Healthy Life Ad
Life Style

သင်ကြိုက်နှစ်သက်သော ရာသီဥတုက ပြောသောသင့်အကြောင်း

——–၊ ကိုထက် ၊———

အာရှဒေသတွေမှာ နွေ၊ မိုး၊ ဆောင်း ရာသီသုံးမျိုး ရှိသော်လည်း အနောက်ပိုင်း ဒေသတွေမှာတော့ နွေ၊ နွေဦး၊ ဆောင်း၊ ဆောင်းဦး ဆိုပြီး လေးရာသီ ရှိကြပါတယ်။ မိမိနေရာဒေသမှာ မရှိတဲ့ ရာသီဥတုတွေဖြစ်ပေမယ့် ထိုရာသီဥတု ပုံစံမျိုးကို သဘောကျနှစ်သက်ကြတဲ့ သူတွေလည်း ရှိကြပါတယ်။ နွေ၊ နွေဦး၊ ဆောင်း၊ ဆောင်းဦးထဲက ဘယ်ရာသီဥတုကို ကြိုက်နှစ်သက်သူတွေက ဘယ်လိုစိတ်နေသဘောထား ရှိတတ်ကြသလဲဆိုတာ လေ့လာကြည့်ရအောင်။

alignnone size-medium wp-image-54905
သင်က မိုးရာသီကို နှစ်သက်မြတ်နိုးသူလား

စိုစွတ်တဲ့ ရာသီဥတုဟာ တချို့အလုပ်အတွက် အနှောင့်အယှက်ဖြစ်တာကြောင့် မကြိုက်ကြတဲ့သူတွေ ရှိပေမယ့်လဲ ရုံးခန်းထဲမှာ၊ အိမ်ခန်းထဲမှာပဲနေပြီး အတွေးနယ်ချဲ့ဖို့ အချိန်လေးလည်း ရမယ်ဆိုရင် လူတိုင်းနီးပါး နှစ်သက်ကျမယ့် ရာသီဥတုလေးပဲ ဖြစ်ပါတယ်။ မိုးရာသီကို ကြိုက်သူတွေဟာ ထက်သန်တဲ့ စိတ်သဘောထား ရှိကြပါတယ်။ အတွေးအခေါ်သမားတွေလဲ ဖြစ်တတ်ကြပါတယ်။ ဖန်တီးနိုင်စွမ်း ရှိကြပြီး လူမှုဆက်ဆံရေးလည်း ကောင်းကြသူတွေပါ။ မိုးရာသီကြိုက်သူတွေဟာ တစ်ဦးတစ်ယောက်အတွက်မျိုးမဟုတ်ပဲ အများအတွက် အားလုံးအတွက် တွေးပေးလေ့ရှိကြသူတွေပါ။ အပေါ်ယံ နူးညံ့တယ်လို့ ထင်ရပေမယ့် အတွင်းစိတ်က မာကျောပြီး အမြော်အမြင်ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အပေါင်းအသင်းတွေကြားမှာ နားလည်ရခက်တဲ့ လူတွေဖြစ်တတ်ကြပြီး သူတို့ရဲ့ အတွေးတွေက သူများတွေအတွက်တော့ ရှုပ်ထွေးနေတတ်ပါတယ်။


