Healthy Life Ad
Life Style

ကမ္မဋ္ဌာန်းတရားထိုင်ခြင်းနှင့် ကျန်းမာရေး (၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

(က) ခန္ဓာကိုယ်ကျန်းမာရေး

ကျန်းမာရေးချို့ယွင်းမှုမရှိတဲ့လူတွေ ကမ္မဋ္ဌာန်းထိုင်တာကို မှန်မှန်လေ့ကျင့်ရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးရှိနိုင်တဲ့ပြောင်းလဲမှုတွေကို တွေ့ရှိရပါတယ်။ အဲဒါတွေကတော့ နှလုံးခုန်နှုန်း နှေးလာခြင်း၊ နှလုံးခုန်အား ကောင်းလာခြင်း၊ သွေးပေါင်လျော့နည်းလာခြင်း၊ သွေးထဲမှာ ပြည့်ဝဆီနဲ့ ကိုလက်စထရောအဆီအချိန်အတွယ် လျော့နည်းလာခြင်း၊ ကိုယ်ခန္ဓာခုခံကာကွယ်စနစ် (Body Immune System) စွမ်းအင်တိုးတက်လာခြင်းတို့ဖြစ် ပါတယ်။

သွေးတိုးရောဂါရှိသူတွေကို လေ့လာတဲ့အခါမှာ ကမ္မဋ္ဌာန်းထိုင်ခြင်းဖြင့် သွေးတိုးရောဂါကို အတော်အတန် သက်သာစေကြောင်း တွေ့ရှိရပါတယ်။

တွေ့ရှိချက်တွေကတော့ ကမ္မဋ္ဌာန်းထိုင်သူတွေထဲမှာ ဆေးရုံတက်နှုန်း ၈၇ရာခိုင်နှုန်း လျော့နည်းတာနဲ့ အပြင်ဆေးခန်းမှာ ကုသမှုခံယူတဲ့နှုန်း ၅၀ ရာခိုင်နှုန်း လျော့နည်းတာတို့ ဖြစ်ပါတယ်။

နာတာရှည်နာကျင်ကိုက်ခဲဝေဒနာကို ကုသရာမှာ ကမ္မဋ္ဌာန်းထိုင်တာကို ပူးတွဲအသုံးပြုနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးဌာနက ထောက်ခံထားပါတယ်။ နာတာရှည်နာကျင်ကိုက်ခဲ ဝေဒနာရှိသူတွေ ကမ္မဋ္ဌာန်းထိုင်တာကို လေ့ကျင့်ရင် ဝေဒနာ ၅၀ ရာခိုင်နှုန်း သက်သာနိုင်ကြောင်း တွေ့ရှိရပါတယ်။

နာတာရှည် အိပ်မပျော်တဲ့ ရောဂါရှိသူတွေ ကမ္မဋ္ဌာန်းထိုင်တာကို မှန်မှန်လေ့ကျင့်ရင် ဝေဒနာရှင် ၇၀ ရာခိုင်နှုန်းခန့် အအိပ်အနေ တိုးတက်ကောင်းမွန်လာပါတယ်။

– ဆီးချိုရောဂါရှိသူတွေ ကမ္မဋ္ဌာန်းထိုင်တာကို လေ့ကျင့်ရင် ရောဂါကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူလာတယ်လို့ သိရပါတယ်။

– ကျန်းမာရေးအာမခံကုမ္ပဏီတွေက ကမ္မဋ္ဌာန်းထိုင်တဲ့ အလေ့အထရှိသူတွေရဲ့ ကျန်းမာရေးမှတ်တမ်းကို လေ့လာထားတာရှိပါတယ်။ တွေ့ရှိချက်တွေကတော့ ကမ္မဋ္ဌာန်းထိုင်သူတွေထဲမှာ ဆေးရုံတက်နှုန်း ၈၇ရာခိုင်နှုန်း လျော့နည်းတာနဲ့အပြင် ဆေးခန်းမှာ ကုသမှုခံယူတဲ့နှုန်း ၅၀ ရာခိုင်နှုန်းလျော့နည်းတာတို့ ဖြစ်ပါတယ်။

