Healthy Life Ad
Health Tips

“ဂနာမငြိမ်သော ခြေထောက်”

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

(အမှာစာ – အိပ်စက်ခြင်းဆေးပညာပါရဂူ ပါမောက္ခဒေါက်တာ Meir Kryger ရေးသားထုတ်ဝေထားတဲ့ ” The Mystery of The Sleep” စာအုပ်ကို စာရေးသူရရှိပါတယ်။ အဲဒီစာအုပ် အခန်း (၁၁)မှာ ရေးသားဖော်ပြထားတဲ့ “ဂနာမငြိမ် ခြေထောက်ရောဂါ”( Restless Legs Syndrome)ကို အကျဉ်းချုံးပြီး တင်ပြလိုက်ပါတယ်။)

ဆေးရုံစားသောက်ဆိုင်မှာ နေ့လယ်စာစားနေစဉ် ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ဦးနဲ့ စကားလက်ဆုံကျနေပါတယ်။ စကားစပ်မိလို့ ကျွန်တော့်မိတ်ဆွေက သူ့ဇနီးအအိပ်ကြမ်းတဲ့ အကြောင်းကို ပြောတယ်။ “ကျွန်တော့်အမျိုးသမီး ညဘက်မှာ ချက်ချင်းအိပ်မပျော်တာ နှစ်ပေါင်း ၂၀ လောက်ရှိပြီ။ အဲဒါ ခင်ဗျားဆေးခန်းမှာ စမ်းသပ်ကြည့်ရင် ကောင်းမလားလို့”

“ဘယ်လို အိပ်မပျော်တာလဲ”

“အိပ်ဖို့ပြင်လိုက်ရင် ခြေထောက်ထဲမှာ ရွစိစိ ခံစားရသလိုရှိပြီး ခြေထောက်ကို လှုပ်ရမ်းချင်စိတ် ပေါက်လာတယ်။ ခြေထောက်ကို အကြိမ်ကြိမ် လှုပ်ခါပေးရတယ်။ ဘယ်ဘက်ပြောင်းအိပ်လိုက်၊ ညာဘက်ပြောင်းအိပ်လိုက်နဲ့ လူကလူးလွန့်နေတယ်။ အဲဒီလိုလုပ်လို့ မသက်သာရင် အိပ်ရာကထပြီး အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်မှ ကျေနပ်သွားတယ်။ အိပ်ပျော်သွားရင်လည်း ငြိမ်ငြိမ်မအိပ်ဘူး။ ခြေထောက်က ဟိုကန်ဒီကန်နဲ့။ နောက်ပြီး မကြာခဏ နိုးလာတတ်တယ်။ ဒါကြောင့် အခု ကျွန်တော်တို့ ကုတင်ခွဲပြီး အိပ်နေရတယ်”

“ခင်ဗျားအမျိုးသမီးကို ဆေးစစ်ဖို့ လိုမယ်ထင်တယ်။ “ဂနာမငြိမ် ခြေထောက်ရောဂါ”( Rest-less Legs Syndrome) ဖြစ်နိုင်ပါတယ်”

ကျွန်တော့်မိတ်ဆွေရဲ့ ဇနီးကို ကျွန်တော်ကြီးကြပ်တဲ့ “အိပ်စက်ခြင်း ကျန်းမာရေးဆေးခန်း” (Sleep Clinic) မှာ စစ်ဆေးပေးဖြစ်တယ်။

ဂနာမငြိမ်ခြေထောက်ရောဂါ (RLS)မှာ ညဘက်တွေ့ရှိရတဲ့ လက္ခဏာနဲ့ နေ့အချိန်တွေ့ရှိရတဲ့ လက္ခဏာတွေ ရှိပါတယ်။

(၁) ညဘက်အိပ်ချိန်မှာ ခံစားရတဲ့ ရောဂါလက္ခဏာတွေကို ပြောပြမယ်။

“အိပ်ဖို့ပြင်လိုက်ရင် ခြေထောက်ထဲမှာ ရွစိစိခံစားရသလိုရှိပြီး ခြေထောက်ကို လှုပ်ရမ်းချင်စိတ် ပေါက်လာတယ်။ ခြေထောက်ကို အကြိမ်ကြိမ် လှုပ်ခါပေးရတယ်။ ဘယ်ဘက်ပြောင်းအိပ်လိုက်၊ ညာဘက်ပြောင်းအိပ်လိုက်နဲ့ လူက လူးလွန့်နေတယ်။ အဲဒီလိုလုပ်လို့ မသက်သာရင်” . . .

