Healthy Life Ad
Life Style

ဆုတောင်းနေသော လက်များ

စူး ( ဆေးဝါးတက္ကသိုလ် )

၁၅ ရာစုနှစ်တုန်းက နူရင်ဘာ့ဂ်အနီးက ရွာ ငယ်လေးတစ်ရွာမှာ ကလေး ၁၈ယောက်ရှိတဲ့ ဒူရာတို့မိသားစုတစ်စုနေထိုင်ခဲ့ပါတယ်။ ကလေး ၁၈ ယောက်ကိုကျွေးမွေးနိုင်ဖို့ရာအတွက် ဒူရာဟာ ရွှေပန်းထိမ်အလုပ်ကို တစ်နေ့ ၁၈ နာရီကြာ လုပ်ဆောင်ခဲ့ရသလို အိမ်နီးနားချင်းတွေခိုင်းတဲ့ တောက်တိုမယ်ရ အလုပ်တွေကိုပါ လုပ်ရရှာပါတယ်။ အဲဒီလို နွမ်းပါးပြီး မျှော်လင့်ချက်မရှိတဲ့ အခြေအနေမှာ ဒူရာရဲ့အကြီးဆုံး ကလေးနှစ်ဦးမှာ တူညီတဲ့ အိပ်မက်တစ်ခုရှိနေခဲ့ပါတယ်။ အဲဒါတော့ သူတို့က အနုပညာနဲ့ပတ်သက်ပြီး ပါရမီပါတာကြောင့် အနုပညာ အထူးကျောင်းတက်ချင်တာပါပဲ။ ဒါပေမဲ့ သူတို့ ဖခင်က သူတို့မြို့မှာ ကျောင်းတက်ဖို့ ငွေကြေး မထောက်ပံ့နိုင်ဘူးဆိုတာကိုလည်း သူတို့သိနေ ခဲ့ပါတယ်။

ညဘက်ကလေးတွေ စုပြုံအိပ်တဲ့အိပ်ရာပေါ်မှာအကြာကြီး ဆွေးနွေးပြောဆိုပြီးတဲ့နောက် ကောင်လေးနှစ် ယောက်ဟာ နောက်ဆုံးမှာ သဘောတူညီချက်တစ်ခု ရသွားခဲ့ပါတော့တယ်။ အဲဒါက တော့ သူတို့အကြွေစေ့တစ်စေ့ကို ခေါင်းပန်းမြှောက်မှာပါ။ ရှုံးတဲ့သူက ကျောင်းမတက်ရဘဲ အလုပ်လုပ်ရမှာဖြစ်ပြီး အဲဒီငွေနဲ့ ညီ/ အစ်ကို ကျောင်းတက်ဖို့ ထောက်ပံ့ပေးရမှာပဲဖြစ်ပါတယ်။ ညီ/အစ်ကိုရဲ့ လေးနှစ်တာ ပညာသင်ယူလေ့လာမှုပြီးဆုံးတဲ့အခါမှာ သူက တစ်ဖန် သူ့ညီ/အစ်ကို ပညာသင်ယူနိုင်ဖို့ပြန်ပြီး ထောက်ပံ့ရမှာပဲ ဖြစ်ပါတယ်။

ဘုရားကျောင်းကနေထွက်လာပြီးတဲ့ တနင်္ဂနွေတစ်ရက်မှာ သူတို့ဟာ အကြွေစေ့တစ်စေ့ကို ခေါင်းပန်းမြှောက်ခဲ့ကြပါတယ်။ အဲလ်ဘရစ်က အနိုင်ရသွားတဲ့အတွက် နူရင်ဘာ့ဂ်မှာ အနုပညာ ကျောင်းတက်ခွင့်ရသွားခဲ့ပါတယ်။ အဲလ်ဘရစ်ဟာ ကျောင်းမှာ ကြိုးစားပမ်းစား သင်ယူလေ့လာခဲ့တဲ့အတွက် သူရဲ့ အနုပညာဖန်တီးပုံဖော်မှုတွေက သူ့ပရော်ဖက်ဆာအများစုထက်တောင် အရည်အသွေး ပိုမိုကောင်းမွန်ခဲ့ပါတယ်။ သူ ဘွဲ့ရတဲ့ အချိန်မှာ သူတာဝန်ယူရတဲ့ အလုပ်တွေအတွက် ထိုက်သင့်တဲ့ အခကြေးငွေကို စတင်ရရှိခဲ့ပါတယ်။