(ခ) စိတ်ကျန်းမာရေး

– ကမ္မဋ္ဌာန်းထိုင်ရင် စိတ်ချမ်းသာမှု ရရှိနိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေသိရှိပြီးဖြစ်ပါတယ်။ အနောက်တိုင်း သုတေသီတွေ လေ့လာတွေ့ရှိထားတဲ့ အချက်ကတော့ ကမ္မဋ္ဌာန်းထိုင်တဲ့ အလေ့အထရှိသူတွေရဲ့ သွေးထဲမှာ “ကော်တီစောဟော်မုန်းဓာတ်” (Cortisol) လျော့နည်းလာတာပါပဲ။ ကော်တီစောဟော်မုန်းကို “စိတ်ဖိစီးမှုဟော်မုန်းဓာတ်”လို့ ခေါ်ပါတယ်။ ဒါကြောင့် ကမ္မဋ္ဌာန်းထိုင်ရင် စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိလာနိုင်ပါတယ်။

– ကမ္မဋ္ဌာန်းထိုင်နေစဉ်မှာကာယကံရှင်ရဲ့ “ဦးနှောက်လျှပ်စစ်လှိုင်း သရုပ်ပြမျဉ်း” (Electroence-phalograph) ကို လေ့လာထားတာရှိပါတယ်။ အတိုကောက် EEG (အီးအီးဂျီ)လို့ခေါ်ပါတယ်။

အီးအီးဂျီစက်နဲ့ စမ်းသပ်ရင် ဦးနှောက်ထဲကထွက်လာတဲ့ လျှပ်စစ်လှိုင်းအခြေအနေကို သရုပ်ပြမျဉ်းပေါ်မှာ တွေ့ရှိရပါတယ်။ ဦးနှောက်လျှပ်စစ်လှိုင်း လေးမျိုးရှိပါတယ်။

အမြန်ဆုံးလှိုင်းကို “ဘီတာလှိုင်း” (Beta Waves)လို့ ခေါ်ပါတယ်။ တစ်စက္ကန့်မှာ လှိုင်းပေါ်နှုန်း ၁၄ ~ ၃၀ ကြိမ်ရှိပါတယ်။ ဘီတာလှိုင်းကို စိတ်လုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ တွေ့ရပါတယ်။

အမြန်နှုန်းအနည်းငယ်နှေးတဲ့လှိုင်းကို “အယ်လ်ဖာလှိုင်း” (Alpha Waves)လို့ ခေါ်ပါတယ်။ တစ်စက္ကန့်မှာ လှိုင်းပေါ်နှုန်း ၈ ~ ၁၃ကြိမ်ရှိပါတယ်။ အယ်လ်ဖာလှိုင်းကိုနိုးကြားနေပြီး စိတ်အပန်းဖြေနေတဲ့အခါမှာ တွေ့ရှိရပါတယ်။

ပိုပြီးနှေးလာတဲ့လှိုင်းကို “သီတာလှိုင်း” (Theta Waves)လို့ ခေါ်ပါတယ်။ တစ်စက္ကန့်ပေါ်နှုန်း ၄ ~ ၇ ကြိမ်ရှိပါတယ်။ သီတာလှိုင်းကို အိပ်ငိုက်နေတဲ့အချိန်နဲ့ အိပ်ပျော်စအချိန်မှာ တွေ့ရှိရပါတယ်။

အနှေးဆုံးလှိုင်းကတော့ “ဒယ်တာလှိုင်း” (Delta Waves) ဖြစ်ပါတယ်။ တစ်စက္ကန့်ပေါ်နှုန်း သုံးကြိမ်ရှိပါတယ်။ ဒယ်တာလှိုင်းကို အလွန်အမင်း အိပ်မောကျနေတဲ့အချိန်မှာ တွေ့ရှိရပါတယ်။

