Healthy Life Ad
Q & A

အခြေခံရောဂါရှိသူတို့အတွက် ကိုယ်ခံအားမြင့်တက်စေမည့် စားသောက်နည်း

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—–

Q. ဒီလိုအချိန်မှာ အခြေခံရောဂါဝေဒနာရှိသူတွေ၊ အထူးသဖြင့် ဆီးချိုသွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဘေလုံးထုတ်ထားတဲ့သူ၊ ကင်ဆာကုနေသူတွေအနေနဲ့ ကိုယ်ခံစွမ်းအား မြင့်တက်နေအောင် ဘယ်လိုအစားအသောက်တွေကို အဓိက စားသင့်ပါသလဲ။

A. ဒီလိုအချိန်မှာ အခြေခံရောဂါဝေဒနာရှိသူတွေအနေနဲ့ ကိုယ်ခံစွမ်းအားနည်းတတ်လို့ အထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။ နဂိုကတည်းက သွေးအားနည်းရောဂါရှိသူတွေ၊ ကိုယ်အင်္ဂါအစားထိုးကုသထားသူတွေ၊ ဆီးချိုရောဂါရှိသူတွေဟာ ပင်ကိုကတည်းက ကိုယ်ခံစွမ်းအားကျနေနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ခဲ့ရင်လည်း ဝေဒနာကို ပိုပြီး ခံစားရတတ်ပါတယ်။ ဒီလိုလူတွေအနေနဲ့ အနေအထိုင်၊ အစားအသောက်ကို သူများတွေထက် ပိုဆင်ခြင်ရပါမယ်။ အနေအထိုင်ဆိုရာမှာ ကိုယ်ခံအားကျနေသူတွေက လူများများရှိတဲ့ နေရာတွေကို မသွားသင့်ပါဘူး။ တတ်နိုင်သမျှ အိမ်မှာပဲနေသင့်ပါတယ်။ ဥပမာ-ကိုယ်ရဲ့မိသားစုဝင်ထဲက နေမကောင်းဖြစ်နေသူတွေနဲ့ တစ်ခန်းထဲမှာတောင် မနေသင့်ပါဘူး။ ရောဂါပိုးကူးလွယ်တဲ့အတွက် ရောဂါဖြစ်နေသူနဲ့ အတတ်နိုင်ဆုံး အတူမနေသင့်ပါဘူး။ စားသောက်တဲ့ ပန်းကန်ခွက်ယောက်တွေကအစ တစ်ယောက်ချင်းစီ သီးသန့်စားရင် ပိုကောင်းပါတယ်။ ဒီလိုလူတွေမှာ လက်ကို မကြာခဏ ဆေးကြောပေးရပါမယ်။ ဒါတွေက အခြေခံကျတဲ့ အချက်တွေပါ။

အာဟာရအနေနဲ့ ကိုယ်ခံစွမ်းအားတက်စေတဲ့ ဗီတာမင်စီများများပါတဲ့ အစားအသောက်တွေနဲ့ ဇင့်(သွပ်)ဓာတ်များများပါတဲ့ အစားအသောက်တွေ စားပေးရပါမယ်။ ကြက်ဥစားရမယ်၊ နို့များများသောက်ရပါမယ်၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပေးရပါမယ်။ အသီးအနှံတွေ များများစားရပါမယ်။ ဒီလိုအချိန်မှာ သံဓာတ်ကလည်း အရေးကြီးတဲ့အတွက် ခန္ဓာကိုယ်ထဲ သံဓာတ်စုပ်ယူမှု ဟန့်တားစေမယ့် အရာတွေ၊ ဥပမာ-လက်ဖက်ရည်၊ ရေနွေး၊ ကော်ဖီ၊ လက်ဖက်သုပ် စားသောက်တာတွေကို ခဏရှောင်ထားသင့်ပါတယ်။ သံဓာတ်ရရှိနေမှသာ ကိုယ်ခံအားကောင်းနေပြီး ကိုယ်တွင်းမှာ ကောင်းတဲ့ ပိုးမွှားတွေရှိနေမှာပါ။ ဒါမှလည်း မကောင်းတဲ့ပိုးမွှားတွေ ရောက်လာချိန်မှာ အမြန်ဆုံး တိုက်ထုတ်နိုင်မှာပါ။

Most Popular

Healthy Life Ad
To Top