Healthy Life Ad
Q & A

ကြွားဝါတတ်တဲ့သူ . . .

မေး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တချို့လူတွေက တကယ်တမ်းကျတော့ ဘာမှမဟုတ်ပေမယ့် ဘဝင်မြင့်ပြီး လူတိုင်းကို ကြွားဝါချင်နေတာ၊ စကားကို လေကြီးမိုးကြီးတွေ ပြောတတ်တာ တွေ့တွေ့နေရပါတယ်။ အဲဒီလိုလူမျိုးက စိတ်ရောဂါဖြစ်နေတာလား။
ကိုထွဋ်၊ ကျောက်တံတား။

ဒေါက်တာဦးဇော်စိန်လွင် ဆေးရုံအုပ်ကြီး(ငြိမ်း) စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ။ စိတ်ရောဂါလို့ မသတ်မှတ်ခင် အချက်သုံးချက်ကို လေ့လာရပါမယ်။

နံပါတ်တစ်အချက်အနေနဲ့ မိမိကိုယ်ကိုယ် မိမိ အမှန်အတိုင်း သိရှိတယ်။ သူ့အခြေအနေက ကြွားစရာရှိလို့ ကြွားတယ်ဆိုရင် ဒါကို သဘာဝလို့ သတ် မှတ်ရပါမယ်။ ကြွားစရာ မဟုတ်ဘဲ ကြွားတယ်ဆိုရင်တော့ စိတ်ကျန်းမာရေးဘက်ကကြည့်ရင် အားနည်းချက်ရှိနေလို့ပါပဲ။ ဒီတစ်ခုတည်းနဲ့လည်း စိတ်ရောဂါရှိတယ်လို့ပြောလို့ မရပါဘူး။

နောက်တစ်ချက်အနေနဲ့ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရေးကို ကြည့်ရပါမယ်။ ကြွားရမယ့် နေရာ၊ ကြွားသင့်တဲ့ နေရာမှာ နံပါတ်တစ်ရောက်အောင် ကြွားနိုင်တယ်ဆိုရင်တော့ သူ့ကိုဆရာတို့က ဝိုင်းချီးကျူးပေးရမှာပေါ့။ ဒါပေမဲ့ မကြွားသင့်တဲ့ နေရာ၊ မကြွားထိုက်တဲ့ အကြောင်းအရာကို ကြွားနေတယ်ဆိုရင်တော့ သူ့ကိုယ်သူ သုံးသပ်တတ်အောင် ဝေဖန်ပေးဖို့ လိုပါတယ်။

တတိယအချက်အနေနဲ့ သူ့ကိုယ်သူ မှန်ကန်တဲ့ သုံးသပ်မှုမျိုးနဲ့ သုံးသပ်တတ်တယ်ဆိုရင် သူက ပုံမှန်ပါပဲ။ တကယ်လို့ မှန်ကန်တဲ့ သုံးသပ်ချက်မျိုးကို လက်မခံနိုင်ဘူးဆိုရင် အထက်က အချက်သုံးခုစလုံးနဲ့ ကင်းကွာနေပြီဆိုရင်တောင် ထပ်မံဖြည့်စွက် စဉ်း စားရမယ့်အရာ ရှိပါသေးတယ်။

ဒီလို ကြွားတာက အမြဲတမ်းနေရာတကာ အနည်းဆုံး သုံးခါရှိရမယ်။ တစ်ခါတစ်ခါမှ ထထကြွားတာဆိုရင် ရောဂါလို့ မခေါ်ပါဘူး။ ဘဝင်မြင့်စေတတ်တဲ့ ဆေးဝါး၊ အရက်၊ မူးယစ်ဆေး စတာတွေကို သုံးစွဲထားသလား . . ဒါတွေကိုလည်း ဆန်းစစ်ရပါမယ်။ အဲဒါတွေကို ကြည့်ပြီးမှ ရောဂါဟုတ်၊ မဟုတ် သေချာပိုင်းဖြတ်နိုင်မှာ ဖြစ်ပါတယ်။

 

Most Popular

Healthy Life Ad
To Top