Healthy Life Ad
Health Tips

လုပ်ငန်းခွင်တွင် ပျော်ရွှင်စေမည့် လျှို့ဝှက်ချက် ငါးရပ်

ကိုထက်

အလုပ်လုပ်တဲ့အခါ စိတ်ဖိစီးမှုဆိုတာ ရှိစမြဲပါ။ လုပ်ငန်းခွင်က ရလာတဲ့ စိတ်ဖိစီးမှုကို ကောင်းကောင်း ထိန်းချုပ်နိုင်ပြီး ပျော်ရွှင် ကျေနပ်စေမယ့် ရိုးစင်းတဲ့ နည်းတွေကို ရေးသားလိုက်ရပါတယ်။

– တစ်နေ့တာကို လုပ်စရာ တစ်ခုဖြင့် စတင်ပါ

တစ်နေ့တာမှာ လုပ်စရာ အလုပ်တွေ၊ အာရုံ စိုက်စရာ ကိစ္စတွေက တကယ်များပါတယ်။ အဲဒီအချိန်မှာ လူအများစုဟာ ဟိုဟာ လုပ်ရမလို၊ ဒီဟာ လုပ်ရမလိုနဲ့ တကယ်လုပ်သင့်တဲ့ အလုပ်က မပြီး မြောက်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ စိတ်ကို အေးအေးထားပြီး လုပ်သင့်လုပ်ထိုက်တာ တစ်ခုကိုလုပ်ကြည့်ပါ။

– အလုပ်တစ်ခုမလုပ်မီ စဉ်းစားပါ

ပရော့ဂျက်တစ်ခု၊ အစည်းအဝေးတစ်ခု၊ စကား စမြည်ပြောဆိုမှု တစ်ခုကို မစတင်ခင် သင့်ကိုယ်သင် အရင်မေးမြန်းပါ။ “ ဒီအလုပ် ဒါမှမဟုတ် ဆွေးနွေးမှု ကနေ ငါ ဘာကို လိုချင်တာလဲ ” ဆိုတာကို မေးပါ။ လူအများစုဟာ အလုပ်မှာ လိုရင်း မရောက်ဘဲ အချိန်ဖြုန်း နေတတ်ကြပါတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို သိပြီဆိုရင် ပရော့ဂျက်ပဲ ဖြစ်ဖြစ်၊ အစည်းအဝေးပဲဖြစ်ဖြစ် ရလဒ်ကောင်း ထွက်လာမှာ ဖြစ်ပါတယ်။

– စာထဲ ရေးမှတ်ထားပါ

ပရော့ဂျက်၊ အစည်းအဝေး စတာတွေကနေ သင်ရရှိထားတဲ့ အချက်အလက်တွေကို ရေးမှတ်ထားပါ။ ဒါမှသာ အလုပ်မှာ လုပ်သင့် လုပ်ထိုက်တာကို သိနားလည်ပြီး တိတိကျကျ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

– စိတ်ဖိစီးမှု၏ ကောင်းကျိုးကို အသုံးချပါ

တစ်ခါတလေ အလုပ်အတွက် စိတ်ပူပင်မှု လေးတွေ ရှိတတ်ပါတယ်။ ဒီလို ပူပင်တတ်တဲ့ စိတ်ဟာ အလုပ်ကို ပြီးမြောက်စေတဲ့ စေ့ဆော်အား တစ်ခုပါပဲ။ ဒါကြောင့် စိတ်ပူပင်မှုကို အလုပ် တွင်ကျယ်ဖို့အတွက် အသုံးချသင့်ပါတယ်။

– စိတ်ဓာတ်ကျနေလျှင် ရင်ဖွင့်လိုက်ပါ

အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဓာတ် ကျတာ၊ စိတ်ခံစားမှု မကောင်းတာတို့ ဖြစ်ရင် လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးကို ရင်ဖွင့်ပြောဆိုပြီး လိုအပ်ရင် အကူအညီတောင်းပါ။ သူရဲ့ အားပေးနှစ်သိမ့်မှုကြောင့် လုပ်ငန်းခွင်မှာ ပြန်လည် ပျော်ရွှင် အားတက်လာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top