(က) အိပ်ဖို့ လဲလျောင်းလိုက်ရင် ခြေထောက်ထဲမှာ ပူလောင်သလို၊ ယားယံသလို၊ အင်းဆက်ပိုးမွှားတွေ အရေပြားအောက်မှာ တွားသွားနေသလို ခံစားရတယ်။ အဲဒီလို ခံစားလာရရင် မနေနိုင်၊ မထိုင်နိုင်ဖြစ်ပြီး ခြေထောက်တွေကို အရမ်းကြီး လှုပ်ခါပစ်ချင်စိတ် ပေါ်ပေါက်လာတယ်။ ကျွန်တော့်မိတ်ဆွေရဲ့ ဇနီးကတော့ အဲဒီလို ခံစားနေရတာကို “အရူးအမူးခြေထောက်”လို့ တင်စားပြောတယ်။

(ခ) ခြေထောက်ကို ကန်ကျောက်လှုပ်ရှားလိုက်ရင် ဒါမှမဟုတ် အိပ်ရာကထပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်ရင် အဲဒီလို မအီမသာ ခံစားနေရတာက သက်သာသွားပါတယ်။ ကျွန်တော့်မိတ်ဆွေရဲ့ ဇနီးကတော့ မျက်နှာသုတ်ပဝါ ရေဆွတ်ပြီး ခြေထောက်ပေါ်မှာ တင်ထားရင်လည်း သက်သာတယ်လို့ ပြောပါတယ်။

(ဂ) RLS ရောဂါရှိသူ ၇၅ ရာခိုင်နှုန်းက အိပ်ပျော်သွားရင်လည်း ငြိမ်ငြိမ်သက်သက် အိပ်လေ့မရှိဘူး။ အိပ်နေရင်း ငါးရံ့ပြာလူးသလို ထွန့်ထွန့်လူးနေတတ်တယ်။ တချို့ကတော့ ခြေထောက်တွေက စက်ဘီးစီးနင်းနေသလို လှုပ်ရှားနေတာ တွေ့ရတယ်။ တချို့ကတော့ ခြေချောင်းလေးတွေပဲ လှုပ်ရှားနေတတ်တယ်။ အိပ်စက်ခြင်းအခြေအနေကို တစ်ညလုံးစမ်းသပ်တဲ့ Polysonogram နဲ့ စစ်ဆေးကြည့်ရင် ခြေသလုံးနဲ့ ညှို့သကျည်းကြွက်သား တုန်ခါနေတာကို တွေ့ရှိရတယ်။ ကျွန်တော့်မိတ်ဆွေရဲ့ ဇနီးက အိပ်ရာနိုးလာရင် ခြေသလုံးကြွက်သားတွေ ကြွက်တက်နေသလို ခံစားရတယ်လို့ ပြောပြတယ်။

(ဃ) လူနာက အိပ်ရာဝင်စမှာ ဂနာမငြိမ်ဖြစ်တာနဲ့ သူအိပ်ပျော်သွားရင်လည်း လှုပ်ရှားမှုများလွန်းတာကြောင့် ဘေးက အိပ်နေတဲ့လူကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်တော့်မိတ်ဆွေ အပါအဝင် RLS ရောဂါရှင်ရဲ့ ခင်ပွန်း ဒါမှမဟုတ် ဇနီးတွေက အိပ်ရာခွဲပြီး အိပ်ရတဲ့အဖြစ် ရောက်ကြပါတယ်။

(င) RLS ရောဂါရှိသူက အိပ်ပျော်နေစဉ် ချွေးထွက်များလာလည်း ရှိပါတယ်။

(၂) နေ့အချိန်မှာ ခံစားရတဲ့ RLS ရောဂါလက္ခဏာတွေကို ဆက်လက်ဖော်ပြမယ်။

(က) ထိုင်နေတဲ့အချိန်၊ လဲလျောင်းနေတဲ့အချိန်မှာ ခြေထောက်ထဲမှာ ယားကျိကျိ ခံစားလာရလို့ ခြေထောက်ကို လှုပ်ရမ်းပေးခြင်း၊ ထိုင်ရာမှထပြီး ခပ်သွက်သွက်သွက် လမ်းလျှောက်ရခြင်းတို့ကို တွေ့ရှိရတယ်။ ကျွန်တော့်မိတ်ဆွေရဲ့ ဇနီးက သူ့အဖြစ်အပျက်ကို ပြောပြတယ်။ “ကားစီးရင် ကြာကြာထိုင်နေလို့ မရဘူး။ ကျွန်မအမျိုးသားကို ကားရပ်ခိုင်းပြီး လူသွားလမ်းပေါ်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရတာမျိုး ရှိပါတယ်”တဲ့။

