးလာနိုင်တယ်။ ယောကျာ်းလေးဆိုရင် လိင်တံ၊ ကပ္ပာယ်အိတ် သေးငယ်နေမယ်။ မိန်းကလေးလည်း မအင်္ဂါပုံပန်းမတူဖြစ်နေမယ်။ ကျားလိုလို မလိုလိုနေမယ်။ သိဖို့ကောင်းတာတစ်ခုက ကျားရယ်၊ မရယ်ဆိုတာ အပြင်ပန်းအမြင်အရ သတ်မှတ်တာမဟုတ်ဘူး။

Chromosomes ကြည့်ခေါ်ရတာဖြစ်တယ်။ အရွယ်ရောက်ချိန်မှာ ဒီဟော်မုန်းနည်းနေရင် လိင်ပိုင်းရင့်သန်မှုတွေ နည်းနေမယ်။ ကြွက်သားထုထည် သေးနေမယ်၊ အသံသြမလာဘူး၊ ကိုယ်မွေးပေါက်တာ ကြမ်း-ထူမလာဘူး၊ ယောကျာ်းလေးဖြစ်ပေမယ့် နို့ကြီးနေမယ်၊ လိင်တံနဲ့ ဝှေးစေ့သေးငယ်နေမယ်။ အရွယ်ရလာမှ ဖြစ်တာဆိုရင် လိင်စိတ်နည်းနေမယ်၊ လိင်ဆက်ဆံတာခက်နေမယ်၊ ပန်းညှိုးတာ၊ ကလေးမရနိုင်တာ၊ ဆံပင်ကျွတ်မယ်၊ ကြွက်သားလှီမယ်၊ အရိုးအားနည်းမယ်။ မိန်းကလေးမှာဖြစ်ရင် မျက်နှာနီရဲနေမယ်၊ စိတ်တိုမယ်၊ လိင်စိတ်နည်းနေမယ်၊ အိပ်ရေးပျက်မယ်၊ ကြွက်သားတွေ လှီနေမယ်၊ အရိုးအားနည်းမယ်၊ ဆံပင်ကျွတ်မယ်။

တက်စတိုစတီရုန်း နည်းနေသူတွေမှာ ယောကျာ်း ပန်းညှိုး-ပန်းသေဖြစ်မယ်၊ ကိုလက်စထရောများမယ်၊ အဝလွန်မယ်၊ စိတ်ဓာတ်ကျမယ်၊ စိုးရိမ်စိတ်ကဲနေမယ်၊ စိတ်မူပြောင်းမယ်၊ အာရုံစိုက်ရတာခက်မယ်၊ မှတ်ဉာဏ်လျှော့မယ်၊ လိင်စိတ်နည်းမယ်၊ အရိုးအားနည်းနေမယ် . . .

တက်စတိုစတီရုန်းနည်းနေသူတွေမှာ ယောကျာ်း ပန်းညှိုး-ပန်းသေဖြစ်မယ်၊ (ကိုလက်စထရော) များမယ်၊ အဝလွန်မယ်၊ စိတ်ဓာတ်ကျမယ်၊ စိုးရိမ်စိတ်ကဲနေမယ်၊ စိတ်မူပြောင်းမယ်၊ အာရုံစိုက်ရတာခက်မယ်၊ မှတ်ဉာဏ်လျှော့မယ်၊ လိင်စိတ်နည်းမယ်၊ အရိုးအားနည်းနေမယ်။

အမျိုးသမီးတွေကိုဆေးကုရင် Esterified estrogens and methyltestosterone ပေးတယ်။

ယောကျာ်းတွေမှာဖြစ်ရင် Testosterone Replacement Therapy (TRT) ထိုးဆေးကို ၂ ပတ် ၁ကြိမ်ထိုးဆေး၊ ဒါမှမဟုတ် Patch ဆေးကပ်ခွာ၊ Gel (ဂျဲလ်)၊ Putty ငုံဆေးတွေရှိသေးတယ်။

အများဆုံးသုံးတဲ့ ထိုးဆေးက Testosterone enanthate (TE) ဖြစ်တယ်။ ၁၀ဝ~၂၀ဝ mg IM ကို ၂ပတ် ၁ကြိမ်ထိုးတယ်။ ထိုးဆေးကို သုံးနေတာကြာပြီ၊ ဈေးလည်းချိုတယ်။ Testosterone cypionate (TC) ဆေးကိုလည်း သုံးနိုင်တယ်။ Implantable Testosterone အရေပြားအောက်မှာ ထားလို့ရတဲ့ဆေးကို ၁၉၄၀ ကတည်းက သုံးနေတယ်။ ဆေးတစ်လုံးမှာ ၇၅ mg of crystalline testosterone ပါတယ်။ ၃ ~ ၆ လခံတယ်။ တစ်ခါထည့်ထားရင် ၂ ~ ၆ လုံးထည့်ထားရတယ်။

Transbuccal System သွားဖုံးကနေ စုပ်ယူနိုင်တဲ့ဆေးကို ရှေ့သွားအထက်မှာထားရတယ်။ 30 mg testosterone ပါတယ်။ တစ်နေ့မှာ ၁-၂ ခါ သုံးရတယ်။ Transdermal TRT ဆိုတာက Patch ကပ်ခွာနဲ့ Gel ဂျဲလ် အမျိုးအစားဖြစ်တယ်။ နေ့တိုင်း သုံးနေရမယ်။ Patch ကိုကပ္ပာယ်အိတ်မှာကပ်တာနဲ့ တခြားနေရာမှာ ကပ်ရတာ မတူဘူး။ TRT Gel ဈေးကြီးတယ်။

Testosterone စားဆေး၊ 17–methyltestosterone and fluoxymesterone ပါတယ်။ အသည်းအတွက် သတိထားစရာတွေရှိတယ်။ Novel Testosterone Therapy ဆိုတာ သုံးလမှတစ်ခါ ထိုးစရာလိုတာကို အသစ်နည်းဖြစ်တယ်။ ဥရောပမှာ သုံးနိုင်ပြီဖြစ်ပေမယ့် အမေရိကားမှာ စမ်းသပ်မှုအဆင့် ၃ အထိ ရောက်သေးတယ်။ ၁၀ဝ၀ mg ကို ၁၀-၁၄ ပတ် တစ်ခါသာ ထိုးဖို့လိုတယ်။

ဘေးထွက်ဆိုးကျိုးတွေ=ပျို့-အန်၊ ဝက်ခြံပေါက်၊ ခေါင်းကိုက်၊ အစားစားချင်စိတ်များ၊ စိတ်မူပြောင်း၊ အသည်းထိခိုက်၊ ခြေထောက်ရောင်။ လိင်တံမာတင်းနေတာ ပြန်မလျှော့၊ နှလုံးရောဂါရှိနေသူ၊ ကိုလက်စထရောများနေသူ၊ ဆီးကျိတ်ကင်ဆာဖြစ်နေသူတွေကို မပေးသင့်ပါ။ ဆေးများသွားရင် စိတ်ကြမ်းဝင်တတ်တယ်။ စိတ်မူပြောင်းတတ်တယ်။

ဆရာဝန်ကိုယ်တိုင်မညွှန်ရင် မသုံးသင့်ပါကြောင်း။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top