Healthy Life Ad
Life Style

ကမ္မဋ္ဌာန်းတရားထိုင်ခြင်းနှင့် ကျန်းမာရေး (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

အင်္ဂလိပ်ဝေါဟာရ Meditation ကို ကမ္မဋ္ဌာန်း တရားထိုင်ခြင်းလို့ မြန်မာပြန်တာကို အဘိဓာန်တွေ မှာတွေ့ရပါတယ်။ အလေးအနက် စဉ်းစားတွေးတောခြင်းလို့လည်း အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ တစ်စုံတစ်ခုကို လေးလေးနက်နက် အာရုံစူးစိုက်နေခြင်းလို့လည်း ဆိုနိုင်ပါတယ်။ တရားထိုင်ခြင်းလို့ ပြောရင် ရပ်ကွက်ထဲမှာ အလွယ်တကူ နားလည်ကြပါတယ်။

အနောက်တိုင်းနိုင်ငံတွေမှာ ကမ္မဋ္ဌာန်းတရားထိုင်ခြင်းကို စိတ်ဝင်စားလာတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ ကိုးကွယ်တဲ့ ဘာသာရေးအနေနဲ့ လေ့လာလိုက်စားတာ မဟုတ်ပါဘူး။ ကိုယ်စိတ်နှစ်ဖြာကျန်းမာရေးကို အကျိုးပြုစေတဲ့ စိတ်လေ့ကျင့်ခန်းအဖြစ် စိတ်ပါဝင်စားလာကြတာ ဖြစ်ပါတယ်။

“အမေရိကန် ပြည်ထောင်စုကျန်းမာရေးနဲ့ လူမှုဝန်ဆောင်ဋ္ဌာန” က “ကမ္မဋ္ဌာန်း တရားထိုင်ခြင်းနဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ”ဆိုတဲ့ စာအုပ်ကို ၂၀ဝ၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ကို ရေးသားပြုစုဖို့အတွက် လိုအပ်တဲ့စာအုပ်၊ စာပေနဲ့ စာတမ်းတွေကို ရှာဖွေရပါတယ်။ အဲဒီအချိန်အထိ ပညာရှင်အမျိုးမျိုး သုတေသနပြုထားတဲ့ ကမ္မဋ္ဌာန်းတရားထိုင်ခြင်းနဲ့ ကျန်းမာရေးဆိုင်ရာ စာတမ်းပေါင်း ၁၀၃၀ ကျော် ရှာဖွေတွေ့ရှိပါတယ်။

‘စိတ်ကိုထိန်းချုပ်ပြီး တစ်ခုခုကို အစဉ်အမြဲ အာရုံစူးစိုက်နိုင်အောင် လေ့ကျင့်တာက ကမ္မဋ္ဌာန်းတရား ထိုင်နည်းအားလုံးမှာ အဓိကကျတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်းတရားထိုင်နည်းအမျိုးအစားပေါ်မူတည်ပြီး အာရုံပြုရမယ့် ‘အရာ’ကတော့ ကွာခြားပါတယ် . . .’

“ကမ္မဋ္ဌာန်း တရားထိုင်ခြင်းနဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ”စာအုပ်မှာ ကမ္မဋ္ဌာန်းတရားထိုင်ခြင်းအမျိုးမျိုးကို ဖော်ပြထားပါတယ်။ အဲဒါကတော့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ သုတေသီတွေရဲ့အမြင်နဲ့ အမည်အမျိုးမျိုး ပေးထားတာ ဖြစ်ပါတယ်။ ဥပမာ- ဝိပဿနာတရား ကမ္မဋ္ဌာန်းထိုင်ခြင်း (Vipassana Meditation)၊ အသိအာရုံသစ်ရ ကမ္မဋ္ဌာန်း တရားထိုင်ခြင်း (Transcendental Meditation) ၊ ဇင်ဗုဒ္ဓ ဘာသာကမ္မဋ္ဌာန်းတရားထိုင်ခြင်း (ZEN Meditation )၊ သတိပဋ္ဌာန်နည်းဖြင့် စိတ်ဖြေလျှော့ခြင်း (Mindfulness Based Stress Reduction)၊ သတိပဋ္ဌာန်နည်းဖြင့် အတွေးပြောင်းကုထုံး (Mindfulness Based Cognitive Therapy)၊ ခြေလက်ကြွက်သားဖြေလျှော့ကမ္မဋ္ဌာန်းတရားထိုင်ခြင်း (Relaxation Response)၊ ကုသမှု စံပြု ကမ္မဋ္ဌာန်း တရားထိုင်ခြင်း(Clinically Standardised Meditation)၊ ယောဂကျင့်စဉ် (့Yoga Practice)စတာ တွေ ဖြစ်ကြပါတယ်။