လေ့ကျင့်မှုရှိသူ ကမ္မဋ္ဌာန်းထိုင်နေတဲ့အချိန်မှာ ၄င်းရဲ့ ဦးနှောက်နှစ်ခြမ်းစလုံးမှာ “အယ်လ်ဖာလှိုင်း” အများအပြား ညီညီညာညာ ပေါ်ထွက်နေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ကမ္မဋ္ဌာန်းထိုင်နေချိန်မှာ နိုးကြားပြီး စိတ်တည်ငြိမ်အေးချမ်းမှု ခံစားနေရတယ်လို့ ဆိုနိုင်ပါတယ်။ စိုးရိမ်ကြောင့်ကြစိတ်လွန်ကဲတဲ့ ဝေဒနာရှင်တွေ အတွက် အကျိုးရှိနိုင်ပါတယ်။

နာတာရှည် စိတ်ကျရောဂါခံစားရသူတွေ ကမ္မဋ္ဌာန်းထိုင်တာကို မှန်မှန်လေ့ကျင့်ရင် စိတ်ကျရောဂါလက္ခဏာတွေ သက်သာလျော့နည်းလာတာကို တွေ့ရှိရပါတယ်။ ကမ္မဋ္ဌာန်းထိုင်တာကြောင့် ဦးနှောက်ထဲမှာ “ဆီရိုတိုနင်” (Serotonin) ဓာတ်ပိုမိုများပြားလာလို့ ဖြစ်နိုင်ပါတယ်။

(ဂ) ဦးနှောက်သန်မာကျန်းမာရေး

– ကမ္မဋ္ဌာန်းထိုင်တာကို မှန်မှန်လေ့ကျင့်ရင် ဦးနှောက်ထဲမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာကို တွေ့ရှိရပါတယ်။ MRI၊ fMRI၊ SPECT စတဲ့ ခေတ်သစ်ဓာတ်မှန်ရိုက်နည်းအမျိုးမျိုးနဲ့ စမ်းသပ်တွေ့ရှိချက်တချို့ကို ရှင်းပြပါမယ်။

– ဦးနှောက်ကလာပ်စည်းက ထွက်လာတဲ့ အာရုံကြောမျှင် အရေအတွက် များလာပါတယ်။ အာရုံကြောမျှင်ကို ဖုံးအုပ်ထားတဲ့ အကာနံရံ (Myelin Sheath) ဟာ ပိုမိုထူထပ်လာတယ်။ ဒါကြောင့် အာရုံကြောမျှင်တစ်လျှောက် လျှပ်စစ်ဓာတ်စီးဆင်းမှုကို ပိုမိုလျှင်မြန်စေပါတယ်။ ရလဒ်ကတော့ ဦးနှောက်ပိုင်းတစ်ခုနဲ့တစ်ခု ဆက်သွယ်ရေး ကောင်းလာပါတယ်။ အဲဒီလို အပြောင်းအလဲတွေကို ဦးနှောက်တစ်ခုလုံးမှာတွေ့ရှိရတာ မဟုတ်ပါဘူး။ စိတ်လုပ် ငန်းနဲ့သက်ဆိုင်တဲ့ ဦးနှောက်ပိုင်းတွေမှာ တွေ့ရှိရပါတယ်။ လေ့လာထားတဲ့ ဦးနှောက်ပိုင်းတချို့ကို ဖော်ပြပါမယ်။