သင်က နွေရာသီကို နှစ်သက်မြတ်နိုးသူလား

နွေရာသီဆိုတာ လူတွေကို နွေးထွေးခြင်းတွေနဲ့ ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်ပါတယ်။ နွေရာသီကို နှစ်သက်မြတ်နိုးတဲ့သူတွေဟာလဲ သူငယ်ချင်း အပေါင်းအသင်းတွေထဲမှာ ပျော်ပျော်ရွှင်ရွှင် အနေတတ်ဆုံးနဲ့ ပူပင်ကြောင့်ကြမှု ကင်းဝေးကြသူတွေ ဖြစ်ပါတယ်။ သင်ရဲ့ ပျော်ရွှင်တက်ကြွနေတဲ့ စရိုက်က သင့်မိသားစုတွေနဲ့ အပေါင်းအသင်းတွေကိုပါ တက်ကြွပြီး အကောင်းမြင်စိတ်တွေ ဖြစ်လာစေအောင် တွန်းအားပေးနိုင်ပါတယ်။ မိတ်ဆွေအပေါင်းအသင်း ဝင်ဆံ့ကြသူတွေပါ။ ဒါပေမဲ့လဲ သင်နဲ့ အယူအဆတွေ၊ အမြင်တွေ ကွဲလွဲနေတဲ့သူတွေ တွေ့လာခဲ့ရင်တော့ ထိပ်တိုက်တွေ့ပြီး အပြိုင်ငြင်းခုန်ကြတာ များပါတယ်။ ခေါင်းရှောင်သွားတာမျိုး မလုပ်တတ်ကြပါဘူး။ ဒါကြောင့် သင်နဲ့အမြင်မတူသူတွေကတော့ သင့်ကို ကြမ်းတမ်းတဲ့သူလို့ မြင်တတ်ကြပါတယ်။


သင်က နွေဦးရာသီကို နှစ်သက်မြတ်နိုးသူလား

နွေဦးရာသီကို ကြိုက်နှစ်သက်သူတွေဟာ နူးညံ့တဲ့ သွင်ပြင်လက္ခဏာတွေ ရှိသူပါ။ နွေဦးရာသီကို ကြိုက်နှစ်သက်သူတိုင်းဟာ စိတ်သဘောထား နူးညံ့ပြီး အေးအေးချမ်းချမ်း နေတတ်ကြသူတွေပါပဲ။ တစ်ဖက်သားကို အရေးတယူ ဆက်ဆံတတ်ကြပြီး ထောက်ထားညှာတာစိတ်လဲ ရှိကြပါတယ်။ မိမိနဲ့ သိပ်ပြီး မရင်းနှီးတဲ့သူကိုပင် အားပေးစကားပြောပေးဖို့ အသင့်ဖြစ်နေသူတွေပါ။ နွေဦးရာသီကို ကြိုက်နှစ်သက်သူတွေဟာ သဘာဝတရားတွေကိုလဲ သဘောကျနှစ်သက်သူတွေ ဖြစ်ကြပါတယ်။ ကိစ္စကြီးငယ် ဟူသမျှကို ရှုထောင့်မျိုးစုံက စဉ်းစားတွေးတောတတ်တဲ့အတွက် အပေါင်းအသင်းတွေဟာ သူတို့ပြသနာတွေကို တိုင်ပင်ဖို့ သင့်ကို အမြဲအမှတ်ရနေတတ်ကြပါတယ်။ သင်ကကောင်းသော်လဲ သင့်အပေါ်မကောင်းတဲ့ သူ ဒါမှမဟုတ် သင့်ရဲ့စေတနာတွေအပေါ်မှာ အမြတ်ယူတဲ့သူတွေ တွေ့လာခဲ့ရင်တော့ အဲ့လိုလူကို လုံးဝလှည့်ကြည့်တော့မှာ မဟုတ်တော့ပါဘူး။ အေးအေးဆေးဆေးနေတတ်တဲ့ အကျင့်ကြောင့် တစ်ခါတစ်လေ အဖော်မရှိဘဲ တစ်ယောက်ထဲနေနေရတဲ့ အချိန်တွေလဲ ရှိတတ်ပါတယ်။