(ခ) RLS ရောဂါရှိရင် နေ့အချိန်မှာ အိပ်ငိုက်တတ်ပါတယ်။ မအိပ်သင့်တဲ့အချိန်၊ မအိပ်သင့်တဲ့ ပတ်ဝန်းကျင်မှာ ထိန်းမနိုင်သိမ်းမရ အိပ်ပျော်သွားတတ်တာတွေ့ ရှိရတယ်။ အိပ်ငိုက်ရောဂါ (Narcolepsy)နဲ့ ခွဲခြားသိဖို့တော့ လိုအပ်တယ်။

ကျွန်တော့်မိတ်ဆွေရဲ့ဇနီး ရောဂါကို ဆွေးနွေးဖို့ သူတို့ဇနီးမောင်နှံနဲ့ တွေ့ဆုံပါတယ်။

“ဒေါက်တာကတော်ရဲ့ ရောဂါက ဂနာမငြိမ် ခြေထောက်ရောဂါ (RLS)လို့ ကျွန်တော်သတ်မှတ်နိုင်တယ်။ ဒီလိုဖြစ်နေတာ ခင်ဗျားတို့ မရိပ်မိဘူးလား”

တစ်ယောက်မျက်နှာကို တစ်ယောက် အတန်ကြာစိုက်ကြည့်နေကြပြီး ကျွန်တော့်မိတ်ဆွေကပြောတယ်။

“သူအိပ်မပျော်တာက ကလေးကိစ္စ၊ အိမ်မှုကိစ္စ၊ အလုပ်ကိစ္စတွေကြောင့် စိတ်ဖိစီးမှုဖြစ်တာပဲလို့ ကျွန်တော်ယူဆတယ်။ ဒါကြောင့် တစ်ခါတစ်ရံ အိပ်ဆေးတိုက်တယ်”

ကျွန်တော့်မိတ်ဆွေရဲ့ ဇနီးက ဖြည့်စွက်ဖြေကြားတယ်။

“အအိပ်ကြမ်းတာက ကျွန်မရဲ့ အကျင့်ပဲလို့ ယူဆထားကြလို့ပါ”

“ဖြစ်တတ်ပါတယ်။ အထွေထွေရောဂါကုဆေးခန်းကို လာရောက်ကုသတဲ့ လူနာတွေထဲမှာ RLS ရောဂါခံစားနေရသူ ၁၅ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒါပေမဲ့ ဒီရောဂါကို ဆရာဝန်တိုင်းက သတိမထားမိကြပါဘူး”

ကျွန်တော့်မိတ်ဆွေရဲ့ ဇနီးက ကြားဖြတ်မေးတယ်။

” RLS ရောဂါက လူထုထဲမှာ ဖြစ်ပွားတာများလို့လား”

“ကလေးလူငယ်တွေထဲမှာ RLS ရောဂါ ဖြစ်ပွားမှုနှုန်းက ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းရှိတယ်။ အရွယ်ရောက်သူတွေထဲမှာ ၁၀ ရာခိုင်နှုန်း ဖြစ်ပွားမှုရှိတယ်။ အသက် ၈၀ ကျော် သက်ကြီးရွယ်အိုတွေထဲမှာ ၁၉ ရာခိုင်နှုန်းအထိ ဖြစ်ပွားတာတွေ့ ရှိရတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေထဲမှာ RLS ရောဂါဖြစ်ပွားမှုနှုန်းက ၁၀ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။ ကိုယ်ဝန်ရင့်ချိန်မှာ ပိုမိုတွေ့ရှိရတယ်”

ကျွန်တော့်မိတ်ဆွေရဲ့ဇနီးက ခေတ္တစဉ်းစားပြီး ပြောတယ်။

“အိပ်ချိန်မှာ ခြေလက်ဂနာမငြိမ် စဖြစ်တာက ပထမကိုယ်ဝန်ရှိစဉ်ကလို့ ထင်ပါတယ်”

“မီးယပ်သွေးဆင်းတာများတဲ့ အမျိုးသမီးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သံဓာတ်ချို့တဲ့မှု (Iron Deficiency)ရှိတတ်ပါတယ်။ အဲဒါကြောင့် ဖြစ်တယ်လို့ ယူဆတယ်”

