Healthy Life Ad
Child

ပဋိဇီဝပိုးသတ်ဆေး သုံးသင့်/မသုံးသင့်သော အခြေအနေများ

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

ပဋိဇီဝပိုးသတ်ဆေးကို မလိုအပ်တဲ့ အခြေအနေတွေမှာ အသုံးများတာကြောင့် ဆေးယဉ်ပါးတဲ့ ဘက်တီးရီးယားပိုးတွေကိုဖြစ်စေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေက ဗိုင်းရပ်စ်ပိုးတွေကို မသတ်နိုင်တဲ့အပြင် တလွဲသုံးစွဲမှု့ကြောင့် ပြည်သူလူထုမှာ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပဋိဇီဝပိုးသတ်ဆေး တလွဲသုံးစွဲမှု့ကြောင့် အန္တရာယ်မဖြစ်စေဖို့ အမေရိကန်မိသားစုနဲ့ ကလေးကျန်းမာရေးအကယ်ဒမီက သတိပေးထားပါတယ်။

(၁) နားတွင်း ကူးစက်ပိုးဝင်ခြင်း

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန် မသုံးသင့်ဘူးလဲ

နားတွင်း ကူးစက်ပိုးဝင်တဲ့ အခြေအနေက ဆေးဝါးမလိုဘဲ သက်သာသွားနိုင်ပါတယ်။ အထူးသဖြင့် အသက်နှစ်နှစ်နဲ့ အထက်အရွယ်တွေမှာ ပိုသက်သာနိုင်ပါတယ်။ နားတွင်း ကူးစက်ပိုးဝင်တဲ့ ရောဂါလက္ခဏာဝေဒနာတွေ သက်သာဖို့အတွက် ၂-၃ ရက်လောက် စောင့်သင့်ပါတယ်။

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန် သုံးသင့်သလဲ

အသက် ခြောက်လအရွယ်နဲ့ အဲဒီထက် ပိုငယ်တဲ့ကလေးတွေ နားနာကျင်တဲ့ ဝေဒနာခံစားရရင်၊ အသက် ခြောက်လ-နှစ်နှစ်အရွယ်ကလေးတွေ နားနာကျင်တဲ့ ဝေဒနာကို အသင့်အတင့် ဒါမှမဟုတ် ပြင်းပြင်းထန်ထန်ခံစားရရင်၊ အသက်နှစ်နှစ်နဲ့အထက် ကလေးတွေ နားနာကျင်တဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားရရင် ပဋိဇီဝပိုးသတ်ဆေး လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြပါ။

(၂) နှင်းခူဖြစ်ခြင်း

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန် မသုံးသင့်ဘူးလဲ

ပဋိဇီဝပိုးသတ်ဆေးက အရေပြား ယားယံနီမြန်းတဲ့ ဝေဒနာအများစုကို မသက်သာစေပါဘူး။ အဲဒီအစား နှင်းခူဖြစ်တဲ့ အရေပြားသက်သာစေဖို့ အစိုဓာတ် ထိန်းခရင်မ် ဒါမှမဟုတ် ခရင်မ်လိမ်းပေးပါ။

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန် သုံးသင့်သလဲ

ဘက်တီးရီးယားပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ပြည်တည်တာ၊ အရေပြားက အလွန်နီမြန်းပြီး ပူနွေးတာ၊ ဖျားတာ၊ ရောင်ရမ်းတာ စတဲ့ လက္ခဏာတွေဖြစ်ပေါ်ရင် ပဋိဇီဝပိုးသတ်ဆေး လိမ်းသင့်ပါတယ်။

(၃) မျက်စိတွင်း ပိုးဝင်ခြင်း

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန် မသုံးသင့်ဘူးလဲ

မက်ကူလာ ယိုယွင်းပျက်စီးတဲ့ အခြေအနေကို ဆေးထိုးပြီးချိန်မှာ မျက်စဉ်းဆေးမှီဝဲဖို့ လိုပါတယ်။ မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တဲ့အခါ ပဋိဇီဝပိုးသတ်ဆေးကို ရှားရှားပါးပါး လိုအပ်နိုင်ပါတယ်။

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန် သုံးသင့်သလဲ

မျက်စိတွင်း ဘက်တီးရီးယားပိုးဝင်တဲ့ အခြေအနေဖြစ်ပေါ်ကာ မျက်စိနီမြန်းတာ၊ ရောင်ရမ်းတာ၊ မျက်ရည်ကျတာ၊ ပြည်ထွက်တာနဲ့ အမြင်အာရုံ ဝေ၀ါးတာတို့ဖြစ်ရင် ပဋိဇီဝပိုးသတ်ဆေး သုံးသင့်ပါတယ်။

(၄) အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန် မသုံးသင့်ဘူးလဲ

အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ချောင်းဆိုးတာနဲ့ လေပြွန်ရောင်ရမ်းတာတွေက ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်ပါတယ်။ စတပ်ဖိုင်လိုကော့ကပ်စ် ဘက်တီးရီးယားပိုးဟာ ကလေးတွေရဲ့ သုံးပုံတစ်ပုံမှာ ဖြစ်တတ်တဲ့အတွက် သံသယရှိရင် စမ်းသပ် စစ်ဆေးကြည့်ဖို့ လိုပါတယ်။

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန် သုံးသင့်သလဲ

ချောင်းဆိုးတာက ၁၄ ရက်ကျော်ကြာပြီး စတပ်ဖိုင်လိုကော့ ကပ်စ်ပိုးရှိနေရင် ပဋိဇီဝပိုးသတ်ဆေးကို မှီဝဲသင့်ပါတယ်။

(၅) နှာခေါင်းတွင်း ပိုးဝင်ခြင်း

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန် မသုံးသင့်ဘူးလဲ

နှာခေါင်းရောင်ရမ်းမှုက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လေ့ရှိပါတယ်။ ဘက်တီးရီးယားပိုးဝင်ပြီး နှာခေါင်းတွင်း ရောင်ရမ်းတာကို ကုသမှု့မခံယူရင်တောင် တစ်ပတ်အတွင်း သက်သာသွားမှာပါ။

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန်သုံးသင့်သလဲ

နှာခေါင်းတွင်း ပိုးဝင်တဲ့ လက္ခဏာက ပြင်းထန်ရင် ၁၀ ရက်ကြာပြီးနောက် မသက်သာဘဲ ပိုဆိုးလာရင် ပဋိဇီဝပိုးသတ်ဆေးကို မှီဝဲသင့်ပါတယ်။

(၆) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန် မသုံးသင့်ဘူးလဲ

ရေရှည် ကျန်းမာရေးစောင့်ရှောက်မှု့ ပေးနေရတဲ့ အသက်ကြီးတဲ့လူနာတွေ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာမပြရင် ပဋိဇီဝပိုးသတ်ဆေးတွေကို မသုံးသင့်ပါဘူး။

– ပဋိဇီဝပိုးသတ်ဆေးကို ဘယ်အချိန် သုံးသင့်သလဲ

ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တဲ့ ဝေဒနာခံစားရပြီး ဆီးသွားချင်စိတ်ပြင်းပြကာ ဆီးမထိန်းနိုင်ဖြစ်နေရင် ပဋိဇီဝပိုးသတ်ဆေးကို လိုအပ်နိုင်ပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top