Healthy Life Ad
Life Style

“အတိတ်ကို ရင်ဆိုင်ပါ”

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေးအပြင်လူနာဋ္ဌာန ပညာရှင်ပေါင်းစုံ ပါဝင်တဲ့ ပညာပေးဆွေးနွေးပွဲကို ဆက်လက် ကျင်းပနေပါတယ်။ ရင်ဆိုင်ထိတွေ့စေခြင်းကုထုံး (Exposure Therapy) နဲ့ ပတ်သက်ပြီး လက်ထောက ်ဆရာဝန်ဂျွန်က မှတ်ချက်ချပါတယ်။

“ကျွန်တော်စဉ်းစားမိတာကိုပြောချင်ပါတယ်။ ကိုယ်ထိလက်ရောက် ရင်ဆိုင်ထိတွေ့စေခြင်းကုထုံး (ExposureIn Vivo) နဲ့စိတ်ကူးထဲမှာ ကြောက်တဲ့အရာကို မြင်ယောင်လာအောင် စဉ်းစားစေခြင်းကုထုံး (Exposure In Imagination) တွေက “ပစ္စု ပ္ပာန်”ကို ရင်ဆိုင်စေတဲ့ကုထုံးနည်းဖြစ်တယ်။ “အ တိတ်” ကို ရင်ဆိုင်ထိတွေ့စေတဲ့ ကုထုံးတွေ ရှိသေးတယ်”

သူနာပြုအေမီက ရယ်မောပြီး ပြောတယ်။

“ဒေါက်တာဂျွန်က သိပ်ပြီး ကဗျာဆန်နေပါ လား” ရယ်မောသံတွေ ရပ်သွားတော့ စာရေးသူက ဆက်လက်ဆွေးနွေးပါတယ်။ “စိတ်ဖိစီးမှုဒဏ်ခံရောဂါများ (Stress Disorder)မှာ ဂျွန်ပြောတဲ့အတိတ်ကို ရင်ဆိုင်ထိတွေ့ စေတဲ့နည်းကို အသုံးပြုပါတယ်” အလုပ်သင်ဆရာဝန်ဒေစ ီက စိတ်ဖိစီးမှုရောဂါများဆိုတာ ဘယ်လိုရောဂါတွေလဲလို့ သိချင်တယ်။

အသက်အန္တရာယ်ရှိတဲ့ ဒါမှမဟုတ် ပြင်းပြင်း ထန်ထန်ဒဏ်ရာ အနာတရဖြစ်စေနိုင်တဲ့ ဘေးဒုက္ခ အတွေ့အကြုံ(Trauma) ကို ကိုယ်တိုင်ခံစားရရင် ဒါမှမဟုတ် သူတစ်ပါးခံစားနေရတာကို မြင်တွေ့ရရင် ဖြစ်ပွားလာတဲ့ စိတ်ရောဂါကို စိတ်ဖိစီးမှုဒဏ်ခံရောဂါလို့ ခေါ်ပါတယ်။ ဥပမာ-စစ်အတွင်း တိုက်ပွဲအတွေ့အကြုံ၊ မုဒိမ်းကျင့်ခံရတဲ့အတွေ့အကြုံ၊ သဘာဝဘေးဒဏ်ခံရတဲ့အတွေ့အကြုံ၊ ရိုက်နှက်ညှင်းဆဲတာခံရတဲ့ အတွေ့အကြုံ စသည်တို့ ဖြစ်ပါတယ်။
အဲဒီလို ဘေးဒုက္ခအတွေ့အကြုံနဲ့ ရင်ဆိုင်ရပြီးရင် စိတ်ဖိစီးမှု ဒဏ်ခံရောဂါအမျိုးမျိုး ဖြစ်ပွားလာနိုင် ပါတယ်။

(၁) အပြင်းဖြစ် စိတ်ဖိစီးမှုဒဏ်ခံရောဂါ (Acute Stress Disorder) (ASD)

ရောဂါလက္ခဏာတွေ ကတော့ အလွန်အမင်းကြောက်ရွံ့ထိတ်လန့်ခြင်း၊ ဇဝေဇဝါကြောင်တောင်တောင်ဖြစ်ခြင်း၊ ကျီးလန့်စာ စားသလိုဖြစ်နေခြင်း၊ ဂနာမငြိမ်ခြင်း၊ အလိုလိုဒေါသ ထွက်နေခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးမြင်မက်ခြင်း၊ ဘေးဒုက္ခအဖြစ်အပျက် တွေကို ဖြတ်ခနဲ ဖြတ်ခနဲ ပြန်လည်မြင်ယောင်နေ ခြင်း၊ ဘေးဒုက္ခအတွေ့အကြုံနဲ့ ဆင်တူတဲ့ ပတ်ဝန်းကျင်အခြေအနေကို ရှောင်ကြဉ်ခြင်း၊ အဲဒီကိစ္စကို ပြန်လည်မပြောကြားလိုခြင်း စသည်တို့ ဖြစ်ပါတယ်။

