Healthy Life Ad
Life Style

သင် လေဖြတ်နိုင်ခြေရှိသလား . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လေဖြတ်တာက နိုင်ငံအသီးသီးမှာ ပဉ္စမမြောက်သေဆုံးမှုဖြစ်စေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ လေဖြတ်တာကို ချက်ချင်းကုသမှု ပေးလိုက်မယ်ဆိုရင် လေဖြတ်ပြီးဖြစ်တဲ့ ဦးနှောက်ထိခိုက်မှုနှုန်းကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

လေဖြတ်ခြင်း၏ လက္ခဏာများကို လျစ်လျူမရှူသင့်

လေဖြတ်ပြီး မိနစ်တိုင်း၊ မိနစ်တိုင်းမှာ ဦးနှောက်က ဆဲလ် ၁ ဒသမ ၉ သန်းခန့် ဆုံးရှုံးနေပါတယ်။ တစ်နာရီကြာသွားတာနဲ့ ကုသမှုမခံယူနိုင်ရင် ဦးနှောက်ယိုယွင်းမှုက ပုံမှန်သုံးနှစ်ခွဲအတွင်း အိုမင်းတာနဲ့ ညီမျှနေပါတယ်။ လူနာတစ်ယောက်အတွက် လေဖြတ်ဝေဒနာဖြစ်နှုန်း ကြာလေလေ၊ စကားပြောနိုင်စွမ်းခက်ခဲမှု ပိုရှိလေလေဖြစ်ပြီး မှတ်ဉာဏ်ဆုံးရှုံးကာ အပြုအမူပြောင်းလဲမှုတွေပါ ဖြစ်လာပါတယ်။ လေဖြတ်တာကို စောစောသိရင် ပိုကောင်းမွန်တဲ့ကုသမှုကို ရွေးချယ်နိုင်မှာဖြစ်ပြီး နောက်ဆက်တွဲ ထိခိုက်ယိုယွင်းမှုလျော့နည်းကာ ကျန်းမာရေးပြန်ကောင်းနိုင်ခြေက သိသိသာသာ မြင့်တက်လာမှာဖြစ်ပါတယ်။

လေဖြတ်ခြင်းအမျိုးအစား (၂) မျိုး

(၁) သွေးကြောပိတ်ဆို့ပြီး ဦးနှောက်ထဲကို သွေးစီးဆင်းမှု လျော့ကျစေတဲ့ Ischemic Strokeနဲ့

(၂) သွေးကြောပေါက်ပြီး ဦးနှောက်ထဲကို သွေးယိုစိမ့်တဲ့ Hemorrhagic Stroke ဆိုပြီး နှစ်မျိုးရှိပါတယ်။ နှစ်မျိုးစလုံးက လက္ခဏာဆင်တူပါတယ်။

– နှစ်ထပ်မြင်ခြင်း
နှစ်ထပ်မြင်တာ၊ အမြင်ဝေ၀ါးတာ၊ အမြင်အာရုံဆုံးရှုံးတာ စတဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေက လေဖြတ်ခြင်းရဲ့ သင်္ကေတတစ်ရပ်ဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ လူအများစုဟာ အသက်ကြီးလို့ဖြစ်တယ်၊ ပင်ပန်းလို့ဖြစ်တယ်လို့ ထင်နေကြပါတယ်။ ပုံရိပ်တွေကို နှစ်ထပ်မြင်နေတာက ဦးနှောက်သွေးကြောပိတ်ဆို့ပြီး မျက်စိထဲကိုရောက်ရှိတဲ့ အောက်ဆီဂျင်ပမာဏ လျော့ကျလို့ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နှစ်ထပ်မြင်တာနဲ့အတူ တခြားလေဖြတ်လက္ခဏာတွေ တွဲဖြစ်ရင် မပေါ့ဆသင့်ပါဘူး။

