Healthy Life Ad
Health Tips

ဆဲလ်လူးလိုက်အဆီ လျော့ကျစေမည့် အဆင့်ငါးဆင့်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ဆဲလ်လူးလိုက်အဆီတွေကြောင့် ပေါင်နဲ့ ခြေထောက်တွေတုတ်ပြီး မလှမပ ဖြစ်နေပါသလား။ သင့်ခန္ဓာကိုယ်က ဆဲလ်လူးလိုက်အဆီပိုတွေကို လျော့ကျစေဖို့ အောက်ပါအဆင့်ငါးဆင့်ကို လိုက်နာဖို့ လိုပါတယ်။

အဆင့် (၁) လေ့ကျင့်ခန်း

လမ်းလျှောက်တာနဲ့ ပြေးတာတို့လို ပုံမှန်လေ့ကျင့်ခန်းလုပ်တာက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ခြေတံတွေကို တင်းရင်းသွယ်လျစေပါတယ်။ အားကစားခန်းမကိုသွားရင် အရင်ဆုံး လမ်းလျှောက်စက်ပေါ်မှာ ခပ်သွက်သွက် လမ်းလျှောက်ပေးပါ။ ရွရွပြေးတာကလည်း အဆီကို လျော့ကျစေပါတယ်။ အားကစားခန်းမကို မသွားနိုင်ရင် လှေကားကို ဖနောင့်မြှင့်ပြီးတက်တဲ့ လေ့ကျင့်ခန်းလုပ်ပါ။ တုံးတစ်ခုပေါ်မှာ ခြေထောက်ထောက်ပြီး ဖနောင့်ကိုမြှင့်လိုက်၊ နိမ့်လိုက်လုပ်ပေးပါ။

အဆင့် (၂) အစာ

ရောင်စုံသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားတာက အရေပြားမှာ သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ဆဲလ်လူးလိုက်အဆီပိုတွေကို လျော့ပါးသက်သာစေပါတယ်။ ရောင်စုံသစ်သီးဝလံတွေမှာ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်တာကြောင့် ခန္ဓာကိုယ်ကနေ အဆိပ်တွေထွက်ရှိစေပါတယ်။ သရက်သီးနဲ့ ငှက်ပျောသီးတွေက သွေးလှည့်ပတ်မှုကို အားပေးပြီး ဆဲလ်လူးလိုက်အဆီပိုတွေကို လျော့ကျစေပါတယ်။ ဗီတာမင်စီများများပါတဲ့ အစာတွေကိုစားရင် အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ကို အားကောင်းစေပါတယ်။ ဆားဟာ ကော်လာဂျင်ကို ထိခိုက်စေတဲ့အတွက် ဆားကဲတဲ့အစာတွေကို ရှောင်ပါ။

အဆင့် (၃) အတွင်းခံဝတ်စုံ

ကျပ်လွန်းတဲ့ အတွင်းခံဝတ်စုံက သွေးလှည့်ပတ်မှုကို ကမောက်ကမဖြစ်စေတဲ့အတွက် သက်သောင့်သက်သာရှိပြီး ပေါ့ပါးတဲ့ အတွင်းခံဝတ်စုံကိုဝတ်ပြီး ဆဲလ်လူးလိုက်အဆီပိုတွေ မဖြစ်အောင် ကာကွယ်သင့်ပါတယ်။

အဆင့် (၄) အသားအရေ ထိန်းသိမ်းခြင်း

ခန္ဓာကိုယ်ကို ပုံမှန် ကြေးချွတ်ပွတ်တိုက်ပေးပါ။ ခန္ဓာကိုယ်ကို ကြေးချွတ်ပွတ်တိုက်တာကြောင့် အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး အရေပြားကို ကျန်းမာရေးနဲ့ ပိုမိုညီညွတ်စေကာ ပိုမိုနုပျို ကြည့်ကောင်းစေပါတယ်။ ကြေးချွတ်ပွတ်တိုက် သန့်စင်ပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါက အားနည်းနေတဲ့ အရေပြားဆဲလ်တွေကို ကျန်းမာစေပြီး ဆဲလ်လူးလိုက်အဆီတွေ လျော့ကျသွားပါလိမ့်မယ်။

အဆင့် (၅) ကုသမှု

မျိုးရိုးကြောင့်လည်း ဆဲလ်လူးလိုက်အဆီပိုတွေ ဖြစ်စေပါတယ်။ အစာကို ဆင်ခြင်စားသောက်တယ်၊ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်တယ်၊ ဒါပေမဲ့ အဆီပိုတွေက ရှိနေဆဲဆိုရင် ဆဲလ်လူးလိုက်အပိုတွေ လျော့ကျစေဖို့ ကုသနည်းတွေကို အရေပြားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top