Healthy Life Ad
Child

အမုန်းတရားကို နှလုံးသားထဲမှာ ဘယ်လောက်ကြာ သိုဝှက်ထားမှာလဲ . . .

စူး ( ဆေးဝါးတက္ကသိုလ် )
မူလတန်းဆရာမက သူ့အတန်းမှာ ဂိမ်းတစ်ခုကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆရာမက တပည့်လေးတွေကို အာလူးအနည်းငယ်ပါတဲ့ ပလတ်စတစ်အိတ်တစ်လုံးယူခဲ့ဖို့ ပြောလိုက်ပါတယ်။ အာလူးတစ်လုံးစီမှာ ကလေးတွေမုန်းတဲ့ လူတစ်ယောက်နာမည်ပေးရမယ်တဲ့။ အဲဒီတော့ ကလေးတစ်ယောက်က သူ့ပလတ်စတစ် အိတ်ထဲမှာ သူမုန်းတဲ့ လူအရေအတွက်နဲ့ညီတဲ့ အာလူးကို ထည့်ခဲ့ရပါမယ်။

နောက်တစ်နေ့မှာ ကလေးတိုင်းက သူမုန်းတဲ့ လူရဲ့နာမည်ပါတဲ့ အာလူးထည့်ပြီး ပလတ်စတစ်အိတ်ကိုယ်စီ ယူခဲ့ကြပါတယ်။ တချို့က အာလူးနှစ်လုံး၊ တချို့က သုံးလုံးစ သဖြင့် တချို့ဆိုရင် ငါးလုံးအထိတောင်ပါပါတယ်။

ဆရာမက အာလူးတွေပါတဲ့ ပလတ်စတစ် အိတ်ကို တစ်ပတ်တိတိ ဘယ်သွားသွားသယ်ရမယ်လို့ ကလေးတွေကို ပြောလိုက်ပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ကလေးတွေက ပုပ်လာတဲ့ အာလူးတွေကြောင့် အနံ့နံတဲ့အတွက် မသယ်ချင်တော့ဘူးလို့ ဆရာမကို ပြောကြပါတော့တယ်။ အာလူး ငါးလုံး အထိ သယ်ထားတဲ့ ကလေးတွေဆိုရင် လေးလွန်းလို့မသယ်နိုင်တော့ဘူးလို့ ညည်းညူခဲ့ကြတယ်။ တစ်ပတ်ပြည့်ပြီးနောက် ဂိမ်းက ပြီးသွားပြီဆိုပြီး ကလေးတွေ စိတ်သက်သာရာရနေခဲ့ပါတယ်။

“ တစ်ပတ်လုံးလုံး အာလူးသယ်ခဲ့ရတဲ့အတွက် ဘယ်လိုခံစားရသလဲ ”
ဆရာမက မေးတဲ့အခါ ကလေးတွေက ဘယ်သွားသွား အပုပ်နံ့ထွက်နေတဲ့ အာလူးကို လေးလေးလံလံသယ်နေရတဲ့အတွက် ဒုက္ခရောက်ရတယ်၊ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုပြီး တစ်ယောက်တစ်ပေါက် ပြောကြပါတော့တယ်။

အဲဒီမှာ ဆရာမက ဒီဂိမ်းရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို ရှင်းပြခဲ့ပါတယ်။
“ အာလူးပုပ်တွေကို သယ်နေတာက ဘာနဲ့တူသလဲဆိုတော့ ကလေးတို့ နှလုံးသားထဲမှာ မုန်းတီးတဲ့လူတွေကို ထည့်ထားတာနဲ့ တူပါတယ်။ မုန်းတီးတဲ့ ကာလကြာလေလေ နှလုံးသားထဲမှာ ပုပ်သိုးပြီး အနံ့ထွက်နေတဲ့အရာကို သွားလာတိုင်း သယ်နေရသလိုဖြစ်နေတာပါပဲ။ တစ်ပတ်တောင်မှ ပုပ်သိုးတဲ့ အနံ့ကို မခံနိုင်ဘူးဆိုရင် ကလေးတို့ နှလုံးသားထဲမှာ အမုန်းတရားကို ဘယ်လောက်ကြာကြာ ရှင်သန်ခွင့်ပြုထားပြီးပြီလဲဆိုတာ ဆန်းစစ်မိကြရဲ့လား ”

Most Popular

Healthy Life Ad
To Top