အနောက်တိုင်း သုတေသီတွေက ကမ္မဋ္ဌာန်း တရားထိုင်ခြင်းကို လေ့လာတဲ့အခါမှာ ဘာသာရေး ဒဿနိကအမြင်၊ အဘိဓမ္မာအမြင်နဲ့ လေ့လာတာ မဟုတ်ပါဘူး။ ကမ္မဋ္ဌာန်း တရားထိုင်ခြင်းအမျိုးမျိုးမှာ ပါရှိတဲ့ စိတ်လေ့ကျင့်ခန်း ပြုလုပ်ပုံ ပြုလုပ်နည်းတွေကိုပဲ လေ့လာပါတယ်။ နောက်ပြီးတော့ ကမ္မဋ္ဌာန်း တရားထိုင်ခြင်းကြောင့် ရရှိလာနိုင်တဲ့ မျက်မှောက်ဘဝကျန်းမာရေးကိစ္စတွေကိုပဲ ရှာဖွေစူးစမ်းမှုပြုလုပ် တာဖြစ်ပါတယ်။

ဒါကြောင့် အခုဆောင်းပါးမှာ
(က) ကမ္မဋ္ဌာန်း တရားထိုင်ခြင်းအမျိုးမျိုးမှာပါရှိတဲ့ တူညီတဲ့ လေ့ကျင့်ခန်းလုပ်နည်းလုပ်ဟန်တွေကို ဖော်ပြပါမယ်။

(ခ) အဲဒီလို လုပ်နည်းလုပ်ဟန်တွေကို စွဲစွဲမြဲမြဲ လေ့ကျင့်တဲ့အခါ ရရှိလာနိုင်တဲ့ ခန္ဓာကိုယ်ကျန်းမာ ရေးအကျိုးကျေးဇူး၊ စိတ်ကျန်းမာရေးအကျိုးကျေးဇူးနဲ့ ဦးနှောက်သန်မာ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဆွေးနွေးပါမယ်။ကမ္မဋ္ဌာန်း တရားထိုင်ခြင်းလို့ အနက်အဓိပ္ပာယ် ဖွင့်ဆိုနိုင်ဖို့အတွက် ပါဝင်တဲ့စိတ်လေ့ကျင့်ခန်းနဲ့လုပ် နည်းလုပ်ထုံးတွေကို အောက်ပါအတိုင်း တွေ့ရှိရပါတယ်။

(၁) အသက်ရှူခြင်း
ကမ္မဋ္ဌာန်း တရားထိုင်နည်းအမျိုးမျိုးမှာအသက်ရှူခြင်းနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တွေ ရှိပါတယ်။ အသက်ရှူတာကိုအမှုမဲ့မထားခြင်း၊ အသက်ရှူတာကို အစဉ်အမြဲ သတိထားခြင်း၊ ဝင်သက်ထွက်သက်ကို အာရုံပြုခြင်း၊ အသက်ရှူတာကို ထိန်းချုပ်ခြင်း၊ အသက်နှေးနှေးရှူရှိုက်ခြင်း စတဲ့ လေ့ကျင့်မှု ဖြစ်ပါတယ်။ အဲဒီလို ကွဲပြားတဲ့ ညွှန်ကြားချက်တွေ ရှိပေမယ့် ကမ္မဋ္ဌာန်း တရားထိုင်ခြင်းဟာ အသက်ရှူတာကို ထိန်းချုပ်နိုင်ဖို့ အလေးထားပါတယ်။

(၂) ရွတ်ဆိုသော ဆောင်ပုဒ် (Mantra)