သင်က ဆောင်းရာသီကို နှစ်သက်မြတ်နိုးသူလား

တစ်ချို့ဒေသတွေမှာတော့ ဆောင်းရာသီဟာ နေရာတိုင်းမှာ နှင်းတွေတဖွေးဖွေးနဲ့ ဖုံးအုပ်နေပြီး သွားလာရတာ ခက်ခဲသလို ချမ်းစိမ့်နေတတ်တဲ့အတွက် မကြိုက်တဲ့သူတွေ များပါတယ်။ ဒါပေမယ့် ဆိုးဝါးတဲ့ ရာသီဥတုအခြေအနေတွေ မဟုတ်ခဲ့ရင်တော့ ဆောင်းရာသီကို ကြိုက်တဲ့သူတွေလဲ အများအပြား ရှိပါတယ်။ ဆောင်းရာသီကို ကြိုက်နှစ်သက်သူတွေဟာ တချို့က နူးညံ့ကြင်နာတတ်ကြတယ်၊ တချို့က စိုးရိမ်စိတ်ကြီးကြတယ်။ တူညီတာတစ်ခုကတော့ အပြင်ပန်းမှာ အေးတိအေးစက်နိုင်ပါတယ်။ သူတို့ရဲ့အတွင်းစိတ်ကို ခန့်မှန်းရခက်တဲ့ ခံစားချက်ကို မျိုးသိပ်ထားတတ်သူတွေပါပဲ။ အပေါင်းအသင်းအများကြီး သိပ်မထားတတ်ပါဘူး။ ရှိတဲ့အပေါင်းအသင်းပေါ်ကိုတော့ သံယောဇဉ် ကြီးတတ်ကြပါတယ်။ ဆောင်းရာသီကို ကြိုက်သူတွေက ခံစားချက်ကို မျိုသိပ်ထားတတ်တဲ့အတွက် တခါတရံ အပေါင်းအသင်းတွေနဲ့ နားလည်မှုတွေ လွဲတတ်ပါတယ်။ စိတ်ထဲက ခံစားချက်တွေကို မျိုးသိပ်ထားတဲ့အတွက် မရင်းနှီးသေးသူတွေက သင့်ကို ယုံကြည်ဖို့ ခက်နေတတ်ကြပါတယ်။

သင်က ဆောင်းဦးရာသီကို နှစ်သက်မြတ်နိုးသူလား

ဆောင်ဦးရာသီဟာ အလှပဆုံး သဘာဝရှုခင်းတွေကို ပိုင်ဆိုင်တဲ့ ရာသီပဲဖြစ်ပါတယ်။ ဆောင်းဦရာသီကို နှစ်သက်သူတွေဟာ အေးအေးလူလူနဲ့ သက်သောင့်သက်သာ နေတတ်သူတွေပဲ ဖြစ်ပါတယ်။ အချိန်ဇယားကြီးတွေနဲ့ အစီအစဉ်တွေဆွဲပြီး နေရတာကို လုံးဝမသဘောမကျပဲ စိတ်ထဲပေါ်လာတဲ့ အချိန်မှာ စိတ်ပါတဲ့အလျှောက် လုပ်ကိုင်ရတာကို ပိုပြီးနှစ်သက်သူတွေပါ။ ဟန်ဆောင်မှုကင်းမဲ့သူတွေပဲ ဖြစ်ပါတယ်။ စိတ်ထဲကပေါ်လာတဲ့ ပင်ကိုစေ့ဆော်မှုတွေကို အလေးထားလုပ်ဆောင်တတ်သူတွေပဲ ဖြစ်ပါတယ်။ အများအားဖြင့် တစ်ယောက်ထဲ စာအုပ်ဖတ်နေတာ၊ ရုပ်ရှင်ကြည့်နေတာနဲ့ အချိန်ကုန်ရတာကို သဘောကျသူတွေပါ။ ပန်းချီဆွဲတာ၊ စာရေးတာလိုမျိုး အနုပညာတွေမှာ ပါရမီပါတတ်ကြပါတယ်။ တစ်နေကုန် ဘာမှမစီစဉ်ထားပေမယ့် ညနေကျမှ လျှောက်လည်ဖို့ အတင်းလိုက်ခေါ်တာမျိုးတွေကြောင့် တစ်ခါတလေတော့လဲ သင့်အပေါင်းအသင်းတွေ စိတ်ညစ်နေကြရတတ်ပါတယ်။ ကိုယ့်လုပ်ချင်တာနဲ့ သင့်တော်မယ့် အပေါင်းအသင်းကို သေသေချာချာရွေးချယ်ပြီး ခေါ်လေ့ရှိပါတယ်။ အသံကျယ်ကျယ်နဲ့ စကားများသူတွေလဲ ဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top