အလုပ်သင်ဆရာဝန်ဒေစီက မေးမြန်းပါတယ်။
“ဘေးဒုက္ခအန္တရာယ်နဲ့ ကြုံတွေ့ရသူတိုင်း ASD ရောဂါရရှိသလား”
“မဟုတ်ပါဘူး။ အများစုက ဘေးဒုက္ခဒဏ်ကို ခံနိုင်ရည်ရှိကြပါတယ်။ ASD ရောဂါဖြစ်ပေါ်လာရင်တော့ ရက်သတ္တပတ် (၂) ပတ်မှ (၆)ပတ်အထိ ရောဂါသက် ကြာရှည်ပါတယ်။ ရောဂါကို ကာ ကွယ်ဖို့၊ ကုသဖို့ အသုံးပြုတဲ့ စိတ်ကုထုံးကို စိတ်ဖိစီးမှုဖြေဖျောက်ခြင်း (Debriefing) လို့ ခေါ်တယ်။ ASD ရောဂါမှာ မိမိကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်ကို လူနာကမှတ်မိနေသေးတယ်။ ပြန်လည် ပြောပြနိုင်တယ်။ ဒါကြောင့် အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပညာပေးဆွေးနွေးတယ်။ လူနာရဲ့ကိုယ်တွေ့ အဖြစ်အပျက်ကို သူ့အမြင်၊ သူ့ခံစားချက်နဲ့ ပြန်လည်ရင်ဖွင့်စေပါတယ်။ ပြန်လည် သုံးသပ်ခိုင်းတယ်။ ဘေး ဒုက္ခအတွေ့အကြုံကို သာမန်အတွေ့အကြုံလို ယဉ်ပါးလာအောင် ဆောင်ရွက်ပေးပါတယ်။ စိတ်ဖိစီးမှု ဖြေဖျောက်ခြင်းနည်းကို အုပ်စုလိုက်ကုထုံး(Group Therapy) အဖြစ် အသုံးပြုတာများတယ်။ တူညီတဲ့ ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရသူအချင်းချင်း ရင်ဖွင့်ပြောကြား အမြင်ချင်းဖလှယ်စေပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ရိုင်းပင်းကူညီနိုင်တယ်။

(၂) တချို့လူတွေကတော့ ဘေးဒုက္ခအန္တရာယ်ကို ထူးထူးခြားခြား တုန့်ပြန်ပါတယ်။ ဒါကြောင့်ထူးခြား ဆန်းပြားတဲ့ စိတ်ရောဂါကို ခံစားရတယ်
“ဘယ်လိုရောဂါတွေလဲ”

(က) စိတ်ကင်းကွာရောဂါ (Dissociative Disorder) နဲ့
(ခ) ပုံသဏ္ဍာန်ကူးပြောင်းရောဂါ (Conversion Disorder)တို့ ဖြစ်ပါတယ်။