ရွတ်ဆိုပြီး ကမ္မဋ္ဌာန်းတရားထိုင်နည်းကို အသုံးပြုတဲ့ ကမ္မဋ္ဌာန်း ကျင့်စဉ်တွေမှာ စကားတစ်လုံး ဒါမှမဟုတ် စာကြောင်း တစ်ကြောင်းကို အကြိမ်ကြိမ် ရွတ်ဆိုဖို့ ညွှန်ကြားပါတယ်။ အသံထွက်ပြီး ရွတ်ဆိုနိုင်တယ်၊ ဒါမှမဟုတ် စိတ်ကူးထဲမှာ ရွတ်ဆိုနိုင်ပါတယ်။ အဲဒီဆောင်ပုဒ်အပေါ်မှာ စဉ်ဆက်မပြတ်အာ ရုံပြုထားဖို့ ညွှန်ကြားပါတယ်။ ကြွက်သား ဖြေလျှော့မှုကို အာရုံစိုက်ပြီး လေ့ကျင့်ဖို့ ညွှန်ကြားထားပါတယ်။

– အာရုံစူးစိုက်ခြင်း

စိတ်ကို ထိန်းချုပ်ပြီး တစ်ခုခုကို အစဉ်အမြဲ အာရုံစူးစိုက်နိုင်အောင် လေ့ကျင့်တာက ကမ္မဋ္ဌာန်း တရားထိုင်နည်းအားလုံးမှာ အဓိကကျတဲ့ ကျင့်စဉ် ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်း တရားထိုင်နည်းအမျိုးအစား ပေါ်မူတည်ပြီး အာရုံပြုရမယ့် “အရာ”ကတော့ ကွာခြားပါတယ်။ အရာဝတ္ထုတစ်ခုခုကို အာရုံစူးစိုက်ခြင်း (ဥပမာ- ဖယောင်းတိုင်)၊ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကို အာရုံပြုခြင်း (ဥပမာ-နှာခေါင်းဖျား၊ နဖူး အလယ်တည့်တည့်)၊ ဆောင်ပုဒ်တစ်ခုကို အာရုံစူးစိုက်ရွတ်ဆိုခြင်း၊ ခန္ဓာကိုယ်ပေါ်မှာ ပေါ်ပေါက်လာတဲ့ “ခံစားရမှု”တွေကိုသတိထားပြီး အာရုံ”စူးစိုက်တာ”စတာတွေ ဖြစ်ပါတယ်။

– ထားရှိသည့် ရည်မှန်းချက်

ကမ္မဋ္ဌာန်း တရားထိုင်နည်းအမျိုးမျိုးမှာအခြေခံ အယူအဆအမျိုးမျိုး ရှိပါတယ်။ ရရှိလိုတဲ့ရည်မှန်း ချက်ပန်းတိုင်ရှိပါတယ်။ အနောက်တိုင်းနိုင်ငံတွေမှာ ခေတ်စားလာတဲ့ “အသိအာရုံသစ်ရ ကမ္မဋ္ဌာန်း တရားထိုင်ခြင်း”ရဲ့ ရည်မှန်းချက်ကတော့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်ဖို့ ဖြစ်ပါတယ်။
“သတိပဋ္ဌာန်နည်းနဲ့ စိတ်ဖြေလျှော့တာ”နဲ့ “သတိပဋ္ဌာန်နည်းဖြင့် အတွေးပြောင်းကုထုံး” ကမ္မ ဋ္ဌာန်းတရားထိုင်နည်းတွေကို စိတ်ရောဂါ ကုသရာမှာ အသုံးပြုပါတယ်။ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်သင်ကြားပေးပါတယ်။ယောဂကျင့်စဉ် ကမ္မဋ္ဌာန်း တရားထိုင်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ စိတ်စွမ်းအင်ထက်မြက်ဖို့နဲ့ ကိုယ်ခန္ဓာသန်မာထွားကြိုင်းဖို့ ဖြစ်ပါတယ်။ ဝိပဿနာတရားကမ္မဋ္ဌာန်းတရားထိုင်ခြင်းရဲ့ အဓိကရည်မှန်းချက်ပန်းတိုင်က နိဗ္ဗာန်ကိုမျက်မှောက် ပြုဖို့ဖြစ်ပါတယ်။ ဝိပဿနာကမ္မဋ္ဌာန်းတရားထိုင်ခြင်း နဲ့ပတ်သက်ရင် အနောက်တိုင်းစာပေတွေထဲမှာ မိုး ကုတ်ဆရာတော်နဲ့ မဟာစည်ဆရာတော်တို့ရဲ့ သင်ကြားပြသမှုကို ကိုးကားဖော်ပြတာ တွေ့ရှိရပါတယ်။

