Healthy Life Ad
Health Tips

တစ်ချိန်လုံး မောပန်းနေရခြင်း၏ အခြေခံအကြောင်းအရင်းများ

စူး(ဆေးဝါးတက္ကသိုလ်)
အလုပ်တွေကို ပင်ပင်ပန်းပန်း မလုပ်ဘဲနဲ့ ခါတိုင်းထက် ပိုပြီး မောပန်းနေတယ်ဆိုရင် အဲဒီလိုမောပန်းနေရတာရဲ့ နောက်ကွယ်မှာ ကျန်းမာရေး ပြဿနာတစ်ခုခု ရှိနေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

သွေးအားနည်းနေလို့ပါ
တစ်ချိန်လုံး မောပန်းနေတယ်ဆိုရင် ပထမ ဆုံးစစ်ဆေးသင့်တဲ့အချက်က သွေးအားနည်းရောဂါ ရှိ၊ မရှိ သွေးစစ်ဆေးမှု ခံယူဖို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် လစဉ်ရာသီလာနေတဲ့ အမျိုးသမီးတွေဆိုရင် သွေးအားနည်းရောဂါ ရှိ၊ မရှိ အထူးစစ်ဆေးသင့်ပါတယ်။ သွေးတွေကအောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ လုံလောက်အောင် ပို့ဆောင်မပေးနိုင်တဲ့အခါ သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။ သွေးအားနည်းရောဂါမှာအဖြစ် များဆုံးအကြောင်းရင်းက သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ရတဲ့ သွေးအားနည်းရောဂါပါ။ သွေးအားနည်းရောဂါရှိရင် မောပန်းတာအပြင် ခြေလက်တွေ အေးစက်တာ၊ မူးတာ၊ စိတ်လှုပ်ရှားတာ၊ ခေါင်းကိုက်တာတို့လည်း ဖြစ်တတ်ပါတယ်။

သိုင်းရွိုက်ရောဂါရှိလို့ပါ
သင်မောပန်းနေရင် သိုင်းရွိုက်လုပ်ငန်းဆောင်တာ အားနည်းတဲ့ ရောဂါဝေဒနာကြောင့် ဖြစ်နိုင်သလို အရေပြား ခြောက်သွေ့လွန်းတာ၊ အလွန်အမင်းဝမ်းချုပ်တာ၊ စွမ်းအင်နည်းတာတို့ပါ တွဲဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်းက အရေးကြီးတဲ့ ဟော်မုန်းတွေကို အလုံအလောက် မထုတ်နိုင်တဲ့အခါ သိုင်းရွိုက်ရောဂါ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက သိုင်းရွိုက်အားနည်းတဲ့ ရောဂါဖြစ်နှုန်းများတဲ့အတွက် သိုင်းရွိုက်လုပ်ငန်းဆောင်တာ စစ်ဆေးမှုကို ခံယူကြည့်သင့်ပါတယ်။

ဆီးချိုအကြိုရောဂါ ဒါမှမဟုတ် ဆီးချိုရောဂါ ရှိ လို့ပါ
သွေးတွင်း သကြားဓာတ် မြင့်တက်နေတဲ့အခါ သွေးလှည့်ပတ်မှု မကောင်းတော့တဲ့အတွက် ဆဲလ်တွေက သူတို့လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို မရနိုင်တော့ပါဘူး၊ အဲဒီအခါ မောပန်းလာနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် လျော့နည်းတာကြောင့် နုံးချည့်တဲ့ ဝေဒနာခံစားရနိုင်ပါတယ်။ ဆဲလ်တွေဆီကို အာဟာရ အလုံအလောက်မရတဲ့အတွက် ဆဲလ်တွေကောင်းကောင်း အလုပ်မလုပ်နိုင်လို့ ဖြစ်ပါတယ်။
စိတ်ဓာတ်ကျနေလို့ပါ
တစ်ချိန်လုံး မောပန်းနွမ်းနယ်ပြီး အိပ်ရာထဲကနေ မထချင်လောက်အောင် ခံစားနေရရင်၊ ညည အိပ်ပျော်ဖို့ ခက်ခဲနေရင် စိတ်ဓာတ်ကျဝေဒနာ လက္ခဏာ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်ကျတာ၊ အရက်စွဲတာ၊ နုံးချည့်ညောင်းညာတာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတတ်တဲ့အတွက် စိတဓာတ်ကျတာကို အရက်နဲ့ ကုမယ်ဆိုရင် သင်ပိုပြီး ပင်ပန်းနွမ်းနယ်သွားနိုင်ပါတယ်။

အဒရီနယ်ဂလင်း အားနည်းလို့ပါ
အဒရီနယ်ဂလင်း အားနည်းတဲ့ အခြေအနေဖြစ်ရင် အဒရီနယ်ဂလင်းကနေ ဟော်မုန်းတချို့ကို အလုံအလောက် မထုတ်နိုင်တော့ပါဘူး။ အဲဒီအခါ ဟော်မုန်းမမျှတမှု ဖြစ်ရာက ဘဝမှာ ပင်ပန်းတဲ့ အခြေအနေကို ဖြစ်စေပါတယ်။

ကူးစက်ပိုး ဝင်လို့ပါ
ကူးစက်ပိုးဝင်တာကြောင့် တချို့လူတွေမှာ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

အစာနဲ့ ဓာတ်မတည့်လို့ပါ
သင်က ပြုပြင်ထားတဲ့ အစာတွေကို များများစားမိသွားရင် အူလမ်းကြောင်းရှိ ဆဲလ်တွေ အားနည်းသွားပြီး ရောင်ရမ်းတဲ့ တုံ့ပြန်မှုတွေဖြစ်လာတတ်ပါတယ်။ အဲဒီအခါ လေပွတာ၊ နုံးချည့်ညောင်းညာတာ၊ ခေါင်းကိုက်တာနဲ့ ကိုယ်အလေးချိန် မြင့်တက်တာတို့ ဖြစ်တတ်ပါတယ်။
Ref; RD

Most Popular

Healthy Life Ad
To Top