Healthy Life Ad
Life Style

နှလုံးသွေးကြောပိတ်နေသည်ကို မခွဲစိတ်တော့ဘဲ ဝိပဿနာတရားအားထုတ်ရင်း သက်သာလာသူ ဒေါ်မြသန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၁၉၆၃ခုနှစ်တွင် B.Ed အောင်ပြီး ခင်ပွန်းသည် တာဝန်ကျရာမြို့များသို့လိုက်ပါ၍ အထက်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အသက် ၆၀ မပြည့်မီမှာပင် နာမကျန်းပင်စင်ယူခဲ့သော ယခုအသက် ၇၅နှစ်အရွယ်ရှိ ဘွားဘွားဒေါ်မြသန်းက သူ့ကျန်းမာရေးအခြေအနေသည် ဝိပဿနာတရား အားထုတ်ရင်း သက်သာလာခဲ့ကြောင်း ပြောပြခဲ့သည်။

“ဘွားဘွားရဲ့ နှလုံးသွေးကြောတစ်ချောင်းက လုံးဝပိတ်နေတာ၊ အတက်လေးတောင် ဘေးက ထွက်နေတယ်၊ နှလုံးသွေးကြောတစ်ချောင်းပိတ်နေတာကို ခွဲစိတ်ဖို့ ဆရာဝန်တွေက အကြံပေးကြတယ်။ ပါမောက္ခဦးအောင်ကျော်ဇောနဲ့ရော စင်ကာပူက ဆရာဝန်နဲ့ပါပြခဲ့တယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ဒီနိုင်ငံမှာပဲ နှလုံးသွေးကြောထဲကို Stent ထည့်ခဲ့သေးတယ်၊ ၁၀ဝ ရာခိုင်နှုန်းပိတ်နေလို့ ထည့်လို့မရတာနဲ့ စင်ကာပူကိုသွားခွဲဖို့ အကြံပြုကြပေမယ့် ဘွားဘွားမသွားတော့ဘူး။

စစချင်းရောဂါဖြစ်တုန်းက ကိုယ့်ကားနဲ့ကိုယ် ဆရာဝန်ဆီပြဖို့ ပန်းလှိုင်ဆေးရုံသွားရင်ကို အိပ်လိုက်ရတယ်။ ကားမောင်းရင်လည်း ဖြည်းဖြည်း ဖြည်းဖြည်းပဲမောင်းပို့ရပါတယ်။ အသက်ကို ကောင်းကောင်းမရှူနိုင်လောက်အောင်မောလွန်းလို့လေ . . ဆရာဝန်ကြီးက ခွဲသင့်တယ်လို့ တိုက်တွန်းပေမယ့် ဘွားဘွားက မခွဲချင်တော့ဘူး။ အဲဒါနဲ့ တစ်ပတ်တစ်ခါ ချိန်းတိုင်းသွားပြခဲ့ရတယ်။

နှလုံးသွေးကြောပိတ်ပြီး မောကျပ်လာလို့ ဆေးရုံကို အရေးပေါ်တက်ခဲ့ရဖူးတယ်။ အရင်တုန်းကလည်း ဘုရား၊ တရားလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဝိပဿနာတရား အားထုတ်တာတော့ မဟုတ်ပါဘူး။

နောက်ပိုင်း ဘွားဘွား ဘုရားစာရွတ်တယ်၊ တရားနာတယ်၊ အဲဒါတွေအပြင် ဝိပဿနာတရားဘက်ကို ကူးလိုက်တယ်၊ တရားထိုင်တယ်။ တရားအားထုတ်လိုက်တော့ ဝေဒနာကိုမှတ်နိုင်သွားတယ်၊ စိတ်က မနာတော့ဘူး၊ ဘွားဘွားဝေဒနာက ပြင်းထန်တယ်လို့ ဘေးက ပြုစုတဲ့ သူတွေက ပြောကြပေမယ့် ဘွားဘွားကတော့ အဲဒီလောက်အထိ မခံစားရပါဘူး၊ ဘွားဘွားမှတ်နိုင်နေတာပဲ။

အခုလည်း မောတော့မောပါတယ်။ အရင်တုန်းကနဲ့စာရင် တော်သွားပါတယ်။ ဆေးခန်းပြရတာကလည်း တစ်လမှ တစ်ကြိမ်လောက်ပဲ ပြရတော့တယ်။ ဆေးကိုတော့ သောက်ရတယ်”ဟု ဘွားဘွား ဒေါ်မြသန်းကသူ့ကျန်းမာရေးအခြေအနေကို ပြောပြသည်။

နှလုံးသွေးကြောတစ်ချောင်း လုံးဝပိတ်နေသည်မှာ ခုနစ်နှစ်ခန့်ရှိနေပြီဖြစ်သည့်အပြင် အသည်းကြီးသည့်အတွက် အသည်းအထူးကုဆရာဝန်နှင့် ပုံမှန်ပြနေရသူဖြစ်သည့် ဘွားဘွား ဒေါ်မြသန်းက သူ့တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကိုလည်း ယခုလို ပြောပြခဲ့သည်။

