Healthy Life Ad
Health Tips

လျှပ်စစ်ဓာတ်လိုက်ခြင်းအတွက် ရှေးဦးပြုစုခြင်း

ဒေါ်ခင်ခင်ရှိန် (ညွှန်ကြားရေးမှူး၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

ပြီးခဲ့တဲ့ တစ်ရက်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ သံပန်းတပ်တဲ့ ကလေးတစ်ယောက်ရဲ့ ရင်ဘတ်ပေါ် ဝါယာကြိုးက ပြုတ်ကျခဲ့တယ်။ သူ့ကို ဝင်ဆွဲတဲ့နှစ်ယောက်ပါရောပြီး ဓာတ်လိုက်သွားပါတယ်။ ဒါနဲ့ အဲဒီက ရှေးဦးပြုစုတတ်သူတစ်ဦးက အဲဒီကောင်လေးတွေကို CPR နှစ်ကြိမ် ပေးခဲ့ပါတယ်။ အဲဒီအခါ နှလုံးခုန်နှုန်းကို နည်းနည်းစမ်းလို့ရခဲ့တယ်။ ဒါနဲ့ သူဆက်လုပ်တယ်။ သုံးကြိမ်လုပ်ပြီးတဲ့အခါ ကြည့်လိုက်တော့ မျက်စိသူငယ်အိမ်ကကျယ်နေပြီ၊ အသက်မရတော့ဘူး။ သူခုနှစ်ခါတိတိ လုပ်ပေးခဲ့ပါတယ်တဲ့။ ဆွဲတဲ့ ကောင်လေးနှစ်ယောက်ကတော့ရှင်ပါတယ်။

တကယ်တော့ ဓာတ်လိုက်ပြီဆိုရင် မိန်းခလုတ်ကိုချရပါမယ်။ ပြီးရင် ဝါယာကြိုးကို တုတ်အခြောက်နဲ့ ဖယ်ထုတ်ပစ်ရပါမယ်။ ပြီးမှ ကယ်ရမှာပါ။ မဟုတ်ရင် ဓာတ်လိုက်တဲ့သူကိုဆွဲရင် ဆွဲတဲ့သူတွေပါ တသီတစ်တန်းကြီး ဖြစ်မှာလေ။ အခုတော့ အဲဒါကိုမသိတဲ့အတွက် ဆွဲတဲ့သူတွေ ကံကောင်းလို့ အသက်အန္တရာယ်မထိခိုက်ပေမယ့် လက်တွေမည်းသွားခဲ့ပါတယ်၊ အကြောတွေမလှုပ်နိုင်တာ ဖြစ်ခဲ့တဲ့အတွက် ချက်ချင်းပဲဆေးရုံကို ပို့လိုက်ရပါတယ်။

ဓာတ်လိုက်တာက သိပ်အားမပြင်းတဲ့ဓာတ်မျိုးဆိုရင် နှလုံးခုန်ရပ်မသွားအောင် CPR လုပ်ပေးရပါမယ်။ အရင်ဆုံး ဓာတ်လာတဲ့ အရင်းအမြစ်ကိုဖယ်ရမှာပါ။ အခုဖြစ်ရပ်ဆိုရင် ဓာတ်ကြိုးပြတ်ကျရင် ဝါးလုံးရှည်အခြောက်နဲ့ ဖယ်ရပါမယ်။ တစ်ပြိုင်တည်း မိန်းချရပါမယ်။ ပြီးမှ ဖြစ်တဲ့သူကို နှလုံးနှိုးဆွတဲ့ အသက်ကယ်နည်း CPR ပေးရပါမယ်။ ပါးစပ်ထဲ လေမှုတ်သွင်းပေးရပါမယ်။

