Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်မိခင် ပက်လက်အိပ်ရင် နောက်ဆက်တွဲဘာဖြစ်တတ်ပါသလဲ . . .

—၊ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကိုယ်ဝန်လရင့်ချိန် ပက်လက်မအိပ်သင့်ဘူးလို့ သိရပါတယ်။ ကိုယ်ဝန်လရင့်ချိန် ပက်လက်အိပ်ရင် နောက်ဆက်တွဲ ဘာဖြစ်တတ်ပါသလဲ ဆရာ။

A. ကိုယ်ဝန်ဆောင်မိခင်တွေမှာ အိပ်တဲ့ပုံစံအနေအထားက အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ်ဝန်လရင့်လာတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်မိခင်က ပက်လက်အနေအထားနဲ့အိပ်ရင် အမေရော ကလေးပါ ထိခိုက်နိုင်ပါတယ်။

အမေက ဘာထိခိုက်မလဲဆိုတော့ ကိုယ်ဝန်လရင့်လာတဲ့အခါ သားအိမ်က အကြီးကြီးဖြစ်လာပြီးတော့ ပက်လက်လည်း အိပ်လိုက်ရော၊ အဆုတ်ကြီးကို သွားဖိပစ်လိုက်တာ။ အဲဒီတော့ အဆုတ်က အသက်ရှူတဲ့အခါ ကောင်းကောင်းပွလာလို့ မရတော့ဘူး။ အသက်ရှူကျပ်တတ်ပါတယ်။ နောက်တစ်ခုက ဘာဖြစ်တတ်သလဲဆိုတော့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ သားအိမ်ကြီးက အကြီးကြီးပဲ၊ အလေးကြီးဆိုတော့ ပက်လက်အိပ်တဲ့အခါ အောက်ကနေ သွေးတက်လာတဲ့ သွေးပြန်ကြောတွေရှိတယ်။ ခြေထောက်နဲ့ အောက်ပိုင်းတစ်ခုလုံးကလာတဲ့ သွေးပြန်ကြောကို သွားဖိလိုက်တယ်။ အဲဒီလိုဖိလိုက်တဲ့အခါ နှလုံးထဲကိုဝင်လာမယ့် သွေးတွေကို ဖိလိုက်တော့ နှလုံးထဲကိုဝင်တဲ့ သွေးက နည်းသွားတယ်၊ နည်းသွားတော့ နှလုံးထဲက ပြန်ထွက်တဲ့သွေးကလည်း နည်းသွားတယ်။ အဲဒီတော့ ကလေးဆီကိုရောက်တဲ့ သွေးကလည်း နည်းသွားတတ်တယ်။ အဲဒီအချိန်မှာ အမေက ရုတ်တရက်ထလိုက်တာမျိုး လုပ်လိုက်ရင် မူးလဲသွားတတ်ပါတယ်။

“ကိုယ်ဝန်ဆောင်မိခင်တွေမှာ အိပ်တဲ့ပုံစံအနေအထားက အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ်ဝန်လရင့်လာတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်မိခင်က ပက်လက်အနေအထားနဲ့အိပ်ရင် အမေရောကလေးပါ ထိခိုက်နိုင်ပါတယ်။”

ကလေးဆီကို သွေးရောက်တာနည်းသွားတဲ့အတွက် ကလေးမှာလည်း အန္တရာယ်ရှိတယ်၊ အထူးသဖြင့် အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေကို လရင့်လာရင် အိပ်တဲ့အခါ ပက်လက်ကြီးမအိပ်ပါနဲ့၊ တစ်ဖက်ဖက်ကိုစောင်းပြီး အိပ်ရမယ်၊ ခေါင်းအုံးလေးကို နည်းနည်းမြှင့်ပြီး အိပ်ရမယ်လို့ ပြောလေ့ရှိပါတယ်။ အဲဒီတော့ ကိုယ်ဝန်လရင့်မှ စောင်းအိပ်ရမှာလားဆိုတော့ ဆရာတို့က ဘယ်လိုတောင် အကြံပေးလေ့ရှိသလဲဆိုတော့ ကိုယ်ဝန်လနုကတည်းက စောင်းအိပ်တဲ့အကျင့်ဖြစ်အောင် ကျင့်ပြီး အိပ်ထားပါလို့ ပြောလေ့ရှိပါတယ်။

တချို့မိခင်တွေက ပက်လက်အိပ်မှ အိပ်တတ်တဲ့အကျင့် ရှိသူတွေရှိတယ်။ ပက်လက်အိပ်မှ အိပ်ပျော်တယ်၊ စောင်းအိပ်ရင် အိပ်လို့မပျော်တော့ဘူးဆိုတဲ့ အကျင့်ရှိသူတွေကျတော့ ကိုယ်ဝန်လရင့်တဲ့အခါကျမှ စောင်းအိပ်လို့မရဖြစ်ရင် ဒုက္ခရောက်တတ်ပါတယ်။ ဒါတွေက အလေ့အကျင့်ပါပဲ။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်လနုကတည်းက ဟိုဘက်ဒီဘက်စောင်းပြီး အိပ်တဲ့ အလေ့အကျင့်လေးဖြစ်အောင် လုပ်ပြီး အိပ်ပေးသင့်ပါတယ်။ မွေးခါနီးကျမှ ပက်လက်အိပ်နေကျ မိခင်ကို စောင်းအိပ်ပါလို့ပြောရင် မအိပ်တတ်တော့ဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ အိပ်တဲ့ပုံစံကလည်း အရမ်းအရေးကြီးတယ်လို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top