Healthy Life Ad
Life Style

နားမှာဖြစ်တဲ့ တီဘီ

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်
လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

တီဘီဆိုရင် ချောင်းဆိုးသွေးပါ အဆုတ်ရောဂါရယ်လို့ လူသိများကြပါတယ်။ တီဘီရောဂါကိုဖြစ်စေတဲ့တရားခံကတော့ Mycobacterium tuberculosis ဆိုတဲ့ အကောင်လေးပဲ။ တစ်ခါတလေ တခြားအကောင်တွေကြောင့်လည်း ဖြစ်နိုင်သေးတယ်။ Mycobacterium avium, Mycobacterium fortuitum ဆိုတဲ့ atypical Mycobacteria တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တီဘီရောဂါဟာ အဆုတ်မှာအဖြစ်များတာမို့ အဆုတ်ရောဂါလို့ ခေါ်ပေမယ့် တခြားနေရာတွေမှာလည်း ဖြစ်နိုင်သေးပါတယ်။အဆုတ်မှာဖြစ်ရင် pulmonary tuberculosis လို့ခေါ်ပြီး တခြားနေရာတွေမှာဖြစ်တာကို extrapulmonary tuberculosis လို့ခေါ်တယ်။အဲဒီလိုအမျိုးအစားထဲမှာ နားမှာဖြစ်တဲ့တီဘီလည်းပါတယ်။

နားမှာဖြစ်တဲ့ တီဘီလို့ဆိုရာမှာ တိတိကျကျ ပြောရရင်အလယ်နားမှာ ဖြစ်တာများတာမို့ tuberculous otitis media လို့ ခေါ်ကြတယ်။အလယ်နားသာမကသူနဲ့ဆက်နေတဲ့ နားနောက်က အရိုးပါဖြစ်တယ်။ အဲဒီနေရာကို တီဘီပိုးတွေဘယ်လိုရောက်လာသလဲဆိုတာလည်း စိတ်ဝင်စားစရာကောင်းတယ်။

ထုံးစံအတိုင်းသွေးတို့၊ ပြန်ရည်တို့က ပြန့်နှံ့လာနိုင်သလို တစ်ခါတလေကျတော့ နားစည်ပေါက်နေရင် အဲဒီအပေါက်ကနေလည်း ဝင်လာနိုင်တယ်။ပြီးတော့ အလယ်နားနဲ့ အစာရေမျိူအစပိုင်းကိုဆက်ထားတဲ့ Eustachiam tube ကနေလည်း တက်လာနိုင်တာပဲ။ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် တီဘီပိုးကတော့အလယ်နားထဲ ရောက်ပြီ ဆိုကြပါစို့။

စဖြစ်ဖြစ်ချင်းမှာတော့ နားစည်က ထူလာတယ်တဲ့။ နားစည်ရဲ့ အပြင်ဘက်မှာ အပြင်နားရှိပြီး၊ နားစည်ရဲ့ အတွင်းဖက်မှာ အလယ်နားရှိတာမို့ အလယ်နားမှာ တီဘီပိုးတွေဝင်ပြီး သောင်းကျန်းနေတော့အလယ်နားကို ပြင်ပလောကကြီးနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ နားစည်ကလည်း ထူအမ်းအမ်းလေးဖြစ်လာတာ။ နားကိုစမ်းသပ်ကြည့်တဲ့အခါ မူလကလိုပြောင်လက်မနေတော့ဘဲ အမှတ်အသားတွေ Landmarks တွေလည်းမတွေ့ရတော့ဘူး။

အလယ်နားမှာ အရည်တွေလည်း ထွက်နေတာမို့ အသံလှိုင်းသယ်ဆောင်တာ အနှောင့်အယှက်ဖြစ်တယ်။ Conductive pathway လို့ ခေါ်တဲ့ သယ်ဆောင်တဲ့လမ်းကြောင်းမှာ ရောဂါဖြစ်လို့ နားအကြားအာရုံလျော့တာမို့ conductive deafness ခေါ်ပါတယ်။အလယ်နားမှာ အရည်ထွက်ရုံသာမက တခြားပျက်စီးမှုတွေလည်း ရှိတယ်။ အလယ်နားမှာရှိတဲ့ အမြှေးပါးလေးတွေလည်း နားစည်လိုပဲထူလာတယ်။ ပိုဆိုးတာက အလယ်နားထဲမှာရှိတဲ့အသံ သယ်ဆောင်တဲ့ အရိုးကလေးသုံးခုပါ ပျက်စီးသွားနိုင်လို့။ ထူးခြားတာက ဒီလောက်ဖြစ်ပျက်နေတာနာတာ၊ ကိုက်တာ၊ ဖိရင်နာတာတွေ မရှိဘူး။ လည်ပင်းမှာတော့ အကျိတ် ထွက်နိုင်ပါတယ်။

ဒီအချိန်မှာ နားစည်ကိုကြည့်ရင် ထူးခြားတာတွေ့ရတယ်။ နာတာရှည်နားပြည်ယိုတာဆိုရင် နားစည်ပေါက်တာ တစ်ပေါက်တည်းပဲ များတယ်။ အခုနားတီဘီကျတော့အပေါက်တွေ အများကြီးတွေ့ရတယ်။အဲဒီအဆင့်ကို ကြာကြာမတွေ့ရဘူး။မကြာခင်အဲဒီအပေါက်တွေပေါင်းသွားပြီး အပေါက်အကြီးကြီးဖြစ်သွားရော။နားထဲကအရည်တွေလည်း ထွက်တာပေါ့။တစ်ခါတလေ အလယ်နားအမြှေးတွေကနေ အသီးလေးတွေ ထွက်လာတတ်တယ်။

အရိုးကိုလည်း ချမ်းသာမပေးဘဲ စားတတ်တာကြောင့် အရိုးအကျိုးအပဲ့လေးတွေဖြစ်ပြီး အတွင်းနားကိုပါပျက်စီးစေနိုင်တယ်။ အဲဒါဆိုရင် ပိုဆိုးပြီပေါ့။အလယ်နားထဲက ဖြတ်သွားတဲ့ အမှတ်(၇)အာရုံကြောမကြီးလည်း ထိခိုက်နိုင်တယ်။ အဲဒီအာရုံကြောမကြီးဟာ မျက်နှာက ကြွက်သားတွေနဲ့ ဆိုင်တာမို့ မျက်စိပိတ်မရတာတို့၊ နှုတ်ခမ်းရွဲ့သွားတာတို့ဖြစ်နိုင်တယ်။ နားတီဘီဟာ တခြားရောဂါတွေနဲ့စာရင် နောက်ကျမှရောဂါနာမည်တပ်လို့ ရတတ်တယ်။ ဒီရောဂါများ ဖြစ်နေမလားလို့ မစဉ်းစားမိရင် လမ်းလွဲနေနိုင်ပါတယ်။

– နားစည်မှာအပေါက် အများကြီး တွေ့မယ်၊

– လည်ပင်းမှာ အကျိတ်ထွက်မယ်၊

– အလယ်နားရောင်ပြီး အသီးလေးတွေ ထွက်မယ်ဆိုရင် နားတီဘီကို စဉ်းစားသင့်ပါတယ်၊

ကံဆိုးတဲ့သူတွေကတော့ အတွင်းနားကို ထိခိုက်ပြီး နားအကြားလျော့တာတို့၊ ချာချာလည်မူးတာတို့ ခံစားရပါတယ်။ နားတီဘီလို့တိတိကျကျပြောနိုင်ဖို့က အသားစယူရမယ်။

နားတီဘီကိုကုတဲ့အခါ တခြားတီဘီလိုပဲ တီဘီဆေးတိုက်ရပါတယ်။ နားနောက်က အရိုး (Mastoidbone)ထဲက အရိုးအကျိုးအပဲ့တွေကိုတော့ ခွဲစိတ်ပြီးထုတ်ပစ်ပါတယ်။

နားတီဘီဟာ ပြီးခဲ့တဲ ့၁၅ နှစ်အတွင်းပြန်ပြီး ဦးမော့လာတဲ့ ရောဂါတစ်ခုပါ။ တီဘီပိုးတွေကပဲ ပိုစွမ်းလာလို့လား။ လူတွေရဲ့ ကိုယ်ခံ အားကကျသွားလို့လာတော့ မသိဘူး။ များလာတာတော့ အမှန်ပဲ။ တီဘီဆေးမတိုးတော့တာကြောင့်လည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သတိထားရမယ့်အခြေအနေတစ်ရပ် ဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top