– လက်မောင်း ထုံကျဉ်ခြင်း
တစ်ရေးအိပ်ပြီးနိုးလာလို့ လက်မောင်း ဒါမှမဟုတ် ခြေထောက် ထုံကျဉ်နေတယ်ဆိုရင် ဒါကနာ့ဗ်ကြောကိုဖိမိလို့ ဖြစ်ရတယ်လို့ အလွယ်ထင်စရာရှိပါတယ်။ လက်မောင်းတစ်ဖက်က ရုတ်တရက် ထုံကျဉ်ပြီး အားနည်းနေရင်၊ ပုံမှန်မဟုတ်ဘူးထင်ရင် ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပြသင့်ပါတယ်။ သွေးလွှတ်ကြောကတစ်ဆင့် သွေးစီးဆင်းမှုလျော့ကျပြီး ခန္ဓာကိုယ်တစ်ခြမ်း အားနည်းတာ ဒါမှမဟုတ် ထုံကျဉ်တာ ဖြစ်စေနိုင်ပါတယ်။

– စကားပြောတိုင်း ပလုံးပထွေး ပီသမှုမရှိခြင်း
အကိုက်အခဲပျောက်ဆေးတွေလို တချို့ဆေးတွေက စကားပြောရင် ပီသမှုမရှိတာကိုဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ အရင်က ဆေးသောက်ပေမယ့် ဘာဘေးထွက်ဆိုးကျိုးမှ မဖြစ်ခဲ့ဘူးဆိုရင် စကားပြောရတာ မပီမသ ပလုံးပထွေးဖြစ်နေတာက လေဖြတ်မယ့်လက္ခဏာဖြစ်နိုင်လို့ ဆရာဝန်နဲ့ချက်ချင်းပြပါ။

– ခန္ဓာကိုယ် ဟန်ချက်မညီမျှခြင်း
အရက်သောက်ထားရင် ခန္ဓာကိုယ် ဟန်ချက်ပျက်နိုင်ပါတယ်။ ဒါပေမဲ့ အရက်မသောက်ဘဲ ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီး ယိမ်းယိုင်နေရင် ဦးနှောက်ထဲ သွေးစီးဆင်းမှုလျော့နည်းတာကြောင့် ဖြစ်တတ်ပါတယ်။ ရုတ်တရက် ခန္ဓာကိုယ်ယိမ်းယိုင်နေရင်၊ လမ်းဖြောင့်ဖြောင့် မလျှောက်နိုင်ရင်၊ ရုတ်တရက်မူးဝေရင် အချိန်မဆိုင်းဘဲ ဆေးရုံ၊ ဆေးခန်းပြေးပါ။

– ပြောချင်သည့် စကားလုံးများက ပါးစပ်ဖျား၌ပင် မေ့သွားခြင်း
ပင်ပန်းတဲ့အခါ၊ အားနည်းတဲ့အခါ ပြောမယ့်စကားတွေ မေ့သွားတာဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရုတ်တရက် အကြောင်းရင်းမရှိဘဲ ပြောလက်စ စကားလုံးတွေ ပျောက်ဆုံးသွားတာ၊ မေ့လျော့သွားတာတွေက လေဖြတ်ဝေဒနာရဲ့ အဓိက လက္ခဏာဖြစ်ပါတယ်။ စကားပြောနိုင်စွမ်း မရှိရင်၊ ပြောချင်တဲ့ စကားကို မတွေးတောနိုင်ရင် ဦးနှောက်အစိတ်အပိုင်းဟာ အသိစိတ်နဲ့ တွေးတောနိုင်စွမ်းအပေါ် ထိခိုက်စေလို့ ဖြစ်တတ်ပါတယ်။

– ခေါင်းကိုက်လိုက်၊ ခေါင်းတစ်ခြမ်းကိုက်လိုက်ဖြစ်ခြင်း
ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာတွေကို အရင်ကမဖြစ်ဖူးဘဲ ရုတ်တရက်ထဖြစ်နေရင် လေဖြတ်ဝေဒနာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top