လျှပ်စစ်ဓာတ်လိုက်တယ်ဆိုတာ ဗို့အားပြင်းတဲ့ လျှပ်စစ်ဓာတ်တင်မက ဗို့အားနည်းတဲ့ အိမ်သုံးလျှပ်စစ်ဓာတ်တွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ တခြားအပူလောင်တာမျိုးထက် နှလုံးကို ပြင်းပြင်းထန်ထန် ထိခိုက်စေတာကြောင့် နှလုံးရုတ်တရက် ရပ်တန့်စေနိုင်ပါတယ်။ လျှပ်စစ်ဓာတ်လိုက်တာနဲ့ ပတ်သက်ပြီး ဖြစ်မှကုသတာထက် မဖြစ်ခင်ကာကွယ်တာကတော့ အကောင်းဆုံးပါပဲ။

လျှပ်စစ်ဓာတ်လိုက်ခြင်း ဖြစ်စေသည့် အကြောင်းရင်းများ

အိမ်တွေမှာ သုံးတဲ့လျှပ်စစ်ဝါယာကြိုးတွေ စံချိန်မမီရင် ဓာတ်လိုက်နိုင်ပါတယ်။ သံပန်းတွေမှာ ဝါယာကြိုးတွေကို ရစ်ပြီး တိုအောင်လုပ်တဲ့အခါ ဝါယာကြိုးက အပေါက်အပြဲရှိရင်သံပန်းတွေက ဓာတ်လိုက်နိုင်ပါတယ်။ တချို့ကျတော့ ဝါယာကြိုးတွေကို ပါးစပ်နဲ့ကိုက်တာမျိုး လုပ်တတ်ကြတယ်။ ဒါက မလုပ်သင့်ပါဘူး။ အိမ်မှာ လျှပ်စစ်နဲ့ပတ်သက်ပြီး တစ်ခုခုလုပ်တော့မယ်ဆိုရင် မိန်းခလုတ်ကို ချပြီးမှလုပ်တာ အကောင်းဆုံးပါပဲ။

ရေစိုတဲ့ အဝတ်အစား၊ လက်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို ကိုင်ရင်လည်း ဓာတ်လိုက်နိုင်ပါတယ်။ အများအားဖြင့် လျှပ်စစ်ပစ္စည်းတွေကို နမော်နမဲ့ကိုင်တာကြောင့် ဓာတ်လိုက်တတ်ပါတယ်။ ကလေးရှိတဲ့ အိမ်တွေဆိုရင် ပလပ်ပေါက်တွေကို မြေပြင်နဲ့ နီးကပ်စွာထားရင် ကလေးတွေက အဲဒီပလပ်ပေါက်ထဲ လက်ထိုးထည့်တာကြောင့် ဓာတ်လိုက်တတ်ပါတယ်။ အဲဒီလို ပလပ်ပေါက်တွေရှိရင် ပလပ်ခေါင်းနဲ့ ပိတ်ထားရပါမယ်။

ကာကွယ်နည်း

အခုလို မိုးတွင်းဆိုရင် ပိုပြီး လျှပ်စစ်ဝါယာကြိုးတွေနဲ့ မိန်းခလုတ်တွေကို အမြဲတမ်းစစ်ဆေးရမယ်။ ရေစိုနေတဲ့ အဝတ်တွေဝတ်ပြီး လျှပ်စစ်ခလုတ်တွေကိုင်တာ၊ ရေစိုတဲ့လက်နဲ့ လျှပ်စစ်ခလုတ်တွေ ကိုင်တာတွေကိုလည်း မလုပ်သင့်ပါဘူး။ အိမ်မှာ လျှပ်စစ်ဝါယာကြိုးတွေစစ်ပြီး အသစ်လဲသင့်ရင် လဲရပါမယ်။ ပလပ်ပေါက်တွေပဲ့နေရင် အသစ်လဲရပါမယ်။ မလဲနိုင်ရင် တိပ်နဲ့သေချာကပ်ထားရပါမယ်။

ရှေးဦးပြုစုခြင်း

တစ်ယောက်ယောက် ဓာတ်လိုက်နေပြီဆိုရင် အရင်ဆုံး လျှပ်စစ်ထွက်တဲ့ပလပ်ပေါက်ကို ဆွဲဖယ်ရပါမယ်။ ဒါမှမဟုတ် မိန်းခလုတ်ကို ပိတ်ရပါမယ်။