– သင်တန်းလမ်းညွှန်ချက်နှင့် အချိန်ကာလ

ကမ္မဋ္ဌာန်းတရားထိုင်နည်းအမျိုးမျိုးမှာ လိုက်နာရမယ့်ကျင့်စဉ်တွေကို လမ်းညွှန်ထားတာ ရှိပါတယ်။ ကမ္မဋ္ဌာန်းတရားထိုင်ရင် ရှိရမယ့် ကိုယ်အနေအထား၊ အသက်ရှူရှိုက်ပုံ၊ အာရုံစိုက်ရမယ့်အရာ၊ လိုက်နာရမယ့် အစားအသောက် အနေအထိုင်စတဲ့ အချက်တွေကို လမ်းညွှန်ပေးတာရှိပါတယ်။

– အောင်မြင်မှု ရှိ၊ မရှိ စစ်ဆေးခြင်း

ကမ္မဋ္ဌာန်း တရားထိုင်ခြင်းအမျိုးမျိုးမှာ အထက်ဖော်ပြခဲ့သလို ရည်မှန်းချက်ပန်းတိုင် ရှိပါတယ်။ အဲဒီရည်မှန်းချက်ပန်းတိုင်ကို ရောက်၊ မရောက်။ မရောက်သေးရင် ဘယ်အဆင့်အထိ အောင်မြင်မှု ရှိထားပြီလဲ စသဖြင့် စစ်ဆေးတာ ဖြစ်ပါတယ်။

ကမ္မဋ္ဌာန်းတရားထိုင်ခြင်း၏ အကျိုးကျေးဇူးများ
အထက်မှာ ဖော်ပြခဲ့တာကတော့ ကမ္မဋ္ဌာန်း တရားထိုင်ခြင်းအမျိုးမျိုးမှာ ပါဝင်တဲ့ ဆင်တူတဲ့ ကျင့်စဉ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချက်အလက်တွေ ပါဝင်တဲ့ စိတ်လေ့ကျင့်ခန်းကို ဆေးသိပ္ပံစာပေမှာ ကမ္မဋ္ဌာန်း တရားထိုင်ခြင်းလို့ သတ်မှတ်ထားပါတယ်။ ဒီလို စိတ်လေ့ကျင့်ခန်းမျိုးကို တစိုက်မတ်မတ် လေ့ကျင့်နေသူတွေမှာ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိပ္ပံနည်းပညာအမျိုးမျိုးနဲ့ စမ်းသပ်လေ့လာ ကြပါတယ်။

ကမ္မဋ္ဌာန်း တရားထိုင်ခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို အုပ်စုလေးမျိုး ခွဲခြားနိုင်ပါတယ်။ အဲဒါတွေကတော့-

(က) ဘာသာရေးဆိုင်ရာ အကျိုးကျေးဇူး၊

(ခ) ခန္ဓာကိုယ်ကျန်းမာရေးအကျိုးကျေးဇူး၊

(ဂ) စိတ်ကျန်းမာရေး အကျိုးကျေးဇူး၊

(ဃ) ဦးနှောက်သန်မာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

ဘာသာရေးဆိုင်ရာအကျိုးကျေးဇူးကိုတော့ အခုဆောင်းပါးမှာ ဆွေးနွေးမှုမပြုပါဘူး။ ဗုဒ္ဓဘာသာဝင်တိုင်း သိရှိနားလည်ပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကမ္မဋ္ဌာန်းတရားထိုင်ခြင်းကြောင့် ရရှိလာနိုင်တဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ ဦးနှောက်သန်မာကျန်းမာတွေ အကြောင်းကို သာဆက်လက်ဆွေးနွေးတင်ပြပါ့မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top