Healthy Life Ad
Life Style

လုပ်ငန်းခွင်တွင် အောင်မြင်သူ ဖြစ်လာစေမည့် ထိပ်တန်း နည်း ၁၀ချက်

၊ လရိပ်မေ ၊

အပြိုင်အဆိုင်တွေ အလွန်များလာတဲ့ ကမ္ဘာကြီးမှာ ကိုယ်လုပ်နေတဲ့အလုပ်မှာ အောင်မြင်တိုးတက်မှုရအောင် အားသွန်ခွန်စိုက် ကြိုးစားဖို့လိုပါတယ်။

(၁) ဦးစားပေးရမည့်အရာများကို စာရင်းပြုစုပြီး ဦးစားပေးလုပ်ဆောင်ပါ

တစ်နေ့တာမှာ ဦးစားပေးလုပ်ရမယ့် အရာတွေက ဘာတွေလဲ၊ သင်ဦးစားပေးလုပ်မယ့် အရာတွေကို စာရင်းပြုစုပြီး တစ်နေ့တာအတွက် အစီအစဉ်ရေးဆွဲပါ။ အဲဒီအထဲက အရေးကြီးဆုံး အရာတွေကို အရင်ဆုံး လုပ်ဆောင်လိုက်ပါ။ အလားတူပဲ သင့်အတွက် ရေတိုရည်မှန်းချက်ပန်းတိုင်နဲ့ ရေရှည်ရည်မှန်းချက်ပန်းတိုင်တွေကို ချမှတ်ပြီး တိုးတက်အောင် တဖြည်းဖြည်းချင်း လုပ်ဆောင်သွားဖို့ လိုပါတယ်။

(၂) အာရုံစူးစိုက်ပါ

အလုပ်ထဲမှာ စိတ်နဲ့ကိုယ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေရှိနေသလား။ အချိန်နည်းနည်းပေးပြီး အဲဒါတွေကို ထုတ်ပစ်လိုက်ပါ၊ ပြီးရင် ကိုယ်လုပ်ရမယ့် အလုပ်ကိစ္စနဲ့ ကိုယ့်ဘဝတက်လမ်းအတွက် အပြည့်အဝ အာရုံစိုက်ထားသင့်ပါတယ်။

(၃) သင့်အရည်အသွေးကို ချဲ့ထွင်ပါ

အလုပ်ထဲမှာ လုပ်နေရင်း ကိုယ့်အရည်အသွေးနဲ့ လုပ်ငန်းခွင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပါ။ ကိုယ့် ဗဟုသုတနဲ့ အရည်အချင်းကို မြှင့်တင်ပါ။ သင် သိဖို့လိုအပ်တဲ့ အရာမှန်သမျှ ရှာဖွေပါ။ ညီလာခံ၊ ဆွေးနွေးပွဲ စတာတွေကို တက်ရောက်နားထောင်ပါ၊ စာအုပ်တွေဖတ်ပါ. . အမြဲတမ်း စိတ်အားထက်သန်မှုရှိတဲ့ လေ့လာသူတစ်ဦး ဖြစ်နေပါစေ။

(၄) ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပါစေ

လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ဖို့ကြိုးစားပါ။ မိတ်ဆွေသစ်တွေနဲ့ မိတ်ဖွဲ့ပါ။ လူတွေနဲ့ ဆက်ဆံတဲ့အခါ ရိုသေလေးစားမှု အပြည့်၊ စိတ်အားထက်သန်မှု အပြည့်နဲ့ တွေ့ဆုံပါ။ နားထောင်သူကောင်းဖြစ်ရင် အသစ်တွေကို သင်ယူလေ့လာနိုင်မှာ သေချာပါလိမ့်မယ်။

(၅) ကိုယ့်အားသာချက်ကို သိနားလည်ပါ

ကိုယ့်အားသာချက်နဲ့ အားနည်းချက်ကို သိနားလည်ပါ။ ကိုယ့်အရည်အချင်းအရ ရာထူးတိုးသင့်တယ်ထင်ရင် ဒါမှမဟုတ် လုပ်ခလစာတိုးရသင့်တယ်ထင်ရင် တောင်းဆိုသင့်ပါတယ်။

(၆) စိန်ခေါ်မှုတိုင်းကို လက်ခံပါ

စိန်ခေါ်မှုတွေကို လုပ်ဆောင်တိုင်း၊ လုပ်ဆောင်တိုင်း အရင်က မရှိဖူးလို့ ထင်ခဲ့တဲ့ သင့်ကိုယ်ရည် ကိုယ်သွေးတွေကို တွေ့ရှိလာရပါလိမ့်မယ်။ ပန်းတိုင်တစ်ခု လှမ်းတက်ရာမှာ သက်သောင့်သက်သာရှိတဲ့ အနေအထားအတိုင်း လျှောက်ချင်တာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ စိန်ခေါ်မှုကြုံလာရင်တောင် လက်မ လျှော့လိုက်ပါနဲ့။ သင်လုပ်သင့်တာကို အမြဲလုပ်မယ်ဆိုရင် သင်ရသင့်တာကိုလည်း ရရှိလာမှာပါ။

(၇) သတင်းအချက်အလက်များကို ရယူပါ

တခြားသူတွေ ဘာပြောလဲဆိုတာ သေချာနားထောင်ပါ။ ပြီးရင် သင့်အနေနဲ့ ဘယ်လိုပြန်တုံ့ပြန်ရမယ်၊ ကိုယ်လိုချင်တဲ့ အရာတစ်ခုရဖို့ ဘယ်လိုဆွဲဆောင်ရမယ်ဆိုတာကိုလည်း နားလည်သင့်ပါတယ်။

(၈) အတင်းအဖျင်း မပြောပါနှင့်

ရုံးထဲမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူဌေးအကြောင်း အတင်းအဖျင်း မပြောပါနဲ့။ ကိုယ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ အကျိုးအတွက်ဆိုတဲ့ စိတ်ထားနဲ့ လေးလေးစားစား လုပ်ဆောင်သင့်ပါတယ်။

(၉) စိတ်အပန်းဖြေပါ

အားလပ်တဲ့ ရက်တွေမှာ အပန်းဖြေပြီး သင်သဘောကျတဲ့ ဝါသနာကို အကောင်အထည်ဖော် လုပ်ဆောင်ပါ။ ဒီလို လုပ်ဆောင်တာက အလုပ်လုပ်တဲ့ နေ့ရက်တွေအတွင်း အလုပ်တွင်ကျယ်လာမှာ ဖြစ်ပါတယ်။

(၁၀) စိတ်ကျေနပ်မှုကို ရှာဖွေပါ

သင်လုပ်နေတဲ့ အရာတွေအတွက် စိတ်ပျက်နေတယ်ဆိုရင် သင်သဘောကျတဲ့အရာကို ပြောင်းလဲ လုပ်ဆောင်ကြည့်ပါ။ မအောင်မြင်ရင်တောင် မတူညီတဲ့ စိတ်ကူးသစ် ရရှိလာပါလိမ့်မယ်။ “သင်ချစ်တဲ့ အလုပ်ကို ရွေးချယ်ပါ . . ဒါဆိုရင် သင့်ဘဝမှာ တစ်ရက်မှ အလုပ်လုပ်လိုက်ရတယ်လို့တောင် ထင်မှာ မဟုတ်ပါဘူး”လို့ ကွန်ဖြူးရှပ်စ်က ဆိုခဲ့ပါတယ်။

(Ref;MP)

Most Popular

Healthy Life Ad
To Top