တကယ်လို့ လျှပ်စစ်စီးကြောင်းကို ရပ်အောင်မလုပ်နိုင်ဘူးဆိုရင် လူနာနားမှာရှိတဲ့ ဝါယာကြိုးကို ဖယ်ဖို့အတွက် ရာဘာဖိနပ်စီးပြီး သစ်သားပုံး၊ စက္ကူပုံးတွေမှာ မတ်တပ်ရပ်ရပါမယ်။ မဟုတ်ရင် ဝါယာကြိုးက ရေထဲကျတာမျိုးဆိုရင် ကိုယ်က ရေထဲရပ်နေတဲ့အခါ လျှပ်စစ်စီးပြီး ဓာတ်လိုက်နိုင်လို့ပါ။

ပြီးတော့ ခြောက်သွေ့တဲ့ တုတ်ရှည်ရှည်နဲ့ ဝါယာကြိုးကိုဖယ်ထုတ်ရပါမယ်။

သိပ်မပြင်းတဲ့ ဓာတ်လိုက်တာဆိုရင် အပူလောင်သလိုပဲဆိုတော့ အဲဒီနေရာကို ရေအဆက်မပြတ် လောင်းပေးရပါတယ်။

လူနာက အသက်ရှူရပ်နေပြီဆိုရင် နှလုံးပြန်ခုန်အောင် CPR လုပ်ရပါမယ်။ ပြီးရင် ဆေးရုံကိုပို့ဆောင်ပါ။

မိမိနေအိမ်အနီးမှာ ဗို့အားကြီးတွေရှိပြီး ဓာတ်လိုက်တဲ့ လူနာကလည်း ရှိနေတယ်ဆိုရင် ပတ်ဝန်းကျင်ကို သေချာလေ့လာပြီးမှ အနားကိုသွားရပါမယ်။ လူနာက ဓာတ်ကြိုးနဲ့ တွယ်ကပ်နေတယ်ဆိုရင်တော့ အနားကို ရုတ်တရက် မသွားသင့်ပါဘူး။ အဓိကကတော့ ကိုယ်အန္တရာယ်ကင်းသလားဆိုတာကို ဂရုစိုက်ပြီးမှ ရှေးဦးပြုစုပေးရပါမယ်။

မိုးကြိုးပစ်ခြင်းက လျှပ်စစ်ဓာတ်လိုက်ခြင်းပင်

မိုးကြိုးပစ်တာက လျှပ်စစ်ဓာတ်လိုက်တာပါပဲ။ ဒါပေမဲ့ မိုးကြိုးပစ်တာက ဗို့အားပိုများပြီး ဒဏ်ရာအလွန်ပြင်းထန်တဲ့အတွက် အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အပူလောင်ဒဏ်ရာပဲဆိုရင် ရေလောင်းပေးရပါမယ်။ အပူလောင်တာမှာ ဒီဂရီသုံးမျိုးရှိပါတယ်။ ပထမအဆင့် အပူလောင်တာဆိုရင် အေးတဲ့အထိ ရေလောင်းပေးရုံနဲ့ရတယ်။ ဒုတိယအဆင့်ဆိုရင် ရေလောင်းရုံတင်မက ဆေးရုံ၊ ဆေးခန်း ပို့ရပါ မယ်။ တတိယအဆင့်ဆိုရင်တော့ အရိုးအထိ အပူလောင်သွားတဲ့အတွက် ပိုးမဝင်အောင် ပိတ်တီးအုပ်ပြီး ဆေးရုံ၊ ဆေးခန်း အမြန်ဆုံးပို့ရပါမယ်။ မိုးကြိုးမပစ်အောင်ကတော့ မိုးရွာတဲ့အချိန်၊ မိုးချုန်းတဲ့အချိန်တွေမှာ ရေချိုးတာ၊ အိမ်ပြင်မှာရပ်တာ၊ သံချောင်းတွေကို ကိုင်ထားတာတို့ မလုပ်သင့်ပါဘူး။

See More

CPR နည်းဖြင့် အသက်ကယ်ပြုစုနည်းလမ်းညွှန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top