“ဂနာမငြိမ် ခြေထောက်ရောဂါ RLS လူနာ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းက မျိုးရိုးလိုက်ပြီး ဖြစ်တတ်ပါတယ်။ RLS ၁-၅ လို့ခေါ်တဲ့ ဗီဇမျိုးစေ့အသွင် ပြောင်းလဲမှုနဲ့ သက်ဆိုင်ပါတယ်။ သံဓာတ်ချို့တဲ့တာအပြင် တခြားကိုယ်ခန္ဓာရောဂါတွေကြောင့် RLS ရောဂါရနိုင်တယ်။ ဖောလစ်အက်စစ်ဓာတ်၊ ဗီတာမင် ဘီ- ၁၂ ဓာတ်ချို့တဲ့ခြင်း၊ ကျောက်ကပ်အင်္ဂါကျဆုံးရောဂါ၊ ထုံနာကျဉ်နာအာရုံကြောရောဂါ၊ ဆီးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်းအင်္ဂါရောဂါ၊ အဆစ်ရောင် အဆစ်ကိုက်ရောဂါ (Rheumatoid Arthritis) စတဲ့ရောဂါတွေပါ။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် RLS ရောဂါလက္ခဏာ ဖြစ်ပေါ်လာစေတဲ့ နောက်ဆုံးတရားခံကတော့ ဦးနှောက်အင်္ဂါပိုင်းတစ်ခု (Substantia Nigra)မှာ ဒိုပါမင်း (Dopamine) ဓာတ်အာနိသင် လျော့နည်းလို့ပါပဲ”

ကျွန်တော့်မိတ်ဆွေရဲ့ဇနီးက ဂနာမငြိမ် ခြေထောက်ရောဂါ (RLS) ကုသမှုကို သိချင်ပါတယ်။

RLS ရောဂါဖြစ်ပွားစေနိုင်တဲ့ ခန္ဓာကိုယ်ရောဂါတွေကို ရှိ၊ မရှိ ရှာဖွေကုသပေးရမယ်။ အထူးသဖြင့် ခန္ဓာကိုယ်ထဲမှာ သံဓာတ်ချို့တဲ့မှု ရှိ၊ မရှိ စစ်ဆေးရမယ်။ သံဓာတ်တစ်မျိုးဖြစ်တဲ့ Ferritin ပမာဏ တိုင်းတာဖို့ သွေးစစ်ရမယ်။ Ferritin ပမာဏ ၅၀ ug/L ထက် နည်းနေရင် သံဓာတ်ပါတဲ့ ဆေးလုံးစားရမယ်။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ကော်ဖီသောက်တာ စတဲ့ အကျင့်ရှိရင် ရှောင်ရမယ်။ ဆွဲဆန့်ကျဉ်းချုံ့နိုင်တဲ့ ခြေအိတ်ရှည် (Compression Stocking)ဝတ်ထားရင် ခြေထောက်ဂနာမငြိမ်တာ သက်သာနိုင်တယ်။ ရောဂါအခြေအနေ မဆိုးရွားရင် ဘိန်းအနွယ်ဝင် အကိုက်အခဲပျောက်ဆေး (Codeine)၊ စိတ်ငြိမ်ဆေး (Clonazepam)၊ အတက်ရောဂါကုသဆေး (Gabapentin) စတဲ့ ဆေးတွေကို အချိန်တိုတို သုံးစွဲကြည့်နိုင်ပါတယ်။

အဲဒီနည်းတွေနဲ့ RLS ရောဂါမသက်သာရင် ဦးနှောက်ထဲမှာ ဒိုပါမင်းဓာတ်အာနိသင်ကို တိုးပွားစေတဲ့ဆေးကို အသုံးပြုပါတယ်။ နေ့စဉ် ရောဂါလက္ခဏာ မပြဘဲ ပြတ်တောင်းပြတ်တောင်း RLS ရောဂါရှိရင် Levodopa ဆေးကို စတင်အသုံးပြုတယ်။ နေ့စဉ် RLS ရောဂါခံစားနေရရင် Ropinirole၊ Pramipexole နဲ့ Pergolide စတဲ့ “ဒိုပါမင်း မိတ်ဖက်ဆေး” တွေကို အသုံးပြုပါတယ်။

“ကျွန်တော့်မိတ်ဆွေရဲ့ ဇနီးကို သွေးစစ်ကြည့်တော့ သံဓာတ်ချို့တဲ့နေတာ တွေ့ရှိရတယ်။ “သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ”( Iron Deficiency Anaemia) ရှိနေတယ်။ သံဓာတ်ဆေးလုံးကို သုံးလကျော်လောက် စားသုံးလိုက်တော့ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဂနာမငြိမ်ခြေထောက်ရောဂါ လုံးဝပျောက်ကင်းသွားတယ်”

Most Popular

Healthy Life Ad
To Top