အနုပညာရှင်လေး အဲလ်ဘရစ်ရွာကို ပြန်လာချိန်မှာ ဒူရာမိသားစုဟာ အဲလ်ဘရစ်ရဲ့ အောင်မြင်မှုကျင်းပဖို့ ညစာစားပွဲ ကျင်းပခဲ့ပါတယ်။ အမှတ်ရဖွယ်ရာ ညစာစားပြီးချိန်မှာ တေးသီချင်းဆိုလိုက်၊ ရယ်မောလိုက်နဲ့ ပျော်ရွှင်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ အဲလ်ဘရစ်က သူ့အစ်ကိုဖြစ်သူကို သူ့ရည်မှန်းချက် ပြီးပြည့်စုံတဲ့အထိ နှစ်ပေါင်းများ စွာ ပေးဆပ်အနစ်နာခံခဲ့တဲ့အတွက် ဦးညွတ်ရင်း နောက်ဆုံးမှာ အခုလို ပြောခဲ့ပါတယ်။

“အခုတော့ အစ်ကို့အလှည့်ပဲ . . ကျွန်တော် အစ်ကို့ကို တာဝန်ယူပါတယ်။ အစ်ကိုရဲ့ အိပ်မက်ကိုမက်နိုင်ဖို့ အစ်ကို မြို့မှာ ကျောင်းတက်ပါ” မိသားစုဝင်အားလုံးက စိတ်အားထက်သန်တဲ့ အကြည့်တွေနဲ့ အစ်ကိုဖြစ်သူ အယ်လ်ဘာ့ကို ဝိုင်း ကြည့်နေချိန်မှာ အယ်လ်ဘာ့ရဲ့ မျက်ဝန်းက စီးကျလာတဲ့ မျက်ရည်တွေဟာ ပါးပြင်ပေါ်မှာ အိုင်ထွန်း သွားခဲ့ပါတယ်။ ပြီးတော့ ခေါင်းယမ်းပြီး -” ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း”ဆိုတဲ့ စကားလုံးကို ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အယ်လ်ဘာ့က မျက်ရည်တွေကို သုတ်ပြီး သူချစ်တဲ့ မိသားစုဝင်တွေရဲ့ မျက်နှာတွေကို ငေးကြည့်ရင်း သူ့လက်တွေကို ပြခဲ့ပါတယ်။”ဟင့်အင်း . . ငါ့ညီ . . မြို့ကျောင်းကို ငါမသွားနိုင်တော့ဘူး။ အဲဒါက ငါ့အတွက် သိပ်နောက် ကျသွားပြီကွာ၊ လေးနှစ်လောက် အလုပ်ကြမ်းလုပ် ခဲ့ရတဲ့ ငါ့လက်တွေကိုကြည့်စမ်း၊ လက်ဆစ်တွေကလည်း ထိခိုက်နေပြီ။ ပြီးတော့ ညာဘက်လက်က အဆစ်ရောင်နာခံစားရလို့ ဖန်ခွက်ကိုတောင် မင်းဆီကို မကမ်းနိုင်တော့ဘူး၊ ဒီပုံနဲ့ ကင်းဗတ်စပေါ်မှာ ဘယ်လိုဆေးခြယ်နိုင်မှာလဲကွာ . .”

ဒီအဖြစ်အပျက်က နှစ်ပေါင်း များစွာကြာခဲ့ပါ ပြီ။ အဲလ်ဘရစ်ဒူရာရဲ့ ကျွမ်းကျင်ပြောင်မြောက် လှတဲ့ အနုပညာလက်ရာတွေ၊ ဆီဆေး၊ ရေဆေး ပန်းချီကား ရာပေါင်းများစွာဟာ ကမ္ဘာတစ်ဝန်းက ပြတိုက်ကြီးတွေမှာ တခမ်းတနား ချိတ်ဆွဲထားခဲ့ပါတယ်။ အဲဒီအထဲက လူအများစု ရင်းနှီးနေတဲ့ အနုပညာလက်ရာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကို ပုံတူကူးပြီး အိမ်တွေ၊ ရုံးခန်းတွေမှာ ချိတ်ဆွဲထား ကြပါတယ်။

အဲဒီပန်းချီကားဖြစ်လာပုံကဒီလိုပါ။ သူ့အ တွက်ပေးဆပ်အနစ်နာခံခဲ့တဲ့ အစ်ကိုကိုကန်တော့ဖို့အတွက် အဲလ်ဘရစ်က လက်နှစ်ဖက်ပုံကို ဆွဲခဲ့ပါတယ်။ အဲဒီပုံကို ” လက်များ”လို့ အမည်တပ်ရင်း နောက်ဆုံးမှာ သူ့နှလုံးသားကနေ ” ဆု တောင်းနေသောလက်များ ” ဆိုပြီး ခေါ်ဆိုရင်း သူ ရဲ့အကောင်းဆုံးလက်ရာဖြစ်လာခဲ့ပါ တော့တယ်။ စာစုက ပေးချင်သော သင်ခန်းစာ အောင်မြင်လာသူတွေရဲ့ နောက်ကွယ်က ပေးဆပ်အနစ်နာခံတဲ့ စိတ်ကို တန်ဖိုးထားနိုင်ဖို့ ဒီစာစုက သင်ခန်းစာပေးတယ်လို့ ထင်ပါတယ်။

Most Popular

Healthy Life Ad
To Top