Healthy Life Ad
Life Style

လက်သည်းခြေသည်း နည်းလမ်းကောင်း ၁၅ သွယ်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လက်သည်းခြေသည်းတွေ သန်စွမ်းကျန်းမာပြီး သန့်ရှင်းကြည်လင်နေစေဖို့ နေ့စဉ်နေ့တိုင်း ထိန်းသိမ်းသင့်တဲ့ နည်းလမ်းတွေရှိပါတယ်။

(၁) လက်သည်းတံစဉ်းကို ဆောင်ထားပါ

သင်က အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်ရင် ဒါမှမဟုတ် အလုပ်တွေကို အလွန်အကျွံလုပ်နေရင် လက်သည်းတွေ ထိခိုက်ပွန်းပဲ့နိုင်ခြေများတဲ့အတွက် လက်သည်းတံစဉ်းနဲ့ လက်သည်းအစွန်းတွေကို ချောမွေ့အောင် လုပ်နိုင်ပါတယ်။ ချောမွေ့တဲ့လက်သည်းဖြစ်ဖို့ လားရာတစ်မျိုးတည်းနဲ့သာ ပွတ်တိုက်ပေးပါ။

(၂) လက်သန့်ရှင်းရေးကို လုပ်ဆောင်ပါ

အရင်ဆုံး လက်သည်းနဲ့ လက်သည်းတဝိုက် အရေပြားတွေမှာ အညစ်အကြေးတွေ ကင်းစင်ဖို့ အရေးကြီးပါတယ်။ လက်သည်းဖျက်ဆေးနဲ့ အရင်ဆုံး လက်သည်းအရောင်တွေကို ဖျက်လိုက်ပါ။ ပြီးရင် သွားတိုက်တံမှာ ဆပ်ပြာတို့ပြီး လက်သည်းနဲ့ လက်သည်းတဝိုက် အရေပြားတွေကို ပွတ်တိုက်သန့်စင်ပေးပါ။ ဒီနည်းက ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းနဲ့ ဈေးကြီးတဲ့ ကြေးချွတ်ဆေးတွေမလိုဘဲ လက်သည်းတဝိုက်မှာရှိတဲ့ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။

(၃) လက်သည်းကို ခြောက်သွေ့အောင် ထားပါ

လက်သည်းတွေရဲ့အောက်မှာ ပေါက်ပွားတတ်တဲ့ ဘက်တီးရီးယားတွေကို ဟန့်တားနိုင်ဖို့ လက်သည်းတွေကို ခြောက်သွေ့အောင် ထားပေးပါ။ ရေကြာကြာထိတာက လက်သည်းခြေသည်း အက်ကွဲစေနိုင်ပါတယ်။

(၄) Base Coat ဆိုးပါ

လက်သည်းတွေကို အိမ်မှာ လက်သည်းနီဆိုးရင် Base Coat ကို အရင်ဆုံးဆိုးပေးပါ။ အဲဒီအခါ လက်သည်းဆိုးဆေးစွန်းတာကို ကာကွယ်နိုင်ရုံသာမက လက်သည်းအရောင်ကို ပိုသိပ်သည်းကြည့်ကောင်းစေပါတယ်။ လက်သည်းနီဆိုးပြီးမှ အရောင်ကြည်တစ်ထပ်ထပ်ဆိုးပေးရင် ပိုတောက်ပစေမှာပါ။

(၅) ညင်ညင်သာသာထားပါ

လက်သည်းတွေက နူးညံ့တဲ့အတွက် အလွန်ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ရင် ကူးစက်ပိုးဝင်နိုင်ခြေများပါတယ်။ လက်သည်းညှပ်ကိုလည်း အလွန်အမင်းမာကြောတာကို ရှောင်ပါ။

(၆) လက်များကို ကာကွယ်ပါ

လက်တွေကို ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းတွေနဲ့ သန့်စင်ခြင်း၊ သစ်ပင်စိုက်ခြင်းတို့ လုပ်တဲ့အခါ ရာဘာလက်အိတ်ဝတ်ပါ။ ပန်းကန်တွေဆေးတဲ့အခါ ပူနွေးတဲ့ ဆပ်ပြာရည်ထဲ ထည့်စိမ်ပြီးဆေးရင် လက်သည်းတွေကို အားနည်းစေနိုင်ပါတယ်။ ရာသီဥတုအေးတဲ့အခါ လက်အိတ်ဝတ်ပေးပါ။

