၊ စူး (ဆေးဝါးတက္ကသိုလ်) ၊
စွမ်းအင်ပိုရှိချင်သလား၊ ပိုပြီး အကောင်းမြင်ချင်သလား၊ သင့် တစ်နေ့တာဘဝမှာ ပိုအဆင်ပြေ ချောမွေ့လာဖို့ရာအတွက် လိုက်နာသင့်တဲ့ အိပ်စက်မှုဆိုင်ရာ အလေ့အကျင့်တွေကို အကြံပြုချင်ပါတယ်။
အကောင်းမြင်စိတ် ပိုရှိလာစေရေးအတွက်
– အိပ်ရာစောစောထပါ
အသက် ၁၇ နှစ်ကနေ ၇၉ နှစ်ကြား အရွယ်ရောက်သူ ၈၀ဝ ဦးကျော်ကို လေ့လာခဲ့တဲ့အခါ မနက်စောစော အိပ်ရာထသူတွေဟာ ပျော်ရွှင်တာ။ တက်ကြွတာ စတဲ့ အကောင်းမြင်တဲ့ စိတ်ခံစားချက်တွေ ပိုရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ မနက် ၅ နာရီ နဲ့ ၆ နာရီခွဲကြား နိုးတဲ့သူတွေဟာ အပျော်ရွှင်ဆုံးသူတွေ ဖြစ်ကြပါတယ်။ အကြောင်းကတော့ နံနက်ခင်း နေခြည်နုနုနဲ့ ထိတွေ့မှုရှိတာကြောင့် စိတ်ခံစားချက်ကောင်းစေတဲ့ ဆီရိုတိုနင်ဓာတ် အထွက်တိုးလာလို့ပါ။
မအိပ်မနေ အလုပ်လုပ်နိုင်ရန်အတွက်
– ထိုသီတင်းပတ်မတိုင်မီ အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
တကယ်တော့ မအိပ်ဘဲနေတာက စိတ်ကူးကောင်း မဟုတ်ပါဘူး။ ဒါကြောင့် နေ့တိုင်း ၇ – ၈ နာရီ အိပ်စက်အနားယူဖို့ အကြံပေးတာပါ။ ဒါပေမဲ့ အလုပ်နဲ့ သွားတဲ့ခရီးစဉ်တွေ၊ အလုပ်မှာ နောက်ဆုံးအပြီးသတ်ရမယ့် ကိစ္စတွေရှိလို့ မအိပ်မနေ အလုပ်လုပ်ရတော့မယ်ဆိုရင် အဲဒီမတိုင်ခင် အိပ်ရေးဝ၀ အိပ်စက်အနားယူပေးသင့်ပါတယ်။ အရင်ညတွေမှာ အိပ်ရေးဝ၀ အိပ်စက်ထားသူတွေက နောက်ပိုင်း အိပ်ရေးပျက်ရင်တောင် တွေးခေါ်နိုင်စွမ်း ထက်သန်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
လေ့ကျင့်ခန်းလုပ်ရာတွင် သက်လုံကောင်းစေရန်အတွက်
– အိပ်ရာ စောစောဝင်ပါ
စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ဘတ်စကတ်ဘောကစားသူ အမျိုးသားတွေကို စောစော အိပ်ရာဝင်စေတဲ့အခါ ပြိုင်ပွဲမှာ အနိုင်ရရှိနှုန်း မြင့်မားတယ်လို့ သိရပါတယ်။
အကြောင်းကတော့ အိပ်ချိန် အလုံအလောက် ရရှိလေလေ၊ ဂလူးကို့စ်တည်ဆောက်နှုန်း တိုးလေလေဖြစ်ပြီး စွမ်းအင်ပိုရှိလာရတာပါ။ အဲဒီအခါ ကော်တီစောအဆင့် လျော့ကျတဲ့အတွက် စိတ်ဖိစီးမှုလည်း လျော့နည်းသွားပါတော့တယ်။
လန်းဆန်းနိုးကြားမှု ရှိစေရေးအတွက်
– နေ့ခင်း တစ်ရေးအိပ်စက်ပါ
နေ့ခင်းတွေမှာ မိနစ် ၂၀ ကြာ တစ်ရေး အိပ်စက်ထားသူတွေဟာ တစ်နေ့လုံး တစ်မှေးမှ အိပ်စက်လေ့ မရှိသူတွေထက် မှတ်ဉာဏ်စစ်ဆေးတဲ့ စာမေးပွဲတွေမှာ ရမှတ်ကောင်းကောင်း ရရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ တစ်နေ့လုံး စွမ်းအင်ရှိပြီး လန်းဆန်းနေစေဖို့ သင့်ခန္ဓာကိုယ် ဇီဝနရီက အိပ်မောအကျဆုံးဖြစ်တဲ့ နေ့လယ် ၁ နာရီနဲ့ ၂ နာရီကြားမှာ တစ်ရေး အိပ်ပေးပါ။
သတိထားသင့်တဲ့အချက်က မိနစ် ၃၀ ကျော်ကြာ တစ်ရေးမအိပ်ပါနဲ့။ မိနစ် ၂၀ လောက် တစ်ရေးအိပ်တာက သတင်းအချက်အလက် အသစ်တွေကို ထိန်းသိမ်းမှတ်မိနိုင်စွမ်းအား တိုးစေပါတယ်။
(Ref;RD)