Healthy Life Ad
Q & A

မိခင်နို့ သိပ်မထွက်လို့ ဘယ်လို စားသောက်သင့်သလဲ . .

မေး။ ။ မင်္ဂလာပါ။ ကလေးမွေးပြီးတာ တစ်ပတ်ရှိပါပြီ။မိခင်က နို့သိပ်ပြီးမထွက်လို့ ဘယ်အစားအသောက် တွေ စားခိုင်းရမလဲ။ သိချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။

Zaw Myo Aung (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ကလေးမွေးပြီးခါစ မိခင်နို့ချို တိုက်ကျွေးနေချိန် အာဟာရဓာတ်ပြည့်ဝနေဖို့ဆိုရင် တစ်ရက်ကို စွပ်ပြုတ်ရည် အနည်းဆုံး ခြောက်ခွက် သောက်ပေးရပါမယ်။

ကြက်သားကို ပြုတ်မယ်၊ ဖရုံသီး ဒါမှမဟုတ် ကျောက်ဖရုံသီးထည့်မယ် . . အရွက်ဆိုရင်လည်း မုန်ညင်း ဒါမှမဟုတ် ရေမုန်ညင်းထည့်မယ် . . အဲဒါကို တစ်ရက် ခြောက်ခွက် သောက်ပေးရပါမယ်။ လက် ဖက်ရည်ပန်းကန်လုံးနဲ့ ခြောက်ခွက် (၆၀ဝ ml) သောက်ရပါမယ်။ ပြီးတော့ တစ်ရက်မှာ အသီးဖျော်ရည် နှစ် ခွက်သောက်ရပါမယ်။

ကြက်သားစွပ်ပြုတ်ရည်ချည်း သောက်နေရရင် ငြီးငွေ့မှာစိုးလို့ နောက်တစ်နေ့မှာ ဟင်းခါးသောက်ရမယ်။ ဟင်းခါးချက်တဲ့အခါ ပုစွန်ခြောက်လုံးဝမထည့်ဘဲ ငါးအစိုနဲ့ ချက်ရမယ်၊ ညှီတယ်လို့ထင်ရင် ငရုတ် ကောင်းထည့်တာ၊ ရှမ်းနံနံ၊ ဗမာနံနံထည့်သောက်ရမယ်။

ကလေးမွေးပြီးခါစမိခင်တွေကို ကြက်သားစွပ်ပြုတ် တစ်ရက်၊ ဟင်းခါးတစ်ရက်၊ ကြာစွယ်ဟင်းခါးတစ်ရက်၊ ကြာရိုးဟင်းရည် တစ်ရက်၊ ပိန်းဥဟင်းချို တစ်ရက်၊ ပဲနီလေးနဲ့ ကြာဇံဟင်းရည်တစ်ရက်ဆိုပြီး အားလုံးခြောက်မျိုးလောက်ကို ခြောက်ပတ်ပြည့်အောင် သောက်ခိုင်းပါတယ်။

ညခြောက်နာရီမှာ သံပရာရည်၊ လိမ္မော်ရည် တစ်မျိုး သောက်ရမယ်၊ ညရှစ်နာရီမှာ ဖရဲသီး၊ ပန်းသီး ဖျော်ရည်တစ်မျိုး သောက်ရမယ် . . အသီးအစစ် ဖျော်ရည်ပဲ သောက်ရမှာ ဖြစ်ပါတယ်။ အသီးဖျော်ရည်ကို နှစ်ခွက်ကိုလည်း ခြောက်ပတ်ပြည့်အောင် သောက်ရမယ်။

တကယ်လို့ မနက်မနက် မူးတယ်ဆိုရင် နို့တစ်ခွက်သောက်ရပါမယ်။ ခြောက်ပတ်ပြည့်တဲ့အထိ ဒီ အတိုင်းသောက်ပေးမယ်ဆိုရင် မွေးထားတဲ့ ကလေးကလည်း အာဟာရဓာတ် ပြည့်ဝတဲ့ မိခင်နို့ချိုကို ရရှိ မှာဖြစ်ပါတယ်။ ခြောက်ပတ်ပြည့်မှ မသောက်ချင်ရင် ဖြုတ်လိုက်လို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top