(က) “စိတ်ကင်းကွာရောဂါ” မှာ တွေ့ရှိရတဲ့ လက္ခဏာတွေကတော့ ဘေးဒုက္ခအတွေ့အကြုံကို လုံးဝမမှတ်မိခြင်း (Amnesia)၊ မိမိကိုယ်မိမိ မည်သူမည်ဝါဆိုတာမသိရှိဘဲအကြောင်းမဲ့ ရည်ရွယ်ချက် မဲ့ ခရီးရှည်ထွက်ခြင်း ( Fugue)စတာတွေ ဖြစ်တယ်။
(ခ)” ပုံသဏ္ဍာန်ကူးပြောင်းရောဂါ” မှာတော့ ဦးနှောက် နဲ့အာရုံကြောရောဂါလက္ခဏာများပေါ်ပေါက်လာပါတယ်။ ဥပမာ-မျက်စိကန်းခြင်း၊ စကား မပြောနိုင်ဖြစ်ခြင်း၊ ခြေလက်သေသွားခြင်း တို့ဖြစ်တယ်။ အဲဒီလက္ခဏာတွေက ဦးနှောက်နဲ့ အာရုံကြောရောဂါကြောင့် ဖြစ်ပွားလာတာ မဟုတ်ဘူး။ ကြောက်စိတ်က ို ဒဏ်မခံနိုင်လို့ ကြောက်စိတ်က ခန္ဓာကိုယ်ရောဂါအဖြစ် အသွင်ပြောင်းသွားခြင်းပါ။
ဒေါက်တာဂျွန်က ပညာစွမ်းပြတယ်။
“အဲဒါမသိစိတ်ရဲ့ လှည့်ကွက်တစ်ခုပါ။ အပြင်းဖြစ် စိတ်ဖိစီးမှုစိတ်ဝေဒနာ မခံစားရအောင် ကာကွယ်ပေးတဲ့သဘောပါ။ ငါကြောက်နေတာမဟုတ်ဘူး၊ မျက်စိကန်းနေမို့ လှည့်စားထားလိုက်တာပါ။ အဲဒီလိုဖြစ်စဉ်ကို ကာကွယ်ပေးတဲ့ ပြုလုပ်ဆောင် ရွက်နည်း }(Defence Mechanism) လို့ ခေါ်ပါ တယ်။
စာရေးသူက ဆက်လက်ဆွေးနွေးပါတယ်။
“ဖြည့်စွက်ပြောတာကို ကျေးဇူးတင်ပါတယ် ဂျွန်၊ စိတ်ကင်းကွာရောဂါနဲ့ ပုံသဏ္ဍာန ်ကူးပြောင်းရောဂါ တွေကလည်း အပြင်းဖြစ်ရောဂါမျိုး ဖြစ်တယ်။ ဘေးဒုက္ခအန္တရာယ်နဲ့ ရင်ဆိုင်ရပြီး မကြာခင်ပေါ် ပေါက်လာတတ်ပါတယ်။ ဘေးဒုက္ခအန္တရာယ်နဲ့ ကြုံတွေ့ရလို့ ဖြစ်ပေါ်လာတဲ့ နာတာရှည်စိတ်ရောဂါ တစ်မျိုးရှိတယ်”
စာရေးသူစကားဆုံးတော့ သူနာပြုအေမီက လက်ထောင်ပြပြီး အဖြေပေးပါတယ်။
(၃) “ဘေးဒုက္ခကြုံတွေ့ပြီး စိတ်ဖိစီးမှုရောဂါ (Post-Traumatic Stress Disorder)(PTSD)
ပါ ဒေါက်တာ”
“မှန်ပါတယ်။ အပြင်းဖြစ်စိတ်ဖိစီးမှုရောဂါ လူနာရောဂါသက်ကြာရှည်သွားရင် PTSD ရောဂါ ဖြစ် ပေါ်လာပါတယ်။ ပြည်သူလူထုအတွင်းမှာ PTSD ရောဂါခံစားနေရသူ ၈ရာခိုင်နှုန်းရှိတယ်။ အမျိုးသမီး တွေထဲမှာ ၁၀ ရာခိုင်နှုန်းရှိပြီး အမျိုးသားတွေထဲမှာ ၄ ရာခိုင်နှုန်းရှိပါတယ်။
PTSD ရောဂါမှာ ကုသတဲ့ စိတ်ကုထုံးကုနည်းအမျိုးမျိုး ရှိပါတယ်။ PTSD ရောဂါအကြောင်း မပြောခင် စိတ်ကင်းကွာရောဂါ နဲ့ ပုံသဏ္ဍာန်ကူးပြောင်းရောဂါမှာ အသုံးပြုတဲ့ စိတ်ကုထုံးကို ပထမဆွေးနွေး ကြမယ်”
စိတ်ပညာရှင်အိုင်းရင်းက ပါဝင်ဆွေးနွေးပါတယ်။
“ကျွန်မအသုံးပြုတဲ့စိတ်ကုထုံးတချို့ကိုတင်ပြမယ်။စိတ်ကင်းကွာရောဂါနဲ့ပုံသဏ္ဍာန်ကူးပြောင်းရောဂါ လူနာကို ကုသဖို့ “စိတ်ခံစားမှုဖွင့်ဟဖော်ထုတ် ကုထုံး” (ABreaction Therapy) ကို အသုံးပြုပါ တယ်”
သူနာပြုအေမီက ကောက်ချက်ချပါတယ်။
“အစွမ်းကုန်ရင်ဖွင့်ခိုင်းတာလား”
“အဲဒီသဘောပါပဲ။ ဒါပေမဲ့ စိတ်ကင်းကွာရောဂါနဲ့ ပုံသဏ္ဍာန်ကူးပြောင်းရောဂါရှင်တွေမှာ မှတ်ဉာဏ် ဟာကွက် ရှိနေတယ်။ သူတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဘေးဒုက္ခအဖြစ်အပျက်ကို မမှတ်မိကြဘူး။ စိတ်ခံစားမှု ဖွင့်ဟ ဖော်ထုတ ်ကုထုံးမှာ လူနာမမှတ်မိတဲ့ အဖြစ်အပျက်ကို ပြန်လည်သတိရမှတ်မိလာအောင် လှုံ့ဆော်ပေးပါတယ်”
အလုပ်သင်ဆရာဝန်ဒေစီက မေးမြန်းတယ်။
“ဘယ်လိုလှုံ့ဆော်ပေးသလဲ”
မိမိရဲ့ အတွေ့အကြုံကို စာရေးသူက ပြောပြပါတယ်။
“ကျွန်တော် အသုံးပြုတဲ့နည်းကတော့ လူနာ အနည်းငယ်ငိုက်မျဉ်းလာအောင် အိပ်ဆေး အကြောဆေး ဒါမှမဟုတ် ဗီလီယမ် (Valium)အကြောဆေး အနည်းငယ်ကို တဖြည်းဖြည်းထိုးသွင်းပေးပါတယ်။ လူနာရဲ့ အသိစိတ်က မှေးမှိန်လာတဲ့အခါ သူမသိချင် မမြင်ချင်လို့ ဖုံးဖိထားတဲ့ အကြောင်းအရာတွေ ကအသိစိတ်ထဲမှာ ပြန်လည်ပေါ်ပေါက်လာပါတယ်”

