Healthy Life Ad
Child

ရာသီအကူးအပြောင်းကာလ မဖျားစေလိုပါ . .

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

Q .ရာသီအကူးအပြောင်းကာလမှာ ရောဂါဝေဒနာတွေ မရအောင်ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

A .ရာသီအကူးအပြောင်းကာလတွေမှာ ရောဂါဝေဒနာတွေမရအောင် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ ရေကိုများများသောက်ပါ။ နွေးနွေးထွေးထွေးနေပါ။ မိုးမိတဲ့အခါတွေမှာ အအေးမိမခံပါနဲ့။ သစ်သီးဝလံ တွေကိုများများစားပေးပါ။ ဒီနည်းတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်နေစေပါတယ်။

Q. ရာသီအကူးအပြောင်းကာလတွေမှာ အအေးမိတာ၊ တုပ်ကွေးဖျားတာ၊ ချောင်းဆိုးတာတွေ ဖြစ်လွယ် ကြပါတယ်။ အဲဒါဘာကြောင့် ဖြစ်ရတာပါလဲဆရာ။

A. ရာသီဥတုအပြောင်းအလဲကာလမှာ တုပ်ကွေးပိုးတွေက ပိုအတွေ့များတာကြောင့်ပါ။ ပြီးတော့ ရာသီ ဥတုက ပူရာကနေ အေးသွားတာ၊ အေးရာကနေ ပူသွားတာတွေ ဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့အပူအအေး ကိုလိုက်လျောညီထွေရှိနိုင်စွမ်းက နည်းသွားတဲ့အတွက် ရာသီအကူးအပြောင်းမှာ ဝေဒနာတွေ ခံစားရတာပါ။

Q. ရာသီအကူးအပြောင်းကာလတွေမှာ ရောဂါဝေဒနာတွေဝင်ရင် အမြန်သက်သာအောင် ဘယ်လို နည်းလမ်းတွေကို လိုက်နာသင့်ပါသလဲဆရာ။

A. ရာသီအကူးအပြောင်းမှာ တုပ်ကွေးဖြစ်ရင် ဖျားပါတယ်။ အဖျားကျအောင်နဲ့ အမြန်သက်သာအောင် ခုခံစွမ်းအားတက်ဖို့ ကြိုးစားရမယ်။ ရေကို များများ သောက်ရမယ်။ လူတွေကဖျားရင် အစာကိုဖြတ်ပစ် တတ်တယ်။ အာဟာရချို့တဲ့ရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ တကယ်က ကိုယ်ခံစွမ်းအားတက်လာအောင် အစာအာဟာရပြည့်ပြည့်ဝ၀ စားပေးရပါမယ်။ အဖျားကျအောင် ရေပတ်တိုက်ပေးပြီး ပါရာစီတမောကို တစ်နေ့သုံးကြိမ်ခန့် သောက်ပေးလို့ရပါတယ်။

Q. ရာသီအကူးအပြောင်းကာလမှာ အိမ်သားတစ်ဦး မကျန်းမာခဲ့ရင် ကျန်အိမ်သူအိမ်သားတွေမှာ မကူးစက် အောင် ဘယ်လိုနည်းတွေကို လိုက်နာသင့်ပါသလဲ ဆရာ။

A. တုပ်ကွေးပိုးက လေထဲမှာ ပျံ့နှံ့ရင် ကူးစက်တတ်တာကြောင့် ချောင်းဆိုး၊ နှာချေတဲ့အခါမှာ ပါးစပ်ကို လက်ကိုင်ပဝါနဲ့ အုပ်ထားသင့်တယ်။ လက်ကိုင်ပဝါ အလွယ်တကူမရှိရင် လက်တံတောင်နဲ့ အုပ်သင့် တယ်။ ဒါကို Cough Etiquette လို့ခေါ်ပါတယ်။ အဖျားမြန်မြန်ပျောက်အောင် လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေရပါမယ်။ အခန်းတံခါးပိတ်၊ စောင်ခြုံပြီးနေရင် ပိုဆိုးနိုင်ပါတယ်။ ထူထဲတဲ့အဝတ်အစားတွေ မဝတ်သင့်ပါဘူး။ ချောင်ချိတဲ့ အဝတ်အစားကိုပဲ ပေါ့ပေါ့ပါးပါးဝတ်သင့်တယ်။ ကိုက်ခဲနေရင် ပါရာစီတမောသောက်လို့ရတယ်။ ရေပတ်တိုက်လို့ရတယ်။ ဓာတ်ဆားရည် သောက်သင့်တယ်။

ကိုယ်ခံစွမ်းအားက မြင့်တက်နေရင် ဖျားနိုင်ခြေ နည်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင် စားသောက်မှုပုံစံကို လိုက်နာသင့်ပါတယ်။ ရေကိုများများသောက်ပါ၊ သစ်သီးဝလံတွေများများစားပါ။ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ပေးပါ။ နွေးနွေးထွေးထွေးနေပါ။ ချောင်းဆိုး၊ နှာချေတဲ့သူနဲ့နီးနီးကပ်ကပ် မျက်နှာချင်းဆိုင်ပြီးမနေပါနဲ့။ ရောဂါဖြစ်လာရင် ဆေးမြီးတိုတွေမသောက်ပါနဲ့။ ဖျားတာက သုံးရက် လောက်ကြာလို့မှ မပျောက်ရင် တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ပြသင့်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖျား တယ်ဆိုရင် ခုနစ်ရက်ထက် မကျော်တတ်ပါဘူး။ ခုနစ်ရက်ထက်ကျော်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top