Healthy Life Ad
Health Tips

ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံပြသသင့်ပြီဖြစ်သော လက္ခဏာလေးရပ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဆီးမထိန်းနိုင်တဲ့ တချို့လက္ခဏာရပ်တွေက သိသာထင်ရှားပါတယ်။ ဆီးတွေက မသိမသာ စိမ့်ထွက်နေတာ၊ ဆီးကို ထိန်းလို့မရတာစတာတွေဟာ ဆီးအိတ်ဆိုင်ရာပြဿနာတွေ ဖြစ်တတ်တာကြောင့် အောက်ပါလက္ခဏာလေးရပ်ကို ကြုံတွေ့နေရရင် ဆီးနှင့်ကျောက်ကပ်ရောဂါကုဆရာဝန်ကြီး ဒါမှမဟုတ် သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

လက္ခဏာ (၁) ဆီးစိမ့်ထွက်နေလို့ ရာသီသွေးမဆင်းဘဲနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းကို အမြဲလိုလို ဝတ်ဆင်နေရတတ်တယ်။

အမျိုးသမီးတချို့ဟာ ချောင်းဆိုးတဲ့အခါ၊ ဟားတိုက်ရယ်မောတဲ့အခါ၊ လေးလံတဲ့ပစ္စည်းတစ်ခုခုကို သယ်မတဲ့အခါနဲ့ လေ့ကျင့်ခန်းလုပ်တဲ့ အခါတွေမှာ မမျှော်လင့်ဘဲ ဆီးတွေစိမ့်ထွက်တတ်တာကြောင့် ရာသီမလာဘဲနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းကို ဝတ်ဆင်ထားရတတ်ပါတယ်။ ဆီးစိမ့်ထွက်တာက အလွန်အဖြစ်များတာကြောင့် ရှက်စရာဆိုပေမယ့် ပုံမှန်ပါပဲလို့ နယူးယောက်ရှိ ဆီးရောဂါကုစင်တာက ဂျီလ်ရာဘင်က ဆိုပါတယ်။သင်ဟာ သွေးဆုံးပြီးဖြစ်ရင် ဆီးမထိန်းနိုင်ပါက အမျိုးသမီးသုံးဂွမ်းထုပ်တွေကို မကြာခဏ လဲလှယ်ပေးနေရတတ်ပါတယ်။

ဘာလုပ်သင့်သလဲ

တင်းအားကြောင့် ဆီးမထိန်းနိုင်တာ (ဥပမာ- ရယ်တာနဲ့ လှုပ်ရှားတာ) ဟာ ခွဲစိတ်ကုသစရာမလိုဘဲ ပျောက်ကင်းနိုင်ပါတယ်။ တင်ပဆုံကွင်းကြွက်သားတွေ သန်စွမ်းလာအောင် လေ့ကျင့်ခန်းလုပ်ပေးတာ၊ နာ့ဗ်ကြောလှုံ့ဆော်တာ စတဲ့နည်းလမ်းတွေကို လုပ်ဆောင်ပေးရပါမယ်။ ကိုယ်အလေးချိန်များနေရင် လျှော့ချပေးတာကလည်း ဆီးမထိန်းနိုင်တဲ့ ပြဿနာကို အထိုက်အလျှောက် ပြေလည်သွားစေပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ကိုယ်အလေးချိန် ပေါင်၂၀ လောက် လျော့ကျသွားရုံနဲ့ ဆီးမထိန်းနိုင်တဲ့ ရောဂါတစ်ဝက်နီးပါး လျော့ကျသွားတတ်ပါတယ်။

လက္ခဏာ (၂) ကားထဲ ဒါမှမဟုတ် အိတ်ထဲမှာ လဲဖို့အဝတ်အစားတစ်စုံ အမြဲဆောင်ထားရတယ်။

ညဘက်မှာတင်မက နေ့ဘက်မှာပါ ဘောင်းဘီ ဒါမှမဟုတ် စကတ်ဟာ စိုစွတ်နေတတ်တာကြောင့် အဝတ်အစားတစ်စုံကို အမြဲဆောင်ထားရတဲ့ အခြေအနေပါ။ ဆီးမထိန်းနိုင်တာက အသက်ကြီးတာကြောင့်ပဲ ဖြစ်ရတဲ့ ပုံမှန်ဖြစ်စဉ်တစ်ရပ်မဟုတ်ပါဘူး။ ပုံမှန် ဆီးသွားလမ်းကြောင်း ပိတ်ဆို့တာကြောင့် ဆီးသွားရခက်တဲ့ အခြေအနေကြောင့် ဆီးမထိန်းနိုင်တာမျိုး ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။

ဘာလုပ်သင့်သလဲ

ဆီးကျောက်တည်တာ ဒါမှမဟုတ် ဆီးကျိတ်ရှိတာကြောင့် ဆီးသွားလမ်းကြောင်းပိတ်ပြီး ဆီးစိမ့်ထွက်နေရင် ခွဲစိတ်ဖယ်ရှားပေးဖို့ လိုပါတယ်။

လက္ခဏာ (၃) ဆီးမထိန်းနိုင်လို့ လူမှုရေးအဝိုင်းအဝန်းက ကျဉ်းလာတယ်

ဆီးမထိန်းနိုင်တာကြောင့် သင့်အနေနဲ့ တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးက နည်းလာတာပါ။ ဆီးအိတ်ပြဿနာကြောင့် လူတွေဟာ လူတွေကြားထဲ သွားလာနေထိုင်ရမှာကို ကြောက်ရွံ့လာပါတယ်။

ဘာလုပ်သင့်သလဲ

လူကြားထဲသွားရမယ်ဆိုရင် အရည်သောက်သုံးမှုကို ထိန်းချုပ်တာ၊ ဆီးအိတ်ကို လှုံ့ဆော်စေတဲ့ အစားအစာတွေကို ရှောင်တာ၊ ဆီးသွားစေတဲ့ စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုကို ရှောင်ရှားတာနဲ့ တင်ပဆုံအောက်ပိုင်းက ကြွက်သားတွေကို သန်စွမ်းအောင် လုပ်တာစတဲ့ အချက်တွေကို လိုက်နာပေးပါ။

လက္ခဏာ (၄) ဆီးမထိန်းနိုင်လို့ လိင်ဆက် ဆံမှုကို ရှောင်ရှားပါတယ်

ဆီးမထိန်းနိုင်တဲ့ ပြဿနာကြောင့် အိမ်ထောင်ရေးမှာ အခက်အခဲတွေ့လာပါတယ်။

ဘာလုပ်သင့်သလဲ

ဆီးမထိန်းနိုင်တဲ့ ပြဿနာအများစုကို ဆေးဝါး၊ ကုသမှုနဲ့ တခြားနည်းလမ်းတွေနဲ့ ကုသပေးဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အိမ်ထောင်ရေးအတွက် အပြုအမူပိုင်းဆိုင်ရာ နည်းလမ်းကို သုံးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top