– Pte-frontal lobe ဆိုတာ နဖူးအောက်မှာရှိတဲ့ ဦးနှောက်ရှေ့ပိုင်းဖြစ်ပါတယ်။ အဲဒီဦးနှောက်ပိုင်းဟာ အာရုံစူးစိုက်နိုင်ခြင်း၊ စဉ်းစားဆင်ခြင်နိုင်ခြင်း၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်ခြင်းနဲ့ စိတ်ထိန်းချုပ်နိုင်ခြင်း လုပ်ငန်းတွေနဲ့ သက်ဆိုင်ပါတယ်။ ကမ္မဋ္ဌာန်းထိုင်ခြင်းကို မှန်မှန်လေ့ကျင့်သူတွေမှာ အဲဒီဦးနှောက်ပိုင်း ကြီးထွားလာတာကိုတွေ့ရှိရပါတယ်။

– ဦးနှောက်အတွင်းဘက်တစ်နေရာမှာ Amy-gdala လို့ခေါ်တဲ့ ဦးနှောက်ပိုင်းလေးတစ်ခုရှိပါတယ်။ ဒီဦးနှောက်ပိုင်းဟာ ကြောက်စိတ်၊ ဒေါသစိတ်ကို ဖြစ်ပေါ်စေတဲ့ဦးနှောက်ပိုင်းတစ်ခုဖြစ်ပါတယ်။ ကမ္မဋ္ဌာန်း ထိုင်သူတွေမှာ ဒီဦးနှောက်ပိုင်းက ကြီးထွားမလာပါဘဲ သေးငယ်သွားတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ကြောက်စိတ်နဲ့ ဒေါသစိတ်ကို လျော့နည်းစေနိုင်ပါတယ်။

– Insula လို့ ခေါ်တဲ့ ဦးနှောက်ပိုင်းဟာ နဖူးအောက် ဦးနှောက်ပိုင်းနဲ့ နားထင်အောက် ဦးနှောက်ပိုင်းကြားမှာ မြုပ်နေတဲ့ ဦးနှောက်ပိုင်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီဦးနှောက်ပိုင်းဟာ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားရမှုကိုစိတ်က တုံ့ပြန်တာနဲ့သက်ဆိုင်ပါတယ်။ (ဥပမာ- ခေါင်းကိုက်လာရင် စိတ်တိုတာမျိုးဖြစ်ပါတယ်)

“စိတ်ခံစားမှု အသိဉာဏ်” (Emotional Intelligence) ဆိုတာ “အကင်းပါးခြင်း” ဖြစ်ပါတယ်။ တခြားသူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားမှုကို “ဖတ်”နိုင်တဲ့ စိတ်စွမ်းရည်ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်းထိုင်သူတွေမှာ “Insula” ဦးနှောက်ပိုင်း ကြီးထွားလာတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာဝေဒနာခံစားရမှုကို ထိန်းချုပ်နိုင်ခြင်း၊ စိတ်ခံစားမှု အကင်းပါးခြင်း၊ သူတစ်ပါးခံစားမှုကို နားလည်လွယ်ခြင်း စတဲ့ စိတ်စွမ်းအင်တွေကို တိုးပွားစေပါတယ်။

– Anterior Cingulate ဟာ ဦးနှောက်ရှေ့ပိုင်း အတွင်းသားတစ်နေရာမှာရှိပါတယ်။ ဒီဦးနှောက်ပိုင်းဟာ စိတ်လှုပ်ရှားမှုကို အသိစိတ်နဲ့ ထိန်းချုပ်တဲ့လုပ်ငန်းမှာ ပါဝင်ပတ်သက်နေပါတယ်။ နောက်ပိုင်း အဲဒီဦးနှောက်ပိုင်းဟာ “ကိုယ်ချင်းစာစိတ်” (Empathy) နဲ့လည်း သက်ဆိုင်ပါတယ်။ သူတစ်ပါးဒုက္ခကို အဲဒီ့သူခံစားနေရသလို ဝေမျှခံစားနိုင်တဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်းထိုင်သူတွေမှာ Anterior Cingulate ဦးနှောက်ပိုင်း ကြီးထွားလာကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားမှုကို ပိုမိုထိန်းချုပ်နိုင်မယ်၊ ကိုယ်ချင်းစာတရား ပိုမို ပွားများလာနိုင်တယ်လို့ ဆိုရပါမယ်။