လူမှုရေးအရာရှိ မေရီက မှတ်ချက်ချတယ်။
“အရက်မူးတော့ ကျွဲခိုးပေါ်ဆိုသလိုလား”
“မှန်ပါတယ်။ လူနာရဲ့ နောက်ကြောင်းတွေကို အထိန်းအချုပ်မရှိ ရင်ဖွင့်ခိုင်းတာပါ။ အဲဒီအချိန်မှာ လူနာဖော်ပြတဲ့ တုန့်ပြန်မှုအမျိုးမျိုးကို လေ့လာရမယ်။ (က) လူနာက သူခံစားခဲ့ရတဲ့ ဘေးဒုက္ခအ တွေ့အကြုံအဖြစ်အပျက်တွေကို ပြန်လည်သတိရပြီး ပြောပြလိမ့်မယ်။ (ခ)တစ်ချိန်တည်းမှာ သူခံစားခဲ့တဲ့ စိတ်လှုပ်ရှားတုန့်ပြန်မှုတွေကို အရင်းအတိုင်း ပြန်လည်ဖော်ပြလိမ့်မယ်။ (ဂ) နောက်ပြီး အဲဒီအချိန်
တုန်းက လူနာပြုလုပ်ခဲ့တဲ့ အပြုအမူတွေလည်း ပြန်လည်ဖော်ထုတ်ပြသလိမ့်မယ်။ အော်ဟစ်ခြင်း၊ ရိုက် နှက်ခြင်း၊ ခြေနဲ့ ကန်ကျောက်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ ငိုယိုခြင်း စတာတွေ ဖြစ်ပါတယ်။ အတိတ်က အဖြစ်အ ပျက်တွေနဲ့ အမှန်တကယ ်ရင်ဆိုင်ထိတွေ့နေရသလို တုန့်ပြန်တာ ဖြစ်တယ်”
အလုပ်သင်ဆရာဝန်ဒေစီက စောဒကတက် တယ်။
“အဲဒီလို အတိတ်က ဘေးဒုက္ခအတွေ့အကြုံတွေကို ပြန်လည်ခံစားလာရလို့ ရောဂါသက်သာ ပျောက်ကင်းသွားပါသလား”
“မသိစိတ်ထဲမှာ ကိန်းအောင်းပြီး လူနာကို ဒုက္ခပေးနေတဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းသွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီစိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ကင်းကွာရောဂါနဲ့ ပုံသဏ္ဍာန်ကူးပြောင်းရောဂါလက္ခဏာတွေလည်း သက်သာပျောက်ကင်းသွားတာပါ။ နောက်ပြီး လူနာပြန်လည်ပြောပြတဲ့ အချက်အလက်တွေကို သုံးသပ်ဆွေးနွေးအကြံပေးပါတယ်။ ဒီတော့ မိမိရဲ့ရောဂါကို လူနာကနားလည် သဘောပေါက်လာပါတယ်}}
စာရေးသူစကားဆုံးတော့ စိတ်ပညာရှင်အိုင်းရင်းက ပါဝင်ဆွေးနွေးတယ်။
“ကျွန်မကတော့ အိပ်ဆေး ထိုးဆေး မသုံးပါဘူး။ သုံးစွဲခွင့်လည်း မရှိပါဘူး။ အိပ်မွေ့ချနည်း (Hypnosis) ကို အသုံးချပြီး ( Abreaction Therapy) စိတ်ခံစားမှု ဖွင့်ဟဖော်ထုတ်ကုထုံးကို ပြုလုပ်ပါတယ်”
လူမှုရေးအရာရှိ မေရီက မေးခွန်းထုတ်တယ်။
“PTSD ရောဂါကုသဖို့ စိတ်ခံစားမှု ဖွင့်ဟ ဖော်ထုတ်ကုထုံးကို အသုံးပြုနိုင်လား”
“အသုံးမပြုပါဘူး။ PTSD ရောဂါမှာ အသုံးပြုတဲ့ စိတ်ကုထုံးအမျိုးမျိုးရှိပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်

Most Popular

Healthy Life Ad
To Top