Healthy Life Ad
Life Style

လူ ၉၀ ရာခိုင်နှုန်းခန့် မှန်ကန်စွာမသိသေးသည့် ရှေးဦးသူနာပြုစုနည်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အခြေခံရှေးဦးသူနာပြုစုနည်းတွေကို သိထားဖို့အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ တချို့လူတွေက ရှေးဦးသူနာပြုစုနည်းတွေကို မှန်မှန်ကန်ကန်အသုံးမပြုတတ်တာကို တွေ့ရပါတယ်။

(၁) ပြတ်ရှအနာကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်၊ အိုင်အိုဒင်းနဲ့ အရက်ပြန်ဆွတ်တာ အန္တရာယ်ရှိပါတယ်
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်က တွယ်ဆက် တစ်သျှူးဆဲလ်တွေကို ပျက်စီးစေတဲ့အတွက် အနာမကျက်အောင် ဟန့်တားတတ်ပါတယ်။ အိုင်အိုဒင်း နဲ့အရက်ပြန်က ဆဲလ်ကောင်းတွေကို လောင်ကျွမ်းစေပြီး နာကျင်မှုနဲ့ပူစပ်ပူလောင် ဝေဒနာကို တိုးစေပါတယ်။
မှန်ကန်သော ရှေးဦးပြုစုနည်း
ပြတ်ရှဒဏ်ရာကို ရေသန့် ဒါမှမဟုတ် ရေကျက်အေးနဲ့ဆေးကြောသန့်စင်လိုက်ပါ။ ပြီးရင် ပဋိဇီဝ ပိုးသတ်လိမ်းဆေးတစ်မျိုးလိမ်းပါ။ မလိုအပ်ရင် ပတ်တီးမစည်းပါနဲ့။

(၂) ပါရာစီတမောက လွန်ကဲရင် အသည်းဝေဒနာ ဖြစ်စေနိုင်တယ်
ပါရာစီတမောက နာကျင်မှုနဲ့ ရောင်ရမ်းမှုကို သက်သာလျော့ပါးစေတယ်ဆိုတာသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ အလွန်အမင်းသုံးစွဲရင်အသည်းနဲ့ ကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။
မှန်ကန်သော ရှေးဦးပြုစုနည်း
ပါရာစီတမောပမာဏကိုချိန်ဆမှီဝဲပါ။ အရွယ်ရောက်သူတွေအတွက် အများဆုံးမှီဝဲနိုင်တဲ့ ပမာဏက တစ်ကြိမ်မှာ တစ်ဂရမ်(တစ်နေ့ လေးဂရမ်)ဖြစ်ပါတယ်။

(၃) သွေးတိတ်အောင် ပတ်တီးထူထူစည်းတာက အနာပုပ်စေနိုင်ပါတယ်
ပတ်တီးထူထူကို မမှန်မကန် ဒါမှမဟုတ်မလိုအပ်ဘဲ စည်းတာက ဖိအားသက်ရောက်မှုဖြစ်စေပါတယ်။ သွေးထွက်တာ မရပ်ဘဲသွေးလှည့်ပတ်မှုကို အဟန့်အတားဖြစ်စေပြီး တစ်သျှူးပုပ်စေနိုင်ပါတယ်။
မှန်ကန်သော ရှေးဦးပြုစုနည်း
ဆေးရုံမရောက်ခင် ဒဏ်ရာပေါ်ကို သန့်ရှင်းတဲ့အဝတ်စ ဒါမှမဟုတ် ပိုးသန့်စင်ထားတဲ့ ဝါဂွမ်းစထူထူအုပ်ပြီး ခပ်တင်းတင်းဖိထားပါ။

(၅) တက်နေတဲ့သူရဲ့ ပါးစပ်ထဲ ဇွန်းမထည့်နဲ့
တက်နေတဲ့သူက ပါးစပ်ထဲ ပြင်ပပစ္စည်းရှိနေရင် ဆို့နင့်မှု ဖြစ်နိုင်ပါတယ်။
မှန်ကန်သော ရှေးဦးပြုစုနည်း
လူတစ်ယောက်က မထိန်းချုပ်နိုင်လောက်အောင်တုန်ခါပြီး ပြာနှမ်းနေရင် သူ့ခန္ဓာကိုယ် အန္တရာယ်မဖြစ်အောင် စောင့်ကြည့်ပါ။ ဆရာဝန်ကိုအမြန်ခေါ်ပါ။ တက်တဲ့သူက ပြင်ပအန္တရာယ် ကင်းရှင်းသလား၊ ပုံမှန် အသက်ရှူနေသလားဆိုတာကို ဆန်းစစ်ပါ။

(၄) နှာခေါင်းသွေးလျှံနေရင် ခေါင်းကို နောက်မလှန်ရ၊ ပက်လက်လှန်မလှဲရ
အဲဒီလိုလုပ်ရင် ခေါင်းထဲက သွေးဖိအားမြင့်တက်သွားပါလိမ့်မယ်။ အဲဒီအခါ အန်စေနိုင်ပါတယ်။
မှန်ကန်သော ရှေးဦးပြုစုနည်း
ဦးခေါင်းကို တည့်တည့်မတ်မတ်ထားလိုက်မှ ဖိအားကျသွားမှာပါ။ သွေးလျှံတဲ့ နှာခေါင်းတစ်ဖက်ကို ရေအေးဝတ်ကပ်ပြီး လက်ချောင်းနဲ့ အချိန် ၁၅ မိနစ်ခန့် ဖိပိတ်ပေးပါ။ ဒီလိုလုပ်တဲ့ အချိန်မှာ ပါးစပ်နဲ့အသက်ရှူပါ။ နှာခေါင်းသွေးလျှံတာမရပ်ရင် ထပ်ခါတလဲလဲလုပ်ပေးပါ။ မရရင်ထိခိုက်ဒဏ် ရာရတာကြောင့် ဖြစ်နိုင်တဲ့အတွက် ဆေးရုံ၊ ဆေးခန်းသွားပြပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top