– Hippocampus ဦးနှောက်ပိုင်းဟာ မှတ်ဉာဏ်သိုလှောင်ခြင်း၊ မှတ်ဉာဏ်ပြန်လည်ဖော်ထုတ်ခြင်း လုပ်ငန်းတွေအတွက် အရေးပါတယ်။ ကမ္မဋ္ဌာန်းထိုင်သူတွေမှာ Hippocampus ထုထည်ကြီးထွားလာကြောင်း တွေ့ရှိရပါတယ်။ ကမ္မဋ္ဌာန်းထိုင်သူတွေရဲ့ မှတ်ဉာဏ်ကို စစ်ဆေးကြည့်တဲ့အခါ နေ့စဉ်သုံး မှတ်ဉာဏ် (Working Memory) ပိုမို ထက်မြက်လာကြောင်း တွေ့ရှိရပါတယ်။ ကာယကံရှင်ရဲ့ အတိတ်ကအတွေ့အကြုံ၊ အဖြစ်အပျက်တွေကိုလည်း ပိုပြီးမှတ်မိလာတယ်လို့ ဆိုပါတယ်။

– Corpus Callosum ဆိုတဲ့ ဦးနှောက်ပိုင်းမှာ အာရုံကြောကလာပ်စည်း မရှိဘူး၊ အာရုံကြောမျှင်တွေပဲ ရှိပါတယ်။ အာရုံကြောမျှင်တွေ စုပေါင်းပြီး ကျစ်ထားတဲ့ အာရုံကြောမျှင်ကြိုးပြားကြီးလို့ ဆိုနိုင်ပါတယ်။ အဲဒီကြိုးပြားကြီးက လက်ယာဘက်ခြမ်းဦးနှောက်နဲ့ လက်ဝဲဘက်ခြမ်းဦးနှောက်ကို ဆက်သွယ်ထားတဲ့ အာရုံကြောမျှင်တံတားကြီးဖြစ်တယ်။ ဃသမစကျ ဃေူသျကာ မှာ အာရုံကြောမျှင် အရေ အတွက် စုစုပေါင်း သန်း ၂၀ဝ ကျော်ရှိတယ်လို့ ခန့် မှန်းထားပါတယ်။

ကမ္မဋ္ဌာန်းထိုင်သူတွေမှာ Corpus Callosum ထုထည် ပိုမိုကြီးထွားလာတာကို တွေ့ရှိရပါတယ်။ ဦးနှောက်လက်ဝဲဘက်ခြင်းနဲ့ လက်ယာဘက်ခြမ်း ဆက်သွယ်မှု အားကောင်းလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္မဋ္ဌာန်းထိုင်ခြင်းအားဖြင့် အာရုံခံစားမှု၊ အာရုံစူးစိုက်နိုင်မှု၊ တွေးတောဆင်ခြင်ဆုံးဖြတ်နိုင်မှု၊ မှတ်ဉာဏ်စတဲ့စိတ်စွမ်းအင်တွေ ပိုမိုထက်မြက်လာနိုင်ပါတယ်။

နိဂုံး
အခုဆောင်းပါးမှာ ကမ္မဋ္ဌာန်းထိုင်တာကြောင့် ရရှိလာနိုင်တဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ ဦးနှောက်သန်မာကျန်းမာရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။ ကမ္မဋ္ဌာန်းထိုင်တာကြောင့် ရရှိလာတဲ့ အကျိုး ကျေးဇူးတွေကို ဆေးသိပ္ပံပညာမှ စတင်လက်ခံလာကြပါပြီ။ လောကုတ္တရာ အကျိုးတရားသာမကဘဲ အခု ဘဝမှာ ရရှိနိုင်တဲ့ လောကီအကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top