“မနက် သုံးနာရီခွဲအိပ်ရာထတာနဲ့ တရားခွေဖွင့်ပြီး တရားနာတယ်၊ တရားထိုင်တယ်၊ သမီးကြီး ပြင်ဆင်ပေးထားတဲ့ ဘုရားဆွမ်းကပ်၊ ရေချမ်းကပ်တယ်၊ ဘုရားစာရွတ်တယ်၊ ပညာဝါဒ တစ်အုပ်လုံး၊ ဓမ္မစကြာ၊ ပဌာန်းဒေသနာတော်၊ မေတ္တာပို့၊ ဗောဇင်သုတ်တွေကို ရွတ်တယ်၊ ပြီးမှ မနက်စာ စားတယ်၊ ရေချိုးတယ်၊ ပြီးရင် ဘုရားရှိခိုး၊ တရားထိုင်တယ်၊ ၁၁ ခွဲလောက်ဆိုရင် နေ့လယ်စာ စားတယ်။

နေ့ခင်း တစ်ရေးအိပ်တယ်၊ ပြီးရင် တရားဖွင့်ပြီး အလုပ်ပေးတရားနာတယ်၊ တရားထိုင်တယ်။

ညနေ ငါးနာရီခွဲလောက်ဆိုရင် ခြံပြင်ထွက်ပြီး တစ်နေကုန်လုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှဝေတယ်၊ မေတ္တာပို့တယ်။

ညနေခြောက်နာရီခွဲလောက်ဆိုရင် အိမ်ထဲဝင်ပြီး ဘုရားရှိခိုးတယ်၊ သောက်တော်ရေချမ်းကပ်တယ်၊ ပြီးမှ ညစာ စားတယ်၊ ညခုနစ်နာရီ- ရှစ်နာရီဆိုရင် တရားတစ်ပုဒ်နာတယ်၊ ပြီးရင် ၁၀ နာရီလောက်ကျမှ အိပ်တယ်။ အပြင်သွားတဲ့ရက်ဆိုရင် ပညာဝါဒကို ကားပေါ်မှာရွတ်တယ်။ အခုဆိုရင် ပညာဝါဒ ရက်ပေါင်း ၆၇၅ ရက် ရပါပြီ”ဟု ဘွားဘွားဒေါ်မြသန်းက သူ့တစ်နေ့တာဖြတ်သန်းမှုကို ပြောပြခဲ့သည်။

သားတစ်ဦး၊ သမီးနှစ်ဦးထွန်းကားခဲ့သည့် ဘွားဘွားဒေါ်မြသန်းကို သမီးကြီးဖြစ်သူ ဒေါ်ယဉ်မွန်သန်းက အနီးကပ်ပြုစုစောင့် ရှောက်ပေးနေကြောင်း သိရသည်။

“ဒီလို ဝိပဿနာတရားအားထုတ်ရင်း အသားအရောင်ကအစလုံးဝပြောင်းလဲသွားတယ်လို့ တခြားသူတွေက ဆိုကြတယ်။ ဘွားဘွားကိုယ်တိုင် ဘာသိ သာလာလဲဆိုတော့ အရင်က မနက်အစောဆိုရင် မထချင်တာတွေ၊ ထရင် လည်ပင်ကြောကြီး ထောက်နေတာတွေ ဖြစ်ပေမယ့် အခု အဲဒီလို မဖြစ်တော့ဘူး၊ လန်းလန်းဆန်းဆန်းပဲ အိပ်ရာကနိုးလာတယ်။ နှလုံးသွေးကြောတစ်ချောင်း လုံးဝပိတ်နေတာကို မခွဲရင်အန္တရာယ်များတယ်လို့ ဆရာဝန်တွေက ပြောပေမယ့် ဘွားဘွားကမခွဲတော့ဘဲ သစ္စာဆိုလိုက်တယ်။ နောက်ပိုင်း ဘုရား၊ တရားလုပ်ရင်း ဘုရား၊ တရားတန်ခိုးနဲ့ အခုတော့ နေလို့ ကောင်းနေပါတယ်။ ကျန်းမာရေး စစ်ဆေးမှုတွေကိုလည်း ဆရာဝန်ညွှန်တဲ့အတိုင်း စစ်ပါတယ်။ ဆေးတွေလည်း မှန်မှန်သောက်တယ်။ ခွဲတော့ မခွဲတော့ဘူး။ ဒီလို နေကောင်းနေတဲ့အတွက် မြန်မာနိုင်ငံက ဆရာဝန်၊ ဆရာမတွေကို ကျေးဇူးတင်ပါတယ်”ဟု ဘွားဘွား ဒေါ်မြသန်းက ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top