(၇) လက်သည်းကို ပြန်လည်ပြုပြင်ချိန်ပေးပါ

လက်သည်းတွေကို အမြဲတမ်း လက်သည်းနီဆိုးတာမျိုးမလုပ်ဘဲ တစ်ခါတလေမှာ အရောင်ကြည်ဆိုပြီး ပြန်လည်ပြုပြင်ချိန်ပေးပါ။

(၈) အမြဲတမ်း အစိုဓာတ်ထိန်းပါ

မျက်နှာကို အစိုဓာတ်ထိန်းပြီးမှ အိပ်ရာဝင်သလိုပဲ လက်သည်းတွေကိုလည်း ထောပတ်သီးဆီလိမ်းပြီး အစိုဓာတ်ထိန်းပေးပါ။

(၉) လက်သည်းများကို ပုံမှန်ညှပ်ပေးပါ

လက်သည်းတွေကို ပုံမှန်တိညှပ်ပေးတာကြောင့် လက်သည်းတွေကို ပိုကျန်းမာကြည့်ကောင်းစေပါတယ်။ ချွန်မြတဲ့ လက်သည်းညှပ် ဒါမှမဟုတ် ကပ်ကြေးသုံးပြီး လက်သည်းတွေကို အဖြောင့်ညှပ်ပေးပါ။

(၁၀) ဘိုင်အိုတင်အကြောင်း ဆရာဝန်အားမေးပါ

လက်သည်းအားနည်းနေရင်၊ ကြွပ်ဆတ်ပြီး ကျိုးလွယ်နေရင် ဘိုင်အိုတင်ပါတဲ့ အားဖြည့်ဆေး မှီဝဲသင့်သလားဆိုတာ ဆရာဝန်ကို တိုင်ပင်ကြည့်ပါ။

(၁၁) စားသောက်သမျှ အစားအသောက်ကို ကြည့်ပါ

လက်သည်းတွေက ကီရာတင်လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးနဲ့ ပြုလုပ်ထားတာကြောင့် ပရိုတင်းပါတဲ့ အစားအသောက်တွေကို စားသောက်တဲ့နည်းနဲ့ လက်သည်းတွေကို ကျန်းမာကြည့်ကောင်းစေမှာပါ။ ဘိုင်အိုတင်၊ ဗီတာမင်အီး၊ ငါးကြီးဆီတို့လို အားဖြည့်ဆေးတွေကို နေ့စဉ်မှီဝဲပါ၊ ပဲသီး၊ ငါးနဲ့ အခွံမာအစေ့အဆန်တို့လို ပရိုတင်းပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးပါ။

(၁၂) လက်သည်းကိရိယာများကို ဂရုစိုက်ပါ

လက်သည်းပြုပြင်တဲ့ ကိရိယာတွေကို အမြဲတမ်းသန့်ရှင်းစင်ကြယ်အောင် ထားပေးသင့်ပါတယ်။ သတ္တုနဲ့လုပ်ထားတဲ့ လက်သည်းညှပ်အသုံးအဆောင်အားလုံးကို ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်ပေးပါ။

(၁၃) အညွှန်းဖတ်ကြည့်ပါ

လက်သည်းဆိုးဆေးဘူးအားလုံး အတူတူချည်းပဲ မဟုတ်ပါဘူး။ လက်သည်းဆိုးဆေးထဲမှာ dibutyl phthalate၊ formaldehyde နဲ့ toluene တို့ပါဝင်ရင် လက်သည်းကျိုးပဲ့စေ၊ ကွဲထွက်စေတဲ့အတွက် လုံးဝမသုံးသင့်ပါဘူး။

(၁၄) လက်သည်းအရှည်ထက် ကျန်းမာရေးကို ပိုအလေးထားပါ

လက်သည်းရှည်ရှည်ချွန်ချွန်တွေက လှပေမယ့် တချို့အလုပ်အကိုင်တွေနဲ့ မသင့်တော်သလို ကျန်းမာရေးအတွက်ပါ ထိခိုက်မှုဖြစ်စေတတ်ပါတယ်။ ဒါကို သတိထားရပါမယ်။

(၁၅) လက်သည်းအတွက် ဆော်ဒါမှုန့်သုံးပါ

လက်သည်းဆိုတာ တစ်ကိုယ်လုံးမှာ ဖန်းဂတ်စ်မှိုပေါက်ဖွားမှု အများဆုံးနေရာဖြစ်တဲ့အတွက် ဆော်ဒါမှုန့်ကို သွားတိုက်တံမှာတို့ပြီး လက်သည်းတွေကို ပွတ်တိုက်တဲ့နည်းနဲ့ သန့်စင်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top