Healthy Life Ad
Life Style

ကြိုးစားမှုရလဒ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ညလုံးမိုးရွာထားလို့ မနက်ခင်းမှာလမ်းတွေက ရွှံ့ထူနေပြီးရေတွေနဲ့ ပြည့်လျှံနေခဲ့တယ်။ အဲဒီနေ့ကဈေးနေ့ဖြစ်လို့ လယ်သမားကြီးရာဂျူးက မြို့လမ်းတစ်လျှောက်သူရဲ့လှည်းနဲ့ ခရီးနှင်နေခဲ့တယ်။ သူရဲ့မြက်ခြောက်တွေရောင်းရဖို့ ဈေးထဲကိုစောစော ရောက်နှင့်နေဖို့လိုတယ်လေ။ ဒါပေမဲ့ ရွှံ့ထူထူထဲ ခရီးတွင်ဖို့မြင်းတွေအတွက် အလွန်ခက်ခဲနေခဲ့တယ်။ ဖြစ်ချင်တော့လမ်းခရီးမှာ ရုတ်တရက်ဆိုသလို သူ့မြင်းလှည်းရဲ့ဘီးတွေက နစ်မြုပ်သွားခဲ့ပါတော့တယ်။ အဲဒီအချိန်မှာမြင်းတွေက ဆွဲလေလေ၊ ဘီးကပိုနစ်လေလေ ဖြစ်လာခဲ့တယ်။

ရာဂျူးက မြင်းလှည်းထိုင်ခုံပေါ်ကခုန်ဆင်းပြီး လှည်းဘေးမှာစိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်တော့တယ်။ အကူအညီတောင်းဖို့ အနီးအနားဘေးဘီဝဲယာကိုကြည့်တော့လည်း ဘယ်သူ့ကိုမှမတွေ့ခဲ့ရဘူး။ သူရဲ့မကောင်းတဲ့ကံကိုပဲ အပြစ်တင်ရေရွတ်ရင်း သုန်မှုန်တဲ့မျက်နှာထားနဲ့ စိတ်ဓာတ်ကျနေခဲ့တယ်။ သူဟာလှည်းဘီးတွေ နွံထဲကရုန်းထွက်နိုင်ဖို့ နည်းနည်းလေးတောင် အားမထုတ်ခဲ့ဘူး။ အဲဒီအစား မိုးကောင်းကင်ကိုမော့ကြည့်ပြီး သူရဲ့မကောင်းတဲ့ကံကြမ္မာကိုပဲ ပြစ်တင်ဆဲရေးနေခဲ့တယ်။

“ ငါအတော်ကံမကောင်းတဲ့ ကောင်ပါ့လား၊ ဘာကြောင့်ငါ့ကျမှ ဒီလိုဖြစ်ရတာလဲ၊ အို . . ဘုရားသခင် . . ကျွန်တော့်ကိုကူညီပေးပါဦး”

အချိန်အနည်းငယ်ကြာသွားတဲ့အခါ ရာဂျူးရဲ့ရှေ့မှောက်ကို ဘုရားသခင်ရောက်ရှိလာခဲ့ပါတယ်။

“ ဒီလှည်းဘီးတွေကို ဒီလိုပဲကြည့်နေရုံနဲ့ ရွှေ့နိုင်မယ်ထင်သလား၊ အသင်က ကိုယ့်ကိုယ်ကိုယ်ကူညီဖို့အားမထုတ်ဘဲနဲ့ ဘယ်သူကမှသင့်ကို ကူညီမှာမဟုတ်ဘူး၊ ဒီရွှံ့နွံတွေထဲကနေ လှည်းဘီးထွက်လာအောင် သင်ကြိုးစားကြည့်ပြီးပြီလား၊ အခုပဲထပြီး သင့်ပခုံးတွေနဲ့လှည်းဘီးကို တွန်း ’မ’ ကြည့်စမ်းပါ၊ နည်းလမ်းကောင်း တွေ့ပါလိမ့်မယ်”

ဒီစကားကြားတော့ ရာဂျူးရှက်သွားခဲ့တယ်။ သူက သူ့ခန္ဓာကိုယ်ကိုကွေးညွတ်ပြီး လှည်းဘီးတွေကို ပခုံးပေါ်မှာထားကာ မယတင်ရင်းမြင်းတွေကို တွန်းအားပေးခဲ့တယ်။ မကြာခင်မှာပဲလှည်းဘီးတွေက ရွှံ့နွံထဲကနေ ရုန်းထွက်သွားခဲ့တော့တယ်။ ရာဂျူးက သင်ခန်းစာအကြီးကြီး ရသွားခဲ့တဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်သလို သူ့ခရီးလမ်းကိုလည်း ပျော်ပျော်ရွှင်ရွှင် ခရီးဆက်နိုင်ခဲ့ပါတော့တယ်။

Most Popular

